ဘာလီကျွန်းက စိတ်ဝင်စားဖွယ် ကားနတ်ကွန်းအကြောင်း

  • 177 views

ဘုရားထောင်ချီကျွန်းဟု မကြာခဏ ရည်ညွှန်းခံရလေ့ရှိသော ဘာလီကျွန်းသည် ဘာသာရေးအထိမ်းအမှတ် အဆောက်အအုံများစွာရှိသောနေရာအဖြစ် လူသိများသည်။

အဆိုပါ ဘုရားကျောင်းများအနက် ပူရာ ပလွမ် (Pura Paluang) ဘုရားကျောင်းသည် ဘာလီကျွန်း၏ အထူးခြားဆုံးနှင့် စိတ်ဝင်စားဖွယ်အကောင်းဆုံး ဘုရားများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

ကားဘုရားဟု လူသိများသော ပူရာ ပလွမ်တွင် ကားပုံသဏ္ဍာန်ပုံဖော်ထားသော အရုပ်များက စိတ်ဝင်တစား လာရောက်လည်ပတ်သူများကို ကြိုလင့်နေသည်။

 

(ဓာတ်ပုံ-Hotels)

ပူရာ ပလွမ်သို့ သွားမည်ဆိုလျှင် ဘာလီကျွန်းအနီးရှိ Nusa Penida ကျွန်းသို့ သွားရမည် ဖြစ်သည်။

Penida ကျွန်းသည် မြေမျက်နှာပြင်ကြမ်းတမ်းသည်။

မြွေလိမ်မြွေကောက်လမ်းများ၊ သဲဆန်သော လမ်းများအတိုင်း သွားရမည်ဖြစ်သည်။
လမ်းကြမ်းသော်လည်း ထူးခြားသော ကားဘုရားကျောင်းက စူးစမ်းလိုသူတို့ကို အရောက်လာစေရန် ဆွဲဆောင်ထားသည်။

မော်တော်ဆိုင်ကယ်ဖြင့် မိနစ် ၄၀ ခန့် မောင်းနှင်ပြီးပါက ကားဘုရားဆီသို့ ရောက်ရှိမည် ဖြစ်သည်။

 

(လျှို့ဝှက်နက်နဲသော အံ့ဖွယ်များ))

ပူရာပလွမ်သည် စိမ်းလန်းသော တောအုပ်အလည်တွင် ရှိသောကြောင့် အေးချမ်းမှုကို ချက်ခြင်းခံစားရမည် ဖြစ်သည်။

ပူရာပလွမ်သို့ ရောက်သည်နှင့် ချက်ချင်းသတိပြုမိမည်မှာ ဘုရားဝန်းအတွင်း မြူးထူးဆော့ကစားနေသော မျောက်များဖြစ်သည်။

အဆိုပါမျောက်တို့သည် ကားဘုရား၏ အစောင့်အရှောက်များဖြစ်သည်ဟု ဒေသခံတို့က ယုံကြည်ကြသည်။

 

(ဓာတ်ပုံ-Bali)

 

((ကားပုံသဏ္ဍာန် နတ်ကွန်းများ))

ပူရာပလွမ်၏ စိတ်ဝင်စားဖွယ်အကောင်းဆုံး ဆွဲဆောင်မှုမှာ ကားပုံသဏ္ဍာန် နတ်ကွန်းဖြစ်သည်။

အဆိုပါ ကားနတ်ကွန်းသည် ကမ္ဘာ့တစ်ခုတည်းသော ကားပုံသဏ္ဍာန် နတ်ကွန်းဖြစ်ပြီး Jimmy နှင့် VW Beatle ကားများအသွင် ပုံဖော်ဆောက်လုပ်ထားသည်။

ကားနတ်ကွန်း ၂ ခုသည် ဒေသခံတို့ အစဉ်အဆက်ကိုးကွယ်ခဲ့သော Ida Bhatara Ratu Gede Ngurah နှင့် Hyang Mami (သို့မဟုတ်) သီဝနတ်တို့ကို ရည်စူးကာ ဆောက်လုပ်ထားခြင်း ဖြစ်သည်။

ကားများကို မူလက သစ်သားဖြင့် ဆောက်လုပ်ခဲ့သည်။ နောက်ပိုင်း ပြန်လည်ပြုပြင်မှုများ ပြုလုပ်ရာတွင် သဲကျောက်ကို အသုံးပြုကာ ဆောက်လုပ်ခဲ့၏။

သဲကျောက်မှာ သစ်သားထက် ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်သောကြောင့် မျိုးဆက်များစွာ လက်ဆင့်ကမ်း ထိန်းသိမ်းသွားနိုင်မည် ဖြစ်သည်။

(ဓာတ်ပုံ-fotocommunity)

 

((ကားနတ်ကွန်း၏ ဒဏ္ဍာရီ))

ပူရာပလွမ် ကားနတ်ကွန်း စတင်ပေါ်ပေါက်လာခြင်းမှာ စိုက်ပျိုးမြေ ရှင်းလင်းသည့် ကိစ္စမှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

မြေရှင်းစဉ်ကာလအတွင်း ကြီးမားသော ကျောက်တုံးကြီးတစ်တုံးကို လွတ်ကင်းရာသို့ ရွှေ့ပြောင်းခဲ့ကြသည်။

သို့သော် ကျောက်တုံးကြီးသည် နောက်နေ့တွင် မူလနေရာသို့ ပြန်လည်ရောက်ရှိနေသည်ကို အံ့အားသင့်ဖွယ် တွေ့ခဲ့ကြ၏။

ထိုနေ့ညတွင် ကားစက်သံများနှင့် ကားမီးများ မကြာခဏတွေ့ခဲ့ကြသည်။

ထိုသို့ ကားသံများ အုတ်အုတ်ကြက်ကြက် ကြားနေရသော်လည်း မည်သည့်ကားမှ မတွေ့ကြ။

ထိုဖြစ်ရပ်မှာ နတ်ဒေဝတာတို့က အသိပေးခြင်းဖြစ်သည်ဟု ယူဆကာ ထိုနေရာတွင် ပူရာပလွမ် ကားနတ်ကွန်းကို ဆောက်လုပ်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

 

(ဓာတ်ပုံ-Pinterest)

 

(ဓာတ်ပုံ- Wonderful Nusa Penida)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: The Enigmatic Charm of Pura Paluang: Bali's Peculiar Car Temple (whatsnewsindonesia)

Photo Credit:  Bali, Hotels, fotocommunity,pinterest