အော်ပရာဝင်းဖရေးက သူ၏ Oprah Winfrey Show သို့ တက်ရောက်လာသူ ၂၇၆ ဦးလုံးကို Chevrolet Pontiac တစ်စင်းစီ လက်ဆောင်ပေးခဲ့သည့် အံ့မခန်းဖြစ်ရပ်

  • 874 views

အော်ပရာဝင်းဖရေးသည် သူ၏ Oprah Winfrey Show ရုပ်သံအစီအစဉ် တင်ဆက်မှုအခမ်းအနားသို့ တက်ရောက်ခဲ့သူ အားလုံးကို ကားတစ်စင်းစီ လက်ဆောင်ပေးခဲ့ဖူးသည်။

ထိုသို့ လက်ဆောင်ပေးခဲ့အပြီး နှစ်ပေါင်း ၂၀ အကြာ ယခု ၂၀၂၄ ခုနှစ်တွင် အော်ပရာဝင်းဖရေးက ထိုနေ့က ဖြစ်ရပ်အကြောင်းကို People မဂ္ဂဇင်းကြီးသို့ ပြန်လည်ထုတ်ဖော်ပြောပြလာသည်။

ထိုဖြစ်ရပ်မှာ ရုပ်သံရာဇဝင်တွင် အကြီးမားဆုံးသော စတန့်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအခါ နှစ်ပေါင်း ၂၀ ပြည့်ခဲ့ပြီဖြစ်သည်။

ထို့နေ့က Oprah Winfrey Show သို့ တက်ရောက်လာသော ရာနှင့်ချီသည့် ပရိသတ်များကို Pontiac G6 ဆီဒင်ကားတစ်စင်းစီ လက်ဆောင်ပေးခဲ့သည်။

သို့သော် အခွန်မပါဝင်ဘဲ မိမိတို့ဘာသာ အခွန်ဆောင်ကြရသည်။

 

ထိုနေ့က ထုတ်လွှင့်သည့် Episode ကို စတင်ခဲ့ပုံမှာ အော်ပရာဝင်းဖရေးက ပရိသတ်ထဲမှ လူ ၁၁ ဦးကို ကျပန်းရွေးချယ်လိုက်ပြီး ထိုသူတို့ကို ကားတစ်စင်းစီ လက်ဆောင်ပေးခဲ့ရာ ပရိသတ်များ အံ့အားသင့်ခဲ့ကြသည်။

ယင်းနောက် ပရိသတ်အားလုံးကို ဘူးငယ်တစ်ခုစီ လိုက်လံဝေပေးခဲ့ပြီး၏။

ထိုသို့ ဘူးငယ်များ ဝေပေးပြီးနောက် အော်ပရာဝင်းဖရေးက ပရိသတ်များကို ပြောခဲ့သည်မှာ ဘူးငယ်လေးများထဲမှ တစ်ခုသောဘူးတွင် Pontiac G6 ကားသစ်တစ်စင်း၏ ကားသော့ပါကြောင်း၊ ထို့ကြောင့် ပရိသတ်များထဲမှ နောက်ထပ်တစ်ဦးမှာ ကားလက်ဆောင်ရသူ ၁၁ ဦးထဲသို့ ထပ်မံ ပါဝင်လာမည်ဖြစ်ရာ ကားလက်ဆောင်ရသူ ၁၂ ဦးရှိလာမည်ဖြစ်ကြောင်း ပြောခဲ့သည်။

People မဂ္ဂဇင်းကြီး၏ နှစ် ၅၀ ပြည့် အထူးထုတ်စာစောင်အတွက် အမှတ်တရအနေဖြင့် အော်ပရာဝင်းဖရေးက ပြောပြသည်မှာ “အဲဒီနေ့က ပရိသတ်ကို ကျွန်မပြောခဲ့တာက …ဘူးတွေကို လှုပ်မကြည့်ကြနဲ့နော်။ ဘာကြောင့်လဲဆိုတော့ လှုပ်ကြည့်လိုက်ရင် ကားသော့တွေ လှုပ်နေတဲ့အသံကို ကြားရမှာမို့လို့ပါ..လို့ ပြောခဲ့ပါတယ်” ဟု ဆိုသည်။

ထို့နောက် အော်ပရာဝင်းဖရေးက ပရိသတ်များကို ဘူးများ ဖွင့်ကြည့်ခိုင်းခဲ့ရာ ဘူးထဲတွင် ကားသော့များ လူတိုင်းရခဲ့ကြရာ ပရိသတ်အားလုံး အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။

မယုံနိုင်ဖွယ် အံ့မခန်းရုပ်သံအစီအစဉ်တစ်ခု ဖြစ်ခဲ့၏။

 

 

စင်စစ်ကား ထိုကားများ လက်ဆောင်ပေးခြင်းအတွက် အော်ပရာဝင်းဖရေး တစ်ပြားတစ်ချပ်မျှ ကုန်ကျခြင်း မရှိခဲ့ချေ။

ရုပ်သံဌာနက ကုန်ကျရခြင်းလည်း မဟုတ်။

Pontiac က marketing strategy အနေဖြင့် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

အော်ပရာဝင်းဖရေးက Pontiac ကားများ ကိုယ်စားဝယ်ယူပေးခဲ့ပြီး ထိုကားများအားလုံးအတွက် ကုန်ကျငွေကို Pontiac က ပေးခဲ့သည်။

သို့သော် ကားလက်ဆောင်ရသူအားလုံးမှာ ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရ၏။

၂၀၀၄ ခုနှစ်က Pontiac တစ်စင်း၏ ဈေးနှုန်းမှာ ဒေါ်လာ ၂၈၅၀၀ ဖြစ်ပြီး ထိုကားတန်ဖိုးအတွက် အစိုးရကို အခွန်ဆောင်ရခြင်း ဖြစ်သည်။

ယခုကဲ့သို့ ကားလက်ဆောင်ပေးခြင်းကို အစိုးရက ဝင်ငွေခွန်နည်းတူ gross income အဖြစ် သတ်မှတ်ထားခြင်းကြောင့် အခွန်ပေးဆောင်ကြရသည်။

Pontiac မှာ ယခုအခါ မထုတ်လုပ်တော့ချေ။ Pontiac ၏ မိခင်ကုမ္ပဏီဖြစ်သော General Mortors က ယခုလက်ဆောင်ပေးသောကားများအတွက် ပြည်နယ်အစိုးရကို အရောင်းခွန် ဒေါ်လာ ၁၈၀၀ ပေးသွင်းပြီး ဖြစ်သည်။

အမေရိကန်တွင် ထီပေါက်ခြင်း၊ ကားမဲပေါက်ခြင်းတို့အတွက် အခွန်ဆောင်ရသည်။

 

 

G6 ကားသစ်များ မဲပေါက်သူ ၂၇၆ ဦးမှာ မိမိတို့၏ ပြည်နယ်ဥပဒေအလိုက် ဒေါ်လာ ၆၀၀၀ ခန့်မှ ဒေါ်လာ ၇၀၀၀ ကြား အခွန်ဆောင်ရမည် ဖြစ်သည်။

ဒေါ်လာ ၂၈၅၀၀ တန် ကားသစ်တစ်စင်းကို ဒေါ်လာ ၆၀၀၀ ကုန်ကျရုံဖြင့် ပိုင်ဆိုင်နိုင်မည်မှာ ကံမကောင်းဟု မည်သို့ ဆိုနိုင်ပါမည်နည်း။

သို့သော် လက်ဆောင်ရသူ အချို့မှာ ဒေါ်လာ ထောင်နှင့်ချီကာ အခွန်ပေးဆောင်နိုင်မည့် ငွေကြေး အခြေအနေ မရှိချေ။

ထို့ကြောင့် အချို့သူများမှာ ကားကို ပြန်လည်ရောင်းချခဲ့ကြသည်။

အော်ပရာဝင်းဖရေး၏ အဖွဲ့က ထိုဖြစ်ရပ်မှ သင်ခန်းစာယူကာ နောင်အခါတွင်မူ ပရိသတ်များကို ချက်လက်မှတ်များသာ လက်ဆောင်အဖြစ် ပေးတော့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: That Time Oprah Gave 276 People Free Cars That Actually Cost Them $6,000 In Taxes (people)