• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • တရုတ်ပြည်၊ ဟန်ကျိုးမြို့တွင် ကော်လံတိုင်လုံးကြီး ပိတ်ဆို့နေသော ကားပါကင်နေရာကို အမျိုးသားတစ်ဦးက ဈေးသက်သာစွာဖြင့် အရောင်းဈေးကွက်တင်လာ

တရုတ်ပြည်၊ ဟန်ကျိုးမြို့တွင် ကော်လံတိုင်လုံးကြီး ပိတ်ဆို့နေသော ကားပါကင်နေရာကို အမျိုးသားတစ်ဦးက ဈေးသက်သာစွာဖြင့် အရောင်းဈေးကွက်တင်လာ

  • 291 views

တရုတ်ပြည်၊ ဇီချန်ပြည်နယ်၊ ဟန်ကျိုးမြို့တွင် အိမ်ပိုင်ရှင်တစ်ဦးက သူ၏ အိမ်နီးချင်းမှာ ၎င်းတို့၏ လူနေအိမ်ရာရှိ ကားပါကင်နေရာကို ဈေးကွက်ပေါက်ဈေးအောက် အလွန်နည်းပါးသောဈေးနှုန်းဖြင့် အရောင်းဈေးကွက်တင်လာသည်ကို တွေ့ရှိခဲ့သည်။

အရောင်းဈေးကွက်တင်ထားသည့် ကားပါကင်နေရာကို လေ့လာကြည့်သောအခါ နံရံတစ်ခုနှင့် ကော်လံတိုင်ကြီးကြားတွင် တည်ရှိနေသည်ကို တွေ့ရရာ ကားပါကင်ထိုးရန် လွယ်ကူသည့် အနေအထား မဟုတ်ချေ။

ထိုအိမ်ရှင်က သူတွေ့ရှိခဲ့သည့် ကားပါကင်နေရာကို လူမှုကွန်ရက်တွင် မျှဝေခဲ့ကာ ထိုနေရာကို ဝယ်သင့်၊ မဝယ်သင့် အကြံတောင်းခဲ့သည်။


(ဓာတ်ပုံ-Tide News)


((ကန့်လန့်ဖြတ် အနေအထားသာ ကားရပ်နားနိုင်))

Sin Chew Daily သတင်းဌာန၏ ဖော်ပြချက်အရ လူမှုကွန်ရက်တွင် ပို့စ်တင်ခဲ့သော အိမ်ရှင်က ကားပါကင်နေရာတစ်ခု ဝယ်ယူလိုနေသောကြောင့် အိမ်နီးချင်းများထံ စုံစမ်းမှုများ ပြုလုပ်ခဲ့ရာမှတစ်ဆင့် ယခုကားပါကင်နေရာကို တွေ့ရှိလာခြင်း ဖြစ်သည်။

ယခုတွေ့ရှိသော ကားပါကင်နေရာမှာ ယွမ်ငွေ ၃၀၀၀၀ (စင်ကာပူဒေါ်လာ ၅၅၅၁) ဖြင့် ဈေးခေါ်ထားခြင်းဖြစ်ရာ ပုံမှန်ဈေးကွက်ပေါက်ဈေးအောက် များစွာသက်သာနေသည်။

သို့သော် ကားပါကင်နေရာကို တွေ့လိုက်ရချိန်တွင် အံ့သြမင်သက်သွားခဲ့သည်။ ကားပါကင် ဝင်ထွက်ပေါက် နေရာတွင် ကြီးမားသော တိုင်လုံးကြီးတစ်ခု ကာဆီးပိတ်ဆို့နေသည်။ ထို့ကြောင့် ကားကို ထောင့်ဖြတ် စွေစောင်းလျက်သာ ရပ်နားနိုင်မည် ဖြစ်သည်။

((လူမှုကွန်ရက်သုံးစွဲသူတို့ကလည်း တမူထူးသော ကားပါကင်နေရာများအကြောင်း မျှဝေကြ))
အိမ်ရှင်၏ ရေးသားဖော်ပြမှုမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး ဝေဖန်ဆွေးနွေးမှုများစွာ ပေါ်ပေါက်ခဲ့သည်။ လူမှုကွန်ရက်သုံးစွဲသူအချို့က မှတ်ချက်ပြုသည်မှာ အိမ်ရှင်အနေဖြင့် ယခုပါကင်နေရာနှင့် အံဝင်မည့်ကားရှိလျှင် (သို့မဟုတ်) ကပ်လျက်တွင်ရှိသော ပါကင်နေရာကို ဝယ်ယူနိုင်မှသာ ယခုနေရာကို ဝယ်သင့်ကြောင်း အကြံပြုကြသည်။

အချို့ကလည်း ၎င်းတို့ တွေ့ကြုံရသည့် ထူးခြားသော ပါကင်နေရာများအကြောင်း ပြောပြကြသည်။

တစ်ဦးက မှတ်ချက်ပြုသည်မှာ ကားပါကင်နေရာတစ်ခုကို အလွန်သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူခဲ့သော်လည်း အောက်ခြေမညီညာသည့်နေရာဖြစ်နေပြီး လှေကားထစ် ၂ ခုသဖွယ်ဖြစ်နေကြောင်း ဓာတ်ပုံနှင့်တကွ ပြောပြသည်။


(ဓာတ်ပုံ-Tide News)

အခြားတစ်ဦးက ပြောသည်မှာ ဘေးနှစ်ဘက်လုံးတွင် နံရံများ ရှိနေသည့် ကားပါကင်နေရာတစ်ခုနှင့် ကြုံဖူးကြောင်း၊ ကားပါကင်ထိုးရသည်မှာ လွယ်ကူသော်လည်း ကားပေါ်မှ ဆင်းရန်၊ တက်ရန် အခက်ကြုံရကြောင်း ပြောပြသည်။

 
(ဓာတ်ပုံ-Tide News)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Man in China selling parking spot for cheap, it’s wedged between wall & structural column (msn)
Photo Credit: Tide News