- ပင်မစာမျက်နှာ
- ကားသတင်းများ
- အိန္ဒိယတွင် အငှားယာဉ်မောင်းရင်း လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမည့်သူ ရှာပုံတော်ဖွင့်သည့် ယာဉ်မောင်းတစ်ဦး
အိန္ဒိယတွင် အငှားယာဉ်မောင်းရင်း လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမည့်သူ ရှာပုံတော်ဖွင့်သည့် ယာဉ်မောင်းတစ်ဦး
- 101 views
အိန္ဒိယနိုင်ငံ၊ ဘင်္ဂလူရူ (ဘင်္ဂလောဟုလည်းခေါ်) မြို့သည် အိန္ဒိယ၏ ဆီလီကွန်တောင်ကြားဟု နာမည်ကြီးသည်။
ဘင်္ဂလူရူသည် တီထွင်မှု၊ စီးပွားရေးစွန့်စားမှုတို့ဖြင့် တိုက်ရိုက်ဆက်နွှယ်နေသည်။
အိပ်မက်တို့သည် ဒေါ်လာ ဘီလျံချီတန်ကြေးရှိ နည်းပညာကုမ္ပဏီများအဖြစ် တည်ရှိနေသော မြို့တစ်မြို့တွင် စက်တပ်ဆိုက္ကားတစ်စင်း စီးလျှင်ပင် business proposal တစ်ခုနှင့် ကြုံရနိုင်သည်မှာ အံ့အားသင့်ဖွယ် မရှိချေ။
ဘင်္ဂလူရူမြို့တွင် ဆင်မြူရယ် ခရစ္စတီးအမည်ရှိ ဘွဲ့ရယာဉ်မောင်းတစ်ဦးက သူ၏ လုပ်ငန်း idea အတွက် ရင်းနှီးမြှုပ်နှံမည့်သူ ရှာဖွေပုံ တမူထူးသည့်နည်းလမ်းမှာ လူမှုကွန်ရက်တွင် နာမည်ကြီးနေသည်။
စက်တပ်လန်ချားမောင်းသူ ဆင်မြူရယ်သည် သူ၏ ယာဉ်မောင်းခုံနောက်ဘက်တွင် စာတစ်ခုကပ်ထားသည်။
သူ၏ စာတွင် ရေးသားထားသည်မှာ Hi passanger my name is samuel christy I’m a graduate who is looking to raise fund for my startup business idea if your interested please talk to me ဟု ဖြစ်သည်။
(မှတ်ချက်။ ဆင်မြူရယ် ရေးသားထားသည့် စာလုံးပေါင်းသတ်ပုံအတိုင်း ဖော်ပြထားခြင်း ဖြစ်ပါသည်)
ဆင်မြူရယ်ရေးသားထားသောစာ၏ ဆိုလိုရင်းမှာ မိမိ၏ အမည်မှာ ဆင်မြူရယ် ခရစ္စတီးဖြစ်ကြောင်း၊ ဘွဲ့ရတစ်ဦးဖြစ်ကြောင်း၊ မိမိထံတွင် စီးပွားရေးလုပ်ငန်းတစ်ခုအတွက် အကြံကောင်းရှိနေပြီး ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင် ရှာနေကြောင်း၊ စိတ်ဝင်စားပါက မိမိနှင့် ဆွေးနွေးပါရန် ရေးသားထားခြင်း ဖြစ်သည်။
ဆင်မြူရယ်၏အကြောင်း ပထမဆုံး စတင်ပျံ့နှံ့လာသည်မှာ Reddit လူမှုကွန်ရက်တွင် ဖြစ်သည်။
Reddit တွင် ဖော်ပြခဲ့သော ပို့စ်မှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ကြည့်ရှုသူများပြားခဲ့ကာ ဝင်ရောက်မှတ်ချက်ပြု ဆွေးနွေးသူလည်း များပြားခဲ့သည်။
