• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • မလေးရှားတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှစတင်ပြီး သဘာဝဓာတ်ငွေ့သုံးကားများ အသုံးပြုခွင့် ပိတ်ပင် တော့မည်ဖြစ်ပြီး ဆီကားများသို့ ကူးပြောင်းရန် အစိုးရက အကူအညီပေးမည်

မလေးရှားတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှစတင်ပြီး သဘာဝဓာတ်ငွေ့သုံးကားများ အသုံးပြုခွင့် ပိတ်ပင် တော့မည်ဖြစ်ပြီး ဆီကားများသို့ ကူးပြောင်းရန် အစိုးရက အကူအညီပေးမည်

  • 215 views

မလေးရှားအစိုးရက သဘာဝဓာတ်ငွေ့သုံးကားများ (NGVs) တို့ကို ပိတ်ပင်ရန် စီစဉ်နေပြီး နောက်ဆုံး သတ်မှတ်ရက်အဖြစ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက်ကို သတ်မှတ်ထားသည်။

အဆိုပါ နောက်ဆုံးသတ်မှတ်ရက်နောက်ပိုင်းတွင် NGV တို့ကို ပြန်လည်မှတ်ပုံတင်ခွင့် မပြုတော့သည့်အပြင် မလေးရှား၏ လမ်းများပေါ်တွင် မောင်းနှင်ခြင်းကိုပါ ခွင့်ပြုတော့မည် မဟုတ်ချေ။

NGV များ အသုံးပြုခွင့် ပိတ်ပင်မည့်အကြောင်းကို မလေးရှား ပို့ဆောင်ရေးဝန်ကြီး Anthony Loke က ကြေညာခဲ့ခြင်းဖြစ်ပြီး ဘေးကင်းမှုအတွက် ရတက်မအေးဖြစ်သောကြောင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း ပြောသည်။

(ဓာတ်ပုံ-Autobuzz)

“ဒီကားတွေရဲ့ ဓာတ်ငွေ့စည်တွေဟာ သက်တမ်းကုန်ဆုံးနေပြီး အသစ်လဲရတော့မယ့်အချိန် ရောက်နေပါပြီ” ဟု ဝန်ကြီးက ပြောသည်။

ပုံမှန်အားဖြင့် ဓာတ်ငွေ့စည်တို့၏ သက်တမ်းမှာ ၁၅ နှစ်ဖြစ်ပြီး သက်တမ်းပြည့်ပါက လဲလှယ်ရမည် ဖြစ်သည်။

အချို့သော ကားပိုင်ရှင်များမှာ ၎င်းတို့၏ ကားများတွင် LPG စည်များဖြင့် ပြောင်းလဲ Modify လုပ်ကာ အသုံးပြုကြသည်။

LPG မှာ နေအိမ်များတွင် ချက်ပြုတ်ရာ၌ အသုံးပြုသည့် ဓာတ်ငွေ့အမျိုးအစားဖြစ်သည်။
ထိုစည်တို့မှာ သဘာဝဓာတ်ငွေ့အသုံးပြုရန် ထုတ်လုပ်ထားသောအမျိုးအစားများ မဟုတ်သောကြောင့် ကားအက်ဆီးဒင့်များတွင် ပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိသည်။

 

(ဓာတ်ပုံ-Autobuzz)

Petronas သည် NGV များအတွက် ဓာတ်ငွေ့အဓိက ရောင်းချပေးနေသော ကုမ္ပဏီကြီးဖြစ်ပြီး ၎င်း၏ ဆီဆိုင်များတွင် ဓာတ်ငွေ့ရောင်းချမှုများကို အစိုးရ၏ သတ်မှတ်ကာလရောက်လျှင် ချက်ချင်းရပ်ဆိုင်းသွားမည် ဖြစ်သည်။

ဝန်ကြီး၏ ပြောကြားချက်အရ မလေးရှားတွင် သဘာဝဓာတ်ငွေ့အသုံးပြုနေသော ကားအစင်းရေ ၄၅၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။

ယင်းအနက် တက္ကစီ ၉၅၀၉ စင်း၊ ပုဂ္ဂလိကယာဉ် ၃၂၁၃၇ စင်း၊ ဘတ်စ်ကားနှင့် ကုန်တင်ကား ၂၁၅၀ စင်း၊ စက်ယန္တရားကား ၅၈၇ စင်းတို့ ပါဝင်သည်။

 

(ဓာတ်ပုံ-Autobuzz)

သဘာဝဓာတ်ငွေ့ကားပိုင်ရှင်များသည် ဆီကားများသို့ ကူးပြောင်းရာတွင် အစိုးရထံမှ အထောက်အပံ့ ရရှိမည် ဖြစ်သည်။

လောင်စာ ၂ မျိုးသုံးကားများတွင် NGV နှင့် ပတ်သက်သည်များကို အခမဲ့ ဖြုတ်သိမ်းနိုင်မည်ဖြစ်သည်။

သို့သော် ပို့ဆောင်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဝပ်ရှော့များတွင်သာ လုပ်ဆောင်ရမည် ဖြစ်သည်။

NGV တက္ကစီ ပိုင်ရှင်များမှာ Petronas Setrl app မှတစ်ဆင့် ရင်းဂစ် ၃၀၀၀ ထောက်ပံ့ငွေ ရမည်ဖြစ်သည်။

NGV တက္ကစီပိုင်ရှင်တို့အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ထောက်ပံ့ငွေ ရယူရန် လျှောက်ထားကြရမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးက ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Malaysia to ban NGV by 1 July 2025 – owners will receive assistance in reverting to petrol vehicles (autobuzz)

Photo Credit-Autobuzz