အမေရိကန်က ဘာကြောင့် ကမ္ဘာပေါ်မှာ ကားအက်ဆီးဒင့် အဖြစ်အများဆုံးနိုင်ငံ ဖြစ်နေတာလဲ

  • 3033 views


ကမ္ဘာ့နိုင်ငံများကို ယာဉ်ကြောအန္တရာယ်ကြောင့်သေဆုံးမှုစာရင်းလေ့လာရာတွင် တစ်နှစ်လျှင် လူဦးရေပမာဏအလိုက် နှုန်းထား၊ ယာဉ်အစီးရေအရ နှုန်းထားနှင့် မောင်းနှင်သည့်ခရီးအကွာအဝေးအရ နှုန်းထားတို့ဖြင့် ကောက်ယူလေ့လာလေ့ရှိသည်။

ဝင်ငွေနည်းပါးသောနိုင်ငံများနှင့် ဝင်ငွေအလယ်လတ်တန်းရှိသောနိုင်ငံများတွင် လမ်းပေါ်မှ သေဆုံးမှုများ၏ ၃ ပုံ ၁ ပုံကျော်မှာ ခြေလျင်သွားသူများနှင့် စက်ဘီးသမားများဖြစ်ကြသည်။

ဝင်ငွေနည်းပါးသောနိုင်ငံများနှင့် အလယ်လတ်တန်းနိုင်ငံများ၏ ၃၅ ရာခိုင်နှုန်းအောက်သာလျှင် လမ်းအသုံးပြုသူများကို အကာအကွယ်ပေးမည့် မူဝါဒများရှိကြသည်။

သို့သော် အံ့ဖွယ်ကောင်းသည်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ယာဉ်အန္တရာယ်ကြောင့် သေဆုံးသူ အများဆုံးနိုင်ငံများမှာ ချမ်းသာသောနိုင်ငံများဖြစ်နေခြင်း ဖြစ်သည်။

လမ်းအန္တရာယ်ဘေးကင်းမှု အနည်းဆုံနိုင်ငံမှာ ဆွီဒင်နှင့် ဒိန်းမတ်တို့ဖြစ်ပြီး လူတစ်သန်းလျှင် ၂၂ ဦး၊ ၂၇ ဦး သေဆုံးမှုနှုန်းသာ အသီးသီးရှိသည်။

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံထက်မဆို ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားသည့် နိုင်ငံဖြစ်ကြောင်း တရားဝင်မှတ်တမ်းမှတ်ရာများတွင် ဖော်ပြသည်။

အမေရိကန်သည် ယာဉ်တိုက်မှုများပြားသော ဂျပန်ထက်ပင် နှစ်စဉ် ကားအက်ဆီးဒင့် ဖြစ်ပွားမှု ၄ ဆပိုမို များပြားသည်။

တရားဝင်အချက်အလက်များအရ အမေရိကန်ပြည်ထောင်စုတွင် ၂၀၁၉ ခုနှစ်အတွင်း ယာဉ်တိုက်မှု ၁,၉၄၉,၀၀၀ ဖြစ်ပွားခဲ့ပြီး ယင်းနောက်တွင် ဂျပန်နိုင်ငံက ၃၈၁၀၀၀၊ ဂျာမနီက ၃၀၀၁၄၃ ဖြင့် အသီးသီး ရပ်တည်နေသည်။

၂၀၂၁ ခုနှစ်တွင် အမေရိကန်ပို့ဆောင်ရေးဌာနနှင့် ရဲတပ်ဖွဲ့တို့၏ ထုတ်ပြန်ချက်များအရ အမေရိကန်ပြည်တစ်ဝန်း ယာဉ်တိုက်မှု ၆,၁၀၂,၉၃၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားရာ တစ်မိနစ်လျှင် ယာဉ်တိုက်မှု ၁၁ ကြိမ်ဖြစ်ပွားနေခြင်း ဖြစ်သည်။
အမေရိကန်ပြည်သားတို့သည် မော်တော်ကားကို အလွန်ချစ်မြတ်နိုးသည့်နိုင်ငံဖြစ်ရာ ယာဉ်တိုက်မှု အများဆုံးအဖြစ် ထိပ်ဆုံးတွင် ရပ်တည်နေသည်မှာ အံ့အားသင့်ဖွယ် မရှိချေ။

၂၀၂၂ ခုနှစ်အချက်အလက်များအရ အမေရိကန်တွင် အိမ်စီးနှင့် လုပ်ငန်းသုံး ကားအစင်းရေ ၂၈၃,၄၀၀,၉၈၆  စင်း ရှိသည်ဟု ဆိုသည်။

အမေရိကန်ပြည်သားတို့သည် ကားအလွန်မောင်းကြသူများလည်းဖြစ်ပြီး ၂၀၂၁ ခုနှစ်အချက်အလက်များအရ အမေရိကန်ပြည်သူတို့၏ စုစုပေါင်း ကားမောင်းနှင်ခဲ့သည့်ခရီးမှာ ကီလိုမီတာပေါင်း ၅ ဒသမ ၁၉ ထရီလီယံ ရှိကြောင်း အမေရိကန် ပို့ဆောင်ရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ (ကီလိုမီတာ ၅ ဒသမ ၁၉ ထရီလီယံ= ၅,၁၉၀,၀၀၀,၀၀၀,၀၀၀  ကီလိုမီတာ)

နှိုင်းယှဉ်ချက်အားဖြင့် ကြည့်မည်ဆိုလျှင် ဂျပန်တွင် ၂၀၁၉ ခုနှစ်အတွင်း တစ်နိုင်ငံလုံး ကားမောင်းနှင်မှု ခရီးမှာ ကီလိုမီတာ ၇၄၄ ဘီလီယံသာ ရှိသည်။

အမေရိကန်သည် ကမ္ဘာပေါ်တွင် လမ်းကွန်ရက် အရှည်လျားဆုံးနိုင်ငံလည်းဖြစ်ပြီး အတိအကျဆိုရလျှင် စုစုပေါင်း လမ်းအလျား ကီလိုမီတာ ၆,၅၈၆,၆၁၀ ရှိသည်။
ယင်းအနက် ၄,၃၀၄,၇၁၅ ကီလိုမီတာမှာ လမ်းခင်းထားပြီးဖြစ်သော လမ်းများဖြစ်သည်။

လမ်းခင်းပြီးဖြစ်သော လမ်း၏ အလျားသည်ပင်လျှင် လကမ္ဘာသို့ အသွားအပြန်ခရီး အကွာအဝေးရှိပြီး ကမ္ဘာကြီးကို ၈၈ ကြိမ် ပတ်နိုင်သည့် အတိုင်းအတာလည်း ဖြစ်သည်။

((တရုတ်ပြည်နှင့် အိန္ဒိယနိုင်ငံတို့၏ ကားအက်ဆီးဒင့် အခြေအနေ))

တရုတ်ပြည် (သို့မဟုတ်) အိန္ဒိယနိုင်ငံတို့တွင် ကားအက်ဆီးဒင့်ဖြစ်ပွားမှု ပမာဏမှာ အမေရိကန်ထက် ပိုမိုများပြားနိုင်ကြောင်း အများက ယူဆကြသည်။

သို့သော် ယုံကြည်စိတ်ချရသော အချက်အလက်များ မရနိုင်ရာ ထိုအဖြေကို သိနိုင်ရန် ခက်သည်။

အမေရိကန်သည် ကမ္ဘာပေါ်တွင် ကားအစင်းရေ အများဆုံးရှိသည့် နိုင်ငံမဟုတ်တော့ချေ။

တရုတ်အစိုးရ၏ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ တရုတ်ပြည်တွင် မှတ်ပုံတင်ထားသော ကားအစင်းရေ ၄၁၅ သန်းရှိသည်ဟု ဆိုသည်။

အမေရိကန်ပြည်ရှိ မှတ်ပုံတင်ထားသော ကားအစင်းရေမှာ ၂၈၃ သန်း ဖြစ်သည်။

ထိုသို့ ကားအစင်းရေ အများဆုံးနိုင်ငံဖြစ်နေသော်လည်း ၂၀၁၀ နှင့် ၂၀၁၉ ခုနှစ်များအကြား ကားအက်ဆီးဒင့် ၂၁၂၅၉၉၄ ကြိမ်သာဖြစ်ပွားခဲ့ကြောင်း တရုတ်အစိုးရ၏ တရားဝင်သတင်းရင်းမြစ်များတွင် ဖော်ပြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကမူ တရုတ်အစိုးရ၏ ထုတ်ပြန်မှုများကို ငြင်းပယ်ထားပြီး အမှန်တကယ်ဖြစ်ပွားမှု ပမာဏမှာ ထိုထုတ်ပြန်ချက်ထက် ၄ ဆ ပိုမိုများပြားနိုင်ကြောင်း ခန့်မှန်းထားသည်။

အိန္ဒိယသည် ကမ္ဘာပေါ်တွင် ယာဉ်တိုက်မှုအမြင့်မားဆုံးနိုင်ငံများတွင် ပါဝင်ဖွယ်ရှိသော်လည်း သတင်းအချက်အလက်များ အတိအကျ မရနိုင်ချေ။

၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယတွင် ကားအက်ဆီးဒင့်များအတွင်း လူပေါင်း ၁၆၈၄၉၁ ဦး သေဆုံးခဲ့ပြီး ၄၄၃၀၀၀ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

အိန္ဒိယသည် ကမ္ဘာ့မော်တော်ကားအစင်းရေ၏ ၁ ရာခိုင်နှုန်းသာပိုင်ဆိုင်ထားသောနိုင်ငံဖြစ်သော်လည်း ယာဉ်တိုက်မှုများကြောင့် သေဆုံးမှုမှာမူ တစ်ကမ္ဘာလုံး သေဆုံးမှုပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့်အထိ ရှိနေသည်။

 

((ကားအက်ဆီးဒင့် ဖြစ်ပွားမှု အမြင့်မားဆုံး ၁၀ နိုင်ငံ))

၁။ အမေရိကန်ပြည်ထောင်စု
၂။ ဂျပန်
၃။ ဂျာမနီ
၄။ တူရကီ
၅။ အီတလီ
၆။ ဗြိတိန်
၇။ ကနေဒါ
၈။ စပိန်
၉။ ပြင်သစ်
၁၀။ ဘယ်လ်ဂျီယံ

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Which country has the most car accidents in the world? (drive)