အမေရိကန်သမ္မတ၏ ယာဉ်တန်းတွင် Tesla ထုတ် Cybertruck တစ်စီး ပါဝင်လာ

  • 187 views

အမေရိကန်သမ္မတအဖြစ် ရွေးကောက်ပွဲအနိုင်ရရှိထားသူ ဒေါ်နယ်ထရမ့်သည် တက္ကဆပ်ပြည်နယ်ရှိ SpaceX ၏ ဒုံးကျည်ပစ်လွှတ်မှုသို့ သွားရောက်ခဲ့ရာတွင် သူ၏ ယာဉ်တန်း၌ ကားသစ်တစ်စင်းကို တွေ့ရှိခဲ့ကြသည်။

ဒေါ်နယ်ထရမ့်၏ ဆက်သွယ်ရေးဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး မာဂိုမာတင် (Margo Martin) က လူမှုကွန်ရက်တွင် တင်ခဲ့သော ဗွီဒီယိုဖိုင်၌ SpaceX ၏ Starship ဒုံးပျံလွှတ်တင်ရေးစခန်းအနီး တက္ကဆပ်ပြည်နယ်၊ Boca Chica တွင် သမ္မတ၏ ကားတန်း၌ Chevrolet များ၊ Ford ကားများအကြား Tesla Cybertruck တစ်စင်းရှိနေခဲ့သည်။

(သမ္မတ၏ ကားတန်းတွင် Cybertruck တစ်စင်းရှိနေသည်ကို တွေ့ရပုံ။ ဓာတ်ပုံ-Margo Martin)

အဆိုပါ Cybertruck နှင့် စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များကို Road & Track သတင်းဌာနက အမေရိကန် Secret Service အဖွဲ့သို့ မေးမြန်းရာတွင် ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

“လုံခြုံရေးအကြောင်းရပ်တွေကြောင့် Secret Service အနေနဲ့ ကျွန်တော်တို့ရဲ့ အကာအကွယ်ပေးမှု တာဝန်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်တွေ၊ နည်းလမ်းတွေအကြောင်း ပြောပြလို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ ယာဉ်တန်းတွေမှာ Secret Service နဲ့ အဖွဲ့အစည်းကမဟုတ်တဲ့ ယာဉ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီကားတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေ၊ ဧည့်သည်တော်တွေနဲ့ တခြား လုံခြုံရေးမိတ်ဖက်အဖွဲ့ဝင်တွေ အသုံးပြုကြပါတယ်” ဟု Secret Service အဖွဲ့၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက Road & Track သို့ ပြောသည်။

Road & Truck က ခန့်မှန်းသည်မှာမူ Cybertruck သည် Secret Service အဖွဲ့က အသုံးပြုခြင်းမဖြစ်နိုင်ဘဲ ဒေါ်နယ်ထရမ့်၏ မိတ်ဆွေတစ်ဦးဦး အသုံးပြုခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းသည်။

Tesla ၏ စီအီးအိုဖြစ်သူ Elon Musk က SpaceX တွင် ဒုံးပျံလွှတ်တင်မှုကို ကြည့်ရှုရန်အတွက် ဒေါ်နယ်ထရမ့်အား ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

သို့အတွက် Cybertruck ကို စီးသူမှာ Elon Musk ကိုယ်တိုင်လည်း ဖြစ်နိုင်ချေရှိသည်။

(ဓာတ်ပုံ-Sergio Flores-Getty Images)

Elon Musk သည် ဒေါ်နယ်ထရမ့် ပြန်လည်ရွေးကောက်ခံရရေးအတွက် အင်တိုက်အားတိုက် ကူညီခဲ့ရာ ၎င်း၏ ကိုယ်ပ်ိုင်ငွေ ဒေါ်လာ ၁၆ သန်းလှူဒါန်းခဲ့ပြီး မည်သည့်ပါတီ၏ အမာခံမှမဟုတ်သော ပြည်နယ်များတွင် အဓိက မဲဆွယ်စည်းရုံးပေးခဲ့သည်။

ယင်းနောက်ပိုင်းတွင် ထရမ့်က ရွေးကောက်ပွဲအနိုင်ရခဲ့ပြီးနောက် Elon Musk အား အစိုးရအဖွဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဌာန၏ ပူးတွဲအကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။

ထိုသို့ တရားဝင်ခန့်အပ်မှုအပြင် ထရမ့်နှင့်အတူ စင်မြင့်ပေါ်တွင် Elon Musk ကို အမြဲတွဲလျက် တွေ့မြင်လာရရာ ထရမ့်၏ လက်ရုံးများတွင် တစ်ဦးအပါအဝင်ဖြစ်လာသည်ဟု ဆိုနိုင်သည်။

ထရမ့်၏ ယာဉ်တန်းတွင် Cybertruck ကို ဆက်လက်မြင်တွေ့ရဖွယ်ရှိ၊ မရှိဆိုသည်ကိုမူ စောင့်ကြည့်ရန်သာ ရှိသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: A Tesla Cybertruck Joined the Presidential Motorcade (roadandtrack)

Photo Credit- Margo Martin