BYD က ၁၀ သန်းမြောက် NEV ကို ထုတ်လုပ်ကာ ကမ္ဘာ့စံချိန်တင်

  • 267 views

တရုတ်ထိပ်သီး လျှပ်စစ်ကားထုတ်လုပ်သူ BYD မှာ ကြီးမားသည့် သမိုင်းမှတ်တိုင်တစ်ခုသို့ ထပ်မံရောက်ရှိခဲ့သည်။

ယခုရက်သတ္တပတ်အတွင်း အစင်းရေ ၁၀ သန်းမြောက် New Energy Vehicle (NEV) ကို ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ထိုမှတ်တိုင်ကို ရောက်သည့် ပထမဆုံး ကားထုတ်လုပ်သူဟူသော စံချိန်ကို ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

 

(NEV ဘာလဲ)

NEV ဟူသည်မှာ တရုတ်ပြည်တွင် သုံးသည့်အသုံးအနှုန်းဖြစ်ပြီး ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာအစား အခြားလောင်စာသုံးသည့် ယာဉ်များကို ရည်ညွှန်းခြင်းဖြစ်သည်။

အဓိကအားဖြင့် ဘက်ထရီလျှပ်စစ်ကားများ (BEVs)၊ လျှပ်စစ် hybrid ကားများ (PHEVs)နှင့် ဟိုက်ဒရိုဂျင် ကားများ (FCEVs) တို့ပါဝင်သည်။ အမေရိကန်တွင်မူ NEV ဟူသည်မှာ အမြင့်ဆုံးမြန်နှုန်း ၂၅ မိုင်ခန့်သာ မောင်းနိုင်သည့် အနီးဝန်းကျင်သွား လျှပ်စစ်ကားများကို ရည်ညွှန်းသည်။

BYD သည် NEV အစင်းရေ ၁ သန်းထုတ်လုပ်နိုင်ခဲ့ပြီး ၃ နှစ်သာ ကြာသေးချိန်တွင် ယခုမှတ်တိုင်သို့ ရောက်ရှိခဲ့ခြင်းလည်း ဖြစ်သည်။

၅ လဆက်တိုက် စံချိန်တင် ရောင်းအားကောင်းခဲ့ပြီးနောက် BYD သည် Ford ကဲ့သို့ ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်သူများကို အမှီလိုက်နိုင်ရန် နီးကပ်လာသည်။

အောက်တိုဘာလအတွင်း အစင်းရေ ၅၀၀၀၀၀ ကျော်အထိ ရောင်းချခဲ့ရရာ တစ်လအတွင်း အစင်းရေ ၅ သိန်းကျော် ပထမဆုံး ရောင်းချခဲ့ရခြင်းလည်း ဖြစ်သည်။

၂၀၂၄ ခုနှစ် ပထမ ၁၀ လတာအတွင်း BYD သည် NEV အစင်းရေ ၃ ဒသမ ၂၅ သန်းကျော် ရောင်းချခဲ့ရပြီး ယခင်နှစ်ထက် ၃၆ ရာခိုင်နှုန်း ရောင်းအားပိုကောင်းခဲ့သည်။

ထိုပမာဏအနက် အစင်းရေ ၁ ဒသမ ၃၆ သန်းမှာ လျှပ်စစ်ကား စစ်စစ်များ ဖြစ်သည်။

တရုတ်ပြည်တွင်းတွင် ပြိုင်ဆိုင်မှုနှင့် ဈေးနှုန်းစစ်ပွဲ ပြင်းထန်နေရာ BYD သည် ဈေးကွက်တိုးချဲ့ရေးအတွက် ပြည်ပဈေးကွက်များသို့ ခြေဆန့်လာသည်။

EV ထွန်းသစ်စ ဈေးကွက်ဖြစ်သော ထိုင်းနိုင်ငံတွင် BYD ၏ ပထမဆုံးစက်ရုံကို ဖွင့်လှစ်ခဲ့သည်။

ထို့အပြင် ဟန်ဂေရီ၊ ဘရာဇီး၊ ပါကစ္စတန်၊ တူရကီနှင့် မက္ကဆီကိုတို့တွင်လည်း BYD ၏ စက်ရုံများ မကြာမီ ဖွင့်လှစ်လာတော့မည် ဖြစ်သည်။

BYD က ဈေးကွက်သစ်များ ဆက်လက်ချဲ့ထွင်လျက်ရှိသည်နှင့်အမျှ ကမ္ဘာ့ကားလောက ဦးဆောင်သူများကို လျင်မြန်စွာ အမီလိုက်နေသည်။

BYD သည် ယခုနှစ် တတိယ ၃ လပတ် ရောင်းအားတွင် Nissan နှင့် Honda တို့ကို ပထမဆုံးအကြိမ် ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် တကမ္ဘာလုံး ကားရောင်းချမှုတွင် Ford ကို ဖြတ်ကျော်ရန် ခြေလှမ်းပြင်နေသည်။

(BYD ၏ အစင်းရေ ၁၀ သန်းမြောက်ကားကို ထုတ်လုပ်ရေးလိုင်းမှ ထွက်ရှိလာပုံ။ ဓာတ်ပုံ-BYD)

BYD က မိမိတို့ကုမ္ပဏီသည် အစင်းရေ ၁၀ သန်းမြောက် NEV ကားကို ထုတ်လုပ်နိုင်သည့် ပထမဆုံးကုမ္ပဏီဖြစ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

BYD တည်ထောင်မှု နှစ် ၃၀ ပြည့် နှစ်ပတ်လည်သို့ မရောက်မီ ယခုကဲ့သို့ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

BYD ကို ၁၉၉၅ ခုနှစ်တွင် ဝန်ထမ်း ၂၀ ဦးမျှဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင်မူ ဝန်ထမ်း ၉၀၀,၀၀၀ ကျော်ရှိနေပြီး ကမ္ဘာပေါ်တွင် ဝန်ထမ်းအများဆုံး ကားကုမ္ပဏီအဖြစ် ရပ်တည်နေသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD just nabbed another ‘world’s first’ milestone as record sales run heats up (electrek)

Photo Credit-BYD