Honda က ပထမဆုံးထုတ်လုပ်သော Prologue လျှပ်စစ် SUV မှာ အမေရိက၏ အရောင်းရဆုံး EV များ စာရင်းတွင် ပါဝင်လာ

  • 302 views

Honda က ပထမဆုံးထုတ်လုပ်သော all-electric SUV ဖြစ်သည့် Honda Prologue မှာ ၂၀၂၄ ခုနှစ်၊ တတိယ ၃ လပတ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် ပဉ္ပမမြောက် အရောင်းရဆုံးလျှပ်စစ်ကားအဖြစ် ရပ်တည်နေသည်။

ယခုနှစ် တတိယ ၃ လပတ်အတွင်း Prologue သည် အမေရိကန်တွင် အစင်းရေ ၁၂၆၀၀ ရောင်းချခဲ့ရသည်။

Cox Automotive ၏ ဖော်ပြချက်အရ Prologue ထက် ရောင်းအားကောင်းသော ကားမော်ဒယ်များအနေဖြင့် Tesla ၏ Model Y, Model 3 နှင့် Cybertruck, Ford ၏ Mustang Mach-E တို့သာ ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သောနှစ်အထိ Honda သည် အမေရိကတွင် EV မော်ဒယ်တစ်ခုမှ ရောင်းချခဲ့ဖူးခြင်းမရှိရာ ယခုရောင်းအားမှာ အထင်ကြီးစရာ ဖြစ်သည်။

Prologue သည် ပြီးခဲ့သောလအတွင်း အစင်းရေ ၄၁၀၀ ရောင်းချခဲ့ရပြီး ပြိုင်ဘက်များစွာကို ကျော်တက်ခဲ့သည်။

ပြီးခဲ့သောလတွင်း Prologue ၏ ရောင်းအားမှာ Ford Mustang Mach-e ထက်သာလွန်ခဲ့သည်။ Mustang Mach-e ၏ ပြီးခဲ့သောလ ရောင်းအားမှာ အစင်းရေ ၃၃၁၃ ဖြစ်သည်။

ပြီးခဲ့သောနှစ်အတွင်း တစ်စင်းမှ ရောင်းချခဲ့ခြင်းမရှိသော်လည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ Honda Prologue က အမေရိကန်ပြည်တွင် အစင်းရေ ၁၈၃၀၉ စင်းရောင်းချထားရသည်။

၂၀၂၄ ခုနှစ်၊ မတ်လကမှ စတင်ဖြန့်ချိခဲ့ခြင်းဖြစ်ရာ ၇ လတာကာလသာ ရှိသေးချိန်တွင် ထိုမျှ ရောင်းချခဲ့ရခြင်း ဖြစ်သည်။

Prologue သည် GM ၏ Ultium ကို အခြေခံထားပြီး အားတစ်ကြိမ်သွင်းထားလျှင် ၂၉၆ မိုင် မောင်းနိုင်သည်။

Chevy, Cadillac နှင့် GMC မော်ဒယ်များ၏ Platform အတိုင်းအသုံးပြုထားသော်လည်း တမူကွဲထွက်နေစေရန် ပြောင်းလဲမွမ်းမံမှုအချို့ ပြုလုပ်ထားသည်။

(၂၀၂၄ မော်ဒယ် Honda Prologue Elite ။ ဓာတ်ပုံ-Honda)

Prologue တွင်  built-in Google, AppleCar Play  နှင့်  Android Auto support  တို့ပါဝင်သည်။

((၂၀၂၄ မော်ဒယ် Honda Prologue မျိုးကွဲများနှင့် ဈေးနှုန်းများ))

EX (ရှေ့ယက်)- ၄၇၄၀၀ ဒေါ်လာ

EX (4WD) - ၅၀၄၀၀ ဒေါ်လာ

Touring (ရှေ့ယက်) - ၅၁၇၀၀ ဒေါ်လာ

Touring (4WD) - ၅၄၇၀၀ ဒေါ်လာ

Elite (4WD) - ၅၇၉၀၀ ဒေါ်လာ

၂၀၂၄ မော်ဒယ် Honda Prologue EX FWD မျိုးကွဲ၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၄၇၄၀၀ မှ စသည်။

EV ဝယ်ယူသူများကို အစိုးရက ဒေါ်လာ ၇၄၀၀ အခွန်လျှော့ပေါ့ခွင့်ပေးထားရာ Prologue EX ကို ဒေါ်လာ ၄၀၀၀၀ အောက်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Honda's first electric SUV is already a top-selling EV in the US — here's what's driving interest (cooldown)

Photo Credit Honda