• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အမေရိကန်တွင် သားအတွက် diaper ဖိုး ငွေရရန် မိမိအလွန်မြတ်နိုးသော မော်တော်ကားကို ရောင်းချခဲ့သည့် ဖခင်၊ သားဖြစ်သူက နောင်အခါတွင် ထိုကားကို လိုက်လံရှာဖွေဝယ်ယူပြီး အသစ်အခြေအနေရောက်ရန် မွမ်းမံကာ ဖခင်အတွက် မွေးနေ့လက်ဆောင်ပေး

အမေရိကန်တွင် သားအတွက် diaper ဖိုး ငွေရရန် မိမိအလွန်မြတ်နိုးသော မော်တော်ကားကို ရောင်းချခဲ့သည့် ဖခင်၊ သားဖြစ်သူက နောင်အခါတွင် ထိုကားကို လိုက်လံရှာဖွေဝယ်ယူပြီး အသစ်အခြေအနေရောက်ရန် မွမ်းမံကာ ဖခင်အတွက် မွေးနေ့လက်ဆောင်ပေး

  • 265 views


Facebook လူမှုကွန်ရက် Cele တစ်ဦးဖြစ်သူ Jared Guynes သည် ဖခင်ကြီး အလွန်မြတ်နိုးသော ကားကို နှစ်ပေါင်းများစွာ အချိန်ယူလိုက်လံရှာဖွေကာ လျှို့ဝှက်ပြုပြင်မွမ်းမံခဲ့ပြီးနောက် လက်ဆောင်ပေးခဲ့သည့်ဖြစ်ရပ် လူမှုကွန်ရက်တွင် နာမည်ကြီးနေသည်။

Jared Guynes က ထိုဖြစ်ရပ်ကို Facebook တွင် ၎င်းကိုယ်တိုင် ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီး ယခုသတင်းရေးသားနေချိန်အထိ Like ပေးသူ ၄၆၀၀၀ ကျော်၊ ပြန်လည်မျှဝေမှု အကြိမ်ရေ ၂၁၃၀၀ ကျော်နှင့် မှတ်ချက်ပြုမှုပေါင်း ၁၉၀၀ ကျော်ရှိနေသည်အထိ Viral ဖြစ်နေသည်။

Jared Guynes ရေးသားဖော်ပြခဲ့မှုကို ဆက်လက်ဖတ်ရှုကြည့်ပါ။


((diaper ဖိုးအတွက် ကားရောင်းခြင်း))

လွန်ခဲ့တဲ့ ၄၁ နှစ်…၁၉၈၃ ခုနှစ်ကပေါ့။

Earl လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ငယ်ငယ်ရွယ်ရွယ်ဇနီးလေးမှာ သားဦးလေး ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတယ်။

ငွေလိုတော့မှာကို တွေးတောမိပြီး သူအလွန်မြတ်နိုးတဲ့ 1967 မော်ဒယ်၊ Marina Blue Camaro ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ချက် ချခဲ့ရပါတယ်။

အဲဒီ သားယောက်ျားလေးဆိုတာ ကျွန်တော်ပါပဲ။

ဆယ်ကျော်သက်အရွယ်ကတည်းက အဖေ့ရဲ့ ဒီဖြစ်ရပ်ကလေးကို ကျွန်တော်သိထားခဲ့ပါတယ်။

သူ့ရဲ့ Camaro ကို diaper ဖိုးရဖို့ ရောင်းလိုက်ရတယ်ဆိုပြီး အဖေ အမြဲအရွှန်းဖောက်ဖူးပါတယ်။

အဲဒီကားလေးအကြောင်းကိုများ ပြောနေရရင် အဖေ့မျက်ဝန်းတွေ အရောင်တွေတောက်ပလို့။

အဖေက သူပိုင်ဆိုင်သမျှအားလုံးထဲမှာ ဒီကားလေးကို အမြတ်နိုးဆုံးဆိုတာ ကျွန်တော်သိပါတယ်။

ဒါပေမယ့် အဖေကတော့ ဒီကားလေးကို မြတ်နိုးတယ်ဆိုတာ ဘယ်တော့မှ ထုတ်မပြောခဲ့ပါဘူး။

အဖေက သူ့ကားလေးရဲ့ အသေးစိတ်အချက်အလက်တွေကို ပြောပြနိုင်တယ်။ အဖေပြောခဲ့တာတွေဟာ ကျွန်တော့်စိတ်နှလုံးမှာ သံမှိုနှက်ထားသလို စွဲမြဲနေခဲ့ပါတယ်။

၁၉၆၇ မော်ဒယ်…..။ 350 V8….။ Marina Blue…။ အဖြူစင်းတွေ…။ အော်တိုကား…။ After market တပ်ဆင်ထားတဲ့ Crager ဘီးတွေ…။ အဖြူရောင်စာလုံးတွေနဲ့ တာယာ...။ dual exhaust…။

ကျွန်တော် မျက်လုံးမှိတ်ပြီးတွေးလိုက်ရင် အဖေပြောတဲ့ကားကို အာရုံထဲမှာ ပုံဖော်ကြည့်လို့ ရပါတယ်။

အဖေ့ကို ပြန်ဝယ်ပေးမယ်လို့ ရည်မှန်းပြီး ဒီကားလေးကို နှစ်ပေါင်းများစွာ သတင်းစုံစမ်းခဲ့ပြီး တစ်ရက်မှာတော့ အဲဒီကားနဲ့ ပတ်သက်တဲ့ သတင်းကို ကြားခဲ့ရတယ်။

ဒါကြောင့် ဒီကားကို အဖေ့လက်ထဲ ပြန်ထည့်ပေးနိုင်ဖို့ ဖြစ်လာတယ်။

ဒီညမှာတော့ နောက်ဆုံးမှာ ကျွန်တော် အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။
အဖေ့ကားလေးကို အဖေ့လက်ထဲ ပြန်ထည့်ပေးနိုင်ခဲ့ပါပြီ။

ကားတစ်စင်းလုံးကို အဖေစီးခဲ့တုန်းက အနေအထားအတိုင်း ပြန်ပြီး မွမ်းမံပေးထားပါတယ်။

အဖေ လုံးဝ မျှော်လင့်မထားဘူး။ အမေလည်း ထင်မထားဘူး။ ဘယ်သူမှ ထင်မထားခဲ့ပါဘူး။

တကယ်တော့ အဖေ့အတွက် ဒီကားကို ပြန်ရှာပြီး ဝယ်ထားတာ ၂ နှစ်လောက်ရှိပါပြီ။

ဒီကာလအတွင်း အဖေမသိအောင် လျှို့ဝှက်ထားခဲ့ပြီး ကားတစ်စင်းလုံးကို ပြန်ပြီး ပြုပြင်မွမ်းမံခဲ့ပါတယ်။

ဒီကားကို ကျွန်တော်နှစ်တွေအကြာကြီးလိုက်ရှာခဲ့ရပါတယ်။

ကံကောင်းချင်တော့ အိုကလာဟိုးမားပြည်နယ်မှာ ဒီကားကို ၂၀၂၂ ခုနှစ်ထဲ ရှာတွေ့ခဲ့ပါတယ်။

ကားက ဂျုံးဂျုံးကျနေပါပြီ။

ဝါယာရင်းပြဿနာ၊ အင်ဂျင်ပြဿနာ၊ ကားဘီးပြဿနာ အစရှိသဖြင့် တစ်စင်းလုံး ချူချာနေပါပြီ။

၂ နှစ်တာ ကာလအတွင်းမှာ ကျွန်တော်ဟာ ကားအစိတ်အပိုင်း အများကြီးကို တဖြည်းဖြည်းချင်း ပြင်ယူခဲ့ရပါတယ်။

ကားရဲ့ ပြဿနာတစ်ခုချင်းစီကို ပြင်ဆင်တယ်။

Function တစ်ခုချင်းကို စမ်းကြည့်တယ်။

ကားကို ပြန်ပြီး မွမ်းမံနေဆဲမှာ ၁၉၈၀ ပြည့်လွန်ကာလတွေတုန်းက အဖေစီးခဲ့တဲ့ကားမှာရှိခဲ့တဲ့ Crager ဘီး အသစ်တစ်စုံကိုတောင် ရခဲ့ပါတယ်။

ဒီနေ့ဟာ အဖေ့ရဲ့ အသက် ၆၅ နှစ်ပြည့် မွေးနေ့ပါ။

အဖေ့လက်ထဲ ကားသော့အပ်လိုက်ပါပြီ။

ကျွန်တော့်တစ်ဘဝလုံး အဖေငိုတာ ၂ ခါထဲပဲ မြင်ခဲ့ဖူးပါတယ်။

အဖေဟာ အတ္တကို ဖယ်ထားပြီး တခြားသူတွေအကျိုးကိုပဲ မျှော်ကိုးခဲ့သူပါ။

သူ့ကို ကြည့်ရင် ပြုံးနေ၊ ရယ်နေတာပဲ ရှိပါတယ်။

ဒီညတော့ အဖေ တတိယအကြိမ် ငိုတာကို ကျွန်တော်တွေ့ဖူးခဲ့ပါပြီ။

 

အိမ်ရှေ့မှာ ရပ်နားထားတဲ့ ကားတစ်စီးဟာ သူစီးခဲ့တဲ့ကