ဗြိတိန်တွင် တစ်ပတ်ရစ် လျှပ်စစ်ကားများ စံချိန်တင် ရောင်းကောင်းနေပြီး စတင်ဈေးတက်စပြုနေ

  • 137 views

ဗြိတိန်တစ်ပတ်ရစ် လျှပ်စစ်ကားဈေးကွက်သို့ မော်ဒယ်မျိုးစုံ ဝင်ရောက်လာမှုနှင့်အတူ လျှပ်စစ်ကားများ ဝယ်ယူကြမှုမှာ စံချိန်တင်မြင့်တက်လျက်ရှိကြောင်း Daily Mail သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယခုနှစ် ဇူလိုင်မှ စက်တင်ဘာလအထိ တတိယ ၃ လပတ် ကာလအတွင်း EV အစင်းရေ ၅၃၄၂၃ စင်း လက်လွှဲလက်ပြောင်းဖြစ်ခဲ့ကြောင်း ကားထုတ်လုပ် ရောင်းချသူများအသင်း (SMMT) က အတည်ပြုသည်။

ထိုပမာဏမှာ နှစ်အလိုက်နှိုင်းယှဉ်မှုတွင် ၅၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ပြီး အရောင်းရဆုံး ၃ လပတ် ကာလအဖြစ် စံချိန်တင်ခဲ့သည်။

တစ်ပတ်ရစ်ကားတို့မှာ ဈေးနှုန်းလည်း မြင့်တက်လာနေကြောင်း ကားလောကကျွမ်းကျင်ပုဂ္ဂိုလ်တို့က ပြောသည်။

တစ်ပတ်ရစ် EV ဈေးကွက်မှာ ယခင်က အောက်ဆုံးတွင်သာ ရှိနေခဲ့သော်လည်း ယခုအခါတွင်မူ တစ်ပတ်ရစ် EV များ ဈေးတက်ကာ ဦးမော့လာနေကြောင်း၊ အခြားလောင်စာသုံးကားများမှာ အကျဘက်ရောက်နေကြောင်း ကျွမ်းကျင်ပညာရှင်တို့က တညီတညွှတ်တည်းပြောသည်။

 

(တစ်ပတ်ရစ် EV တို့မှာ စံချိန်တင် ရောင်းကောင်းနေသည်)

 

တစ်ပတ်ရစ် ကားဈေးကွက်တစ်ခုလုံးကို ခြုံကြည့်မည်ဆိုလျှင်မူ EV ပမာဏမှာ အလွန်နည်းပါးသေးသည်။

သို့သော် EV အရောင်းအဝယ်ဖြစ်မှုမှာ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့သည်။ အစင်းရေ ပမာဏအနေဖြင့်မူ ကားအစင်းရေ ၅၀ ခန့် လက်လွှဲလက်ပြောင်းဖြစ်တိုင်း EV ပါဝင်မှုမှာ ၂ စင်းသာ ရှိသည်။

တရားဝင်အချက်အလက်များအရ ၃ လပတ်ကာလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့သော တစ်ပတ်ရစ်ကား အားလုံးတွင် ၂ ဒသမ ၇ ရာခိုင်နှုန်းသာ လျှပ်စစ်ကားများ ဖြစ်သည်ဟု ဆိုသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလအချက်အလက်များအရ ဗြိတိန်တွင် အိမ်စီးကား စုစုပေါင်း အစင်းရေ ၃၄ သန်းရှိသည့်အနက် EV အစင်းရေပမာဏမှာ ၁ ဒသမ ၃ သန်းနီးပါး ဖြစ်သည်။

ဗြိတိန်တွင် အရောင်းအဝယ်ဖြစ်သော ကားများအနက် အများဆုံးမှာ တစ်ပတ်ရစ် ဓာတ်ဆီကားများဖြစ်ပြီး ယခုနှစ် ဇူလိုင်မှ စက်တင်ဘာလအကြား အစင်းရေ ၁ ဒသမ ၁၂ သန်း အရောင်းအဝယ်ဖြစ်ခဲ့သည်။

ပြီးခဲ့သော ဆယ်စုနှစ်အတွင်း ဒီဇယ်ကားသစ်များ ရောင်းချရမှု အလွန်ကျဆင်းခဲ့သော်လည်း တစ်ပတ်ရစ်ကားများမှာမူ ဝယ်လိုအားမြင့်မားနေဆဲ ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ တတိယ ၃ လပတ်ကာလအတွင်း တစ်ပတ်ရစ် ဆီကား အစင်းရေ ၆၈၀၀၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့သည်။

 

(ဗြိတိန်တွင် လူစီးများသော Ford Fiesta မှာ ဇူလိုင်လမှ စက်တင်ဘာအကြား အရောင်းအဝယ် အများဆုံးဖြစ်ခဲ့သည်)

 

(၂၀၂၄ ခုနှစ်၊ ဇူလိုင်မှ စက်တင်ဘာအထိ ၃ လပတ်ကာလအတွင်း လက်လွှဲလက်ပြောင်းမှု အများဆုံး ထိပ်တန်းကားမော်ဒယ် ၁၀ ခု)

 

ဗြိတိန်တွင် အကျော်ကြားဆုံးကားမော်ဒယ် Ford Fiesta မှာ တတိယ ၃ လပတ်ကာလအတွင်း အစင်းရေ ၇၇၉၀၈ စင်း လက်လွှဲလက်ပြောင်းဖြစ်ခဲ့သည်။

ဒုတိယမှ စတုတ္ထနေရာအထိ အရောင်းအဝယ်အများဆုံး ကားများအနေဖြင့် Vauxhall Corsa (၆၄၆၈၁ စင်း) ၊ VW Golf (၅၉၃၈၀ စင်း) နှင့် Ford Focous (၅၇၃၂၇ စင်း) တို့ဖြစ်ပြီး အခြားမည်သည့် EV ထက်မဆို အရောင်းအဝယ်များပြားခဲ့သည်။

 

(ကားထုတ်လုပ်ရောင်းချသူများအသင်း အမှုဆောင်အရာရှိ Mike Hawes က ပြောသည်မှာ တစ်ပတ်ရစ် EV များ ရောင်းအားကောင်းနေခြင်းမှာ ငွေသုံးစွဲနိုင်မှု အနေအထားအမျိုးမျိုးအတွက် ကာဗွန်ထုတ်လွှတ်မှုမရှိသည့် ကားများ ရရှိနိုင်သည့် အခြေအနေကို ပြသနေခြင်းဖြစ်ကြောင်း ပြောသည်။)

 

ကားထုတ်လုပ်ရောင်းချသူများအသင်း၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သော အောက်တိုဘာလအတွင်း ကားသစ်များ မှတ်ပုံတင်မှုမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ထုတ်ပြန်သည်။

နှစ်အလိုက်နှိုင်းယှဉ်မှုတွင် ရောင်းအားတက်လာသည်မှာ EV များသာ ရှိနေသည်။

 


(ပြီးခဲ့သော အောက်တိုဘာလအတွင်း ဈေးနှုန်းမြင့်တက်ခဲ့သော ကားအမျိုးအစားအနေဖြင့် တစ်ပတ်ရစ် EV များသာ ရှိခဲ့ကြောင်း ဗြိတိန် ကားလောက ကျွမ်းကျင်ပုဂ္ဂိုလ်တို့က ပြောသည်)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Sales of used electric cars hit record levels - and prices are starting to RISE (dailymail)

Photo Credit-dailymail