• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • စင်ကာပူအမျိုးသမီးတစ်ဦးက ကားတစ်စင်းတောင် မပိုင်ပါက လာမချစ်ရန် စင်ကာပူသားတို့ကို ပြောဆိုမှု လူမှုကွန်ရက်တွင် ဂယက်ရိုက်နေ

စင်ကာပူအမျိုးသမီးတစ်ဦးက ကားတစ်စင်းတောင် မပိုင်ပါက လာမချစ်ရန် စင်ကာပူသားတို့ကို ပြောဆိုမှု လူမှုကွန်ရက်တွင် ဂယက်ရိုက်နေ

  • 423 views

 

စင်ကာပူတွင် အမျိုးသမီးတစ်ဦးက ကားမပိုင်သော စင်ကာပူသားတို့အား ဝေဖန်ပြောဆိုလိုက်မှုမှာ လူမှုကွန်ရက် တွင် ကြွက်ကြွက်ညံ ဂယက်ထလျက်ရှိသည်။

စတီရီယိုခေတ်ဦးက ကိုလေးလွင်ရေးသားပြီး ပုလဲသီဆိုခဲ့သော မေမေပြောတယ် မုန်းလိုက်တဲ့..ဟူသော သီချင်းကို သတိရမိသည်။

ထိုသီချင်းကို Play Boy တေးဂီတအဖွဲ့က တီးခတ်ပေးခဲ့ခြင်းဖြစ်၏။

…ကားလေးတစ်စင်းတောင် သူ မပိုင်××အပြောလေးကောင်းလို့ချစ်တော့ လွန်တာပေါ့ မေမေရဲ့…ဟု ကိုလေးလွင်ရေးသားခဲ့မှုမှာ ယခုဖြစ်ရပ်နှင့် ထပ်တူဖြစ်နေသည်။

စင်စစ် ထိုသီချင်းမှာ Cilla Black ၏ Something Tells me အမည်ရှိသီချင်းကို မြန်မာမှု ပြုထားခြင်းသာ ဖြစ်သော်လည်း ကိုလေးလွင်၏ လက်ရာပြောင်မြောက်မှုကြောင့် သနပ်ခါးနံ့သင်းသော မြန်မာသီချင်းဖြစ်လာ ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ပိုးဒါလီသိန်းတန်၊ ဟေမာနေဝင်း၊ ကဗျာဘွဲ့မှူးတို့လည်း ပြန်ဆိုသည်။

စင်ကာပူတွင် မိမိတို့၏ ဖြစ်ရပ်များကို ရင်ဖွင့်ချပြကြသော SGWhispers  အမည်ရှိ လူမှုကွန်ရက် ရှိပြီး အိမ်တွင်းရေး၊ လိင်မှုကိစ္စ၊ အချစ်ရေး၊ လုပ်ငန်းခွင်ကိစ္စ အစရှိသည်တို့ကို မိမိမည်သူမည်ဝါ ဖြစ်သည်ကို ချပြရန်မလိုဘဲ အကြံဉာဏ်တောင်းခံကြသည့်နေရာ ဖြစ်သည်။

အောက်တိုဘာလ ၂၇ ရက်က SGWhispers တွင် အမျိုးသမီးတစ်ဦးက စင်ကာပူမှ အမျိုးသားတို့ကို စိတ်ပျက်မိကြောင်း၊ ချိန်းတွေ့ရာတွင် လာကြိုရန် ကားတစ်စီးပင် မပိုင်ကြကြောင်း ရေးသားခဲ့သည်။

ကားတစ်စီးပင် ဝယ်ရန် မတတ်နိုင်ပါက မိန်းကလေးများနှင့် ချိန်းတွေ့ရန်ထက် မိမိတို့၏ အလုပ်ကိုသာ အရင်ဆုံး ဦးစားပေးသင့်ကြောင်း ၎င်းက ပြောဆိုထားသည်။

ထိုလူမှုကွန်ရက်တွင် အမျိုးသမီးတစ်ဦးက ရေးသားခဲ့သည်မှာ “တကယ်ပါပဲ။ စင်ကာပူကဘဲတွေ ဘာတွေဖြစ် နေတယ်မသိဘူး။ dating apps တွေကတစ်ဆင့် စင်ကာပူကဘဲတွေနဲ့ တွေ့ဖူးတယ်။ သူတို့တွေဟာ ကျွန်မနဲ့ date ဖို့အတွက် လာကြိုဖို့တောင် ဘယ်သူမှ ကားတစ်စီးတောင် မပိုင်ကြဘူး။ ရထားစီးလာဖို့၊ တက္ကစီ စီးလာဖို့ပဲ ပြောကြတယ်။ ရှင်တို့အနေနဲ့ ကားတစ်စီးတောင် မဝယ်နိုင်အောင် မွဲနေတယ်ဆိုရင် ကျေးဇူးပြုပြီး မိန်းကလေးတွေကို ဒုက္ခမပေးကြပါနဲ့။ ကိုယ့်ဟာကိုယ် အလုပ်ကိုပဲ အရင်ဆုံး အာရုံစိုက်ကြ့ပါဦး” ဟု ရေးသားခဲ့ခြင်း ဖြစ်သည်။

သူ၏ ရေးသားမှုမှာ လျင်မြန်စွာ အာရုံစိုက်ခံခဲ့ရပြီး လူမှုကွန်ရက်သုံးစွဲသူတို့က ၎င်းအား ရုပ်ဝတ္ထုပိုင်ဆိုင်မှုကို ဦးစားပေးလွန်းကြောင်း ပြောဆိုကြသည်။

လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ဝေဖန်ထောက်ပြသည်မှာ “ခင်ဗျားကို ကားနဲ့လိုက်မောင်းပေးဖို့ သက်သက် အတွက် စာရွက်တစ်ရွက်ရဖို့ စင်ကာပူဒေါ်လာ ၁၀၀၀၀၀ လောက်ရဖို့ အရမ်းလွယ်တယ်လို့ ခင်ဗျားထင်နေရင် ခင်ဗျားကိုယ်တိုင်လည်း ကားတစ်စီး ရအောင်ကြိုးစားသင့်တယ်။ (၁) ကိုယ်ကိုယ်တိုင်က ကားဘယ်လို ဝယ်စီးနိုင်တယ်ဆိုတာ သူတို့ကို သက်သေပြပါ။ (၂) ယာဉ်မောင်းတစ်ယောက်ကို ချစ်သူအနေနဲ့ ရှာဖွေပြီး ခင်ဗျားသွားချင်တဲ့နေရာ လိုက်ပို့ခိုင်းပါ” ဟု ဖြစ်သည်။

(မှတ်ချက်။ ထိုသူမှတ်ချက်ပေးသည့် စာရွက်တစ်ရွက်ဟူသည်မှာ စင်ကာပူတွင် မော်တော်ကား ပိုင်ဆိုင်လိုသူများ လျှောက်ထားရသည့် ယာဉ်ပိုင်ဆိုင်ခွင့် လက်မှတ်ကို ရည်ညွှန်းခြင်း ဖြစ်သည်)

အခြားတစ်ဦးက မှတ်ချက်ပြုသည်မှာ “ကားပိုင်တဲ့သူဆိုရင် dating app တွေတောင် မလိုဘူး။ ခင်ဗျားအနေနဲ့ ကားပိုင်တဲ့သူနဲ့ တွဲချင်တယ်ဆိုရင် ခင်ဗျားလည်း အနည်းဆုံး သူတို့အဆင့်လောက် ရှိသင့်တယ်။ အရင်ဆုံး ခင်ဗျားကိုယ်တိုင် အလုပ်ကြိုးစားဖို့ အာရုံစိုက်ပါ” ဟု ဆိုသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Woman gets schooled by SG men for saying, “If you’re too broke to own a car, please don’t bother dating us and focus on your work first” (theindependent)