• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ၂၀၂၄ တတိယ ၃ လပတ် ကမ္ဘာ့အရောင်းရဆုံး မော်တော်ကားထုတ်လုပ်သူ ထိပ်တန်းကုမ္ပဏီ ၁၀ ခုထဲတွင် တရုတ်ပြည်မှ ကားကုမ္ပဏီ ၂ ခု ပါဝင်လာ

၂၀၂၄ တတိယ ၃ လပတ် ကမ္ဘာ့အရောင်းရဆုံး မော်တော်ကားထုတ်လုပ်သူ ထိပ်တန်းကုမ္ပဏီ ၁၀ ခုထဲတွင် တရုတ်ပြည်မှ ကားကုမ္ပဏီ ၂ ခု ပါဝင်လာ

  • 454 views

၂၀၂၄ ခုနှစ်၊ တတိယ ၃ လပတ်အတွင်း ကမ္ဘာ့ကားရောင်းချရမှု ထိပ်တန်းရပ်တည်မှု အဆင့်နှင့် ပတ်သက်ပြီး သတင်းထူးတစ်ရပ် ရှိနေသည်။

ကမ္ဘာ့အရောင်းရဆုံး ထိပ်တန်း ကားကုမ္ပဏီ ၁၀ ခုထဲတွင် တရုတ်ပြည်မှ ကုမ္ပဏီ ၂ ခုအထိ ပါဝင်လာသည့် သတင်းဖြစ်သည်။

ဥရောပ၊ အမေရိကန်နှင့် ထွန်းသစ်စ ကားဈေးကွက်အများစုတွင် အခက်ကြုံနေသောကာလဖြစ်သော်လည်း ရည်မှန်းချက်ကြီးမားပြီး အင်တိုက်အားတိုက် ကားထုတ်လုပ်သူများရှိနေသော တရုတ်ပြည်မှာမူ ဆက်လက် တိုးတက်လျက်ရှိနေသည်။

ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမနေရာများတွင် ပုံမှန်တွေ့နေရသော ကားကုမ္ပဏီများ နေရာယူထားသည်။

Volkswagen group သည် တတိယ ၃ လပတ်အတွင်း အစင်းရေ ၂ ဒသမ ၁၈ သန်း ရောင်းချရကာ ဒုတိယနေရာတွင် ရပ်တည်နေသည်။ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင်မူ ၇ ဒသမ ၁ ရာခိုင်နှုန်း ရောင်းအားကျသည်။

Hyundai Motor ကုမ္ပဏီ (Kia ပါဝင်) သည် ရောင်းအား အစင်းရေ ၁ ဒသမ ၇၈ သန်းဖြင့် တတိယနေရာတွင် ဆက်လက်ရပ်တည်နေသည်။ ယခင်နှစ်အောက် ၂ ဒသမ ၆ ရာခိုင်နှုန်း ရောင်းအားကျသည်။

ထိုကုမ္ပဏီ ၂ ခုလုံး တရုတ်ပြည်တွင် ဝယ်လိုအား လားရာပြောင်းမှုဒဏ်ကို ခံရသည်။ တရုတ်ပြည်တွင် ပြည်တွင်း အမှတ်တံဆိပ်များကိုသာ လူကြိုက်များလာနေသည်။စတုတ္ထနှင့် ပဉ္စမနေရာများတွင် Stellantis နှင့် General Motors တို့က နေရာယူထားသည်။

((ဘယ်သူတွေ Ranking တက်လာလဲ))

၂၀၂၄ ခုနှစ် တတိယ ၃ လပတ်အတွင်း BYD သည် ကားအစင်းရေ ၁ ဒသမ ၁၃ သန်း ရောင်းချခဲ့ရပြီး ဆဋ္ဌမနေရာတွင် ရပ်တည်နေသည်။

BYD သည် ရောင်းအား ၃၈ ရာခိုင်နှုန်းအထိ အထင်ကြီးလောက်ဖွယ် မြင့်တက်လာခြင်း ဖြစ်သည်။ ထုတ်ကုန် စုံလင်များပြားမှုနှင့်အတူ ပြည်တွင်းတွင်သာမက ပြည်ပတွင်လည်း ဈေးကွက်ဝေစု မြင့်တက်လာခဲ့သည်။BYD ၏ ထုတ်ကုန်များတွင် လျှပ်စစ်ကားများသာမက လျှပ်စစ် hybrid ကားများလည်း ပါဝင်သည်။

လျှပ်စစ်ကား ရောင်းအားပမာဏတွင် ယခုနှစ် တတိယပတ်ကာလအတွင်း BYD သည် Tesla ၏ ရောင်းအားကိုမီရန် အစင်းရေ ၁၉၅၀၀ သာ လိုသည်။

(၂၀၂၃ တတိယ ၃ လပတ်နှင့် ၂၀၂၄ တတိယ ၃ လပတ် နှိုင်းယှဉ်မှု)

BYD ၏ တတိယ ၃ လပတ်ရောင်းအားမှာ အလွန်မြင့်မားလှသည်။ Stellantis (အစင်းရေ ၁ ဒသမ ၁၇ သန်း) ၊ GM (အစင်းရေ ၁ ဒသမ ၁၅ သန်း) တို့နှင့် ရောင်းအားအလွန်နီးကပ်သည်။

BYD သည် GM ကို လိုက်မီရန် အစင်းရေ ၁၂၁၀၈ သာ လိုအပ်ပြီး Ford ကို လိုက်မီရန် အစင်းရေ ၄၀၀၀၀ နီးပါးသာ လိုသည်။ ယခုအခြေအနေအတိုင်း ဆက်လက်ရောင်းအားကောင်းနေမည်ဆိုပါက ၂၀၂၅ နှစ်ကုန်ပိုင်းတွင် Honda, Ford နှင့် GM တို့ကိုပင် ဖြတ်ကျော်နိုင်ဖွယ် ရှိသည်။

အခြား အံ့ဖွယ်အချက်တစ်ခုမှာ Geely group (Volvo နှင့် Polestar တို့ပါဝင်) မှာ ထိပ်တန်းကုမ္ပဏီ ၁၀ ခု စာရင်းတွင် ပါဝင်လာခြင်း ဖြစ်သည်။ Geely ၏ ရောင်းအားမှာ အစင်းရေ ၈၁၁၈၀၀ ရှိခဲ့ပြီး Nissan နှင့် Suzuki တို့ကို ဖြတ်ကျော်ခဲ့သည်။

((၂၀၂၄ ခုနှစ် တတိယ ၃ လပတ် ကမ္ဘာ့အရောင်းရဆုံး ထိပ်တန်း ကုမ္ပဏီ ၁၀ ခု))

Toyota အစင်းရေ -2,736,904
Volkswagen Group 2,176,363
Hyundai Motor Company 1,777,300
Stellantis 1,174,000
General Motors 1,147,000
BYD 1,134,892
Ford 1,095,000
Honda 910,000
Geely 811,797
Nissan 809,00

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Two Chinese automakers have entered the world's Top 10 (motor1)