- ပင်မစာမျက်နှာ
- ကားသတင်းများ
- Hozon Auto ထုတ် Neta ကားအမှတ်တံဆိပ်က မြန်မာ EV ဈေးကွက်သို့ဝင်ရန် မြန်မာနိုင်ငံမှ GSE ကားကုမ္ပဏီနှင့် မိတ်ဖက်လက်တွဲလာ
Hozon Auto ထုတ် Neta ကားအမှတ်တံဆိပ်က မြန်မာ EV ဈေးကွက်သို့ဝင်ရန် မြန်မာနိုင်ငံမှ GSE ကားကုမ္ပဏီနှင့် မိတ်ဖက်လက်တွဲလာ
- 482 views
Hozon Auto ထုတ် Neta ကားအမှတ်တံဆိပ်သည် မြန်မာနိုင်ငံတွင် NETA လျှပ်စစ်ကားများ တရားဝင်မိတ်ဆက်ပေးနိုင်ရန်အတွက် GSE Group နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြကြောင်း NETA (ထိုင်း) ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
NETA Auto (Thailand) ကုမ္ပဏီလိမိတက်တွင် ကျင်းပခဲ့သော လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ Grand Sirius ကုမ္ပဏီ (GSE) မှ ဥက္ကဋ္ဌ ဦးမင်းခန့်လွင်နှင့် Hozon New Energy Automobile Co,Ltd မှ ဒုတိယဥက္ကဋ္ဌ မစ္စတာ ဝမ်ချန်းကျယ်တို့အပြင် နှစ်ဘက်ကုမ္ပဏီမှ ထိပ်တန်းအကြီးအကဲတို့ တက်ရောက်ခဲ့ကြသည်။
NETA နှင့် GSE တို့ မိတ်ဖက်လက်တွဲမှုသည် မြန်မာနိုင်ငံ၏ လျှပ်စစ်ကားဈေးကွက်ကို ပိုမိုခိုင်မာအားကောင်း လာစေမည် ဖြစ်သည်။
မြန်မာအစိုးရက ပြီးခဲ့သောနှစ်များအတွင်း ပြည်တွင်း NEV ဈေးကွက်ဖွံ့ဖြိုးရေးအတွက် မက်လုံးပေးသည့် မူဝါဒများစွာ ချမှတ်ပေးခဲ့သည်။
ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်မှုမှာလည်း လျှပ်စစ်ကားများ ဝယ်လိုအား တက်လာစေသည့် အကြောင်းရပ်တစ်ခု ဖြစ်လာသည်။
NETA နှင့် GSE တို့အကြား မဟာဗျူဟာမြောက် ပူးပေါင်းမှုမှာ မြန်မာပြည်သူတို့အတွက် EV နှင့် စပ်လျဉ်းသော ဝန်ဆောင်မှုများပေးရန်အပြင် မြန်မာနိုင်ငံတွင် စွမ်းအင်သစ်ဈေးကွက် လျင်မြန်စွာဖွံ့ဖြိုးလာရေးအတွက်လည်း အထောက်အကူဖြစ်စေမည် ဖြစ်သည်။
ယခုကဲ့သို့ မိတ်ဖက်ပူးပေါင်းမှုမှတစ်ဆင့် NETA က NETA U နှင့် NETA V တို့ကဲ့သို့ အရည်အသွေးမြင့် ထုတ်ကုန်များ မိတ်ဆက်ပေးရန်၊ မြန်မာပြည်မှ Consumer တို့အား smart driving experience ပေးရန် စီစဉ်ထားသည်။
(ဓာတ်ပုံ- NETA)
NETA သည် ၂၀၂၂ ခုနှစ်မှစတင်ပြီး ပြည်ပသို့ ဈေးကွက်ချဲ့ထွင်မှုများ လျင်မြန်စွာ လုပ်ဆောင်လာရာ ပြီးခဲ့သော ၂ လတာအတွင်း အစ္စရေး၊ နီပေါ၊ လာအိုနှင့် မြန်မာဈေးကွက်တို့သို့ ဝင်ရောက်ခဲ့သည်။
ပြည်ပဈေးကွက်များမှ အစင်းရေ ၅၂၀၀ ကျော် အော်ဒါမှာယူမှု ရရှိထားသည်။
NETA သည် အရောင်းပြခန်းသစ်ပေါင်း ၃၀ ကျော်ဖွင့်လှစ်ထားပြီး ကမ္ဘာတစ်ဝန်းတွင် ဈေးကွက် ဆက်လက်ချဲ့ထွင်နေသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: NETA Partners with GSE Group Expanding the electric vehicle market to Myanmar (neta)
Photo Credit-NETA