လူမှုကွန်ရက်သုံးစွဲသူအချို့က ဆင်မြူရယ်၏ ဇွဲကောင်းပုံကို ထောက်ခံအားပေးကြပြီး ဘင်္ဂလူရူ၏ လုပ်ငန်းအမြင်ရှိသူ များပြားခြင်းကို ပြသနေသည့် သက်သေတစ်ခုဖြစ်ကြောင်း မှတ်ချက်ပြုကြသည်။
ဆင်မြူရယ်၏ စီးပွားရေးအကြံဉာဏ်ကို ပိုမိုသိရှိလိုကြောင်း မှတ်ချက်ပြုသူများလည်း ရှိသည်။
အချို့ကမူ ဘင်္ဂလူရူရှိ ယာဉ်မောင်းများတွင် လူလိမ်များရှိကြောင်း ပြောသည်။
တစ်ဦးက မှတ်ချက်ပြုသည်မှာ “ကြီးမားတဲ့ ကြိုးစားအားထုတ်မှုတစ်ခုလို့ မြင်ပါတယ်။ သူလုပ်နေတာ ကောင်းတဲ့အလုပ်တစ်ခုလို့ မျှော်လင့်ပါတယ်။ သူအောင်မြင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။
အချို့ကမူ ဆင်မြူရယ်၏ စာမှ သဒ္ဒါအမှားများကို ထောက်ပြသည်။
တစ်ဦးကမူ “တစုံတစ်ဦးအနေနဲ့ လုပ်ငန်းသစ်တစ်ခုလုပ်ဖို့ စိတ်ဝင်စားတယ်ဆိုရင် သူ့ရဲ့ အကြံဉာဏ်ကိုပဲ လေ့လာရမှာပါ။ သဒ္ဒါအမှားတွေကို လေ့လာရမှာ မဟုတ်ပါဘူး” ဟု မှတ်ချက်ပြုသည်။
တတိယတစ်ဦးက မှတ်ချက်ပြုသည်မှာ “တကယ်လို့ သူစိတ်ဝင်စားမယ်ဆိုရင် ကျွန်တော်သူ့ကို ငွေထောက်ပံ့ပေးနိုင်ပါတယ်” ဟု မှတ်ချက်ပြုသည်။
သံသယရှိသူတစ်ဦးကမူ “ဒါက လိမ်တာဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘင်္ဂလူရူမှာ အငှားလန်ချားသမားတွေဟာ အကြီးဆုံး လူလိမ်တွေပဲ။ ကျွန်တော့်ရုံးဘေးမှာ အငှားလန်ချားမောင်းတဲ့လူတစ်ယောက် ရှိခဲ့ဖူးတယ်။
သူက တစ်ယောက်ယောက်ရဲ့ JEE Advanced စာမေးပွဲ ရမှတ်စာရွက်ကို ပြပြီး အဲဒါသူ့သားရဲ့ ရမှတ်ဖြစ်ကြောင်း၊ သားကို တက္ကသိုလ်ပို့ဖို့ ငွေမရှိကြောင်း ပြောလေ့ရှိပါတယ်။ ကျွန်တော့်မိတ်ဆွေတွေဆီကတောင် အယောင်ဆောင်အလှူခံခဲ့ဖူးပါတယ်။ နောက်ပိုင်းကျတော့ သူလိုက်ပြနေတဲ့ ရမှတ်စာရွက်ရဲ့ ပိုင်ရှင်ကို ကျွန်တော်မိတ်ဆွေတစ်ယောက်ကသိတော့ အလိမ်ပေါ်သွားရော။ အဲဒီလူ အဖမ်းခံလိုက်ရပါတယ်” ဟု မှတ်ချက်ပေးသည်။
(မှတ်ချက်။ JEE Advanced မှာ အိန္ဒိယနည်းပညာတက္ကသိုလ်ဝင်ခွင့်ဖြစ်ပြီး ရူပဗေဒ၊ ဓာတုဗေဒနှင့် သင်္ချာဘာသာရပ်များ ဖြေဆိုရကာ အိန္ဒိယ၏ အခက်ခဲဆုံးစာမေးပွဲများတွင် ပါဝင်သည်)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Graduate' Auto Driver Pitching Startup IdeaTo Passengers Is A Peak Bengaluru Moment (news18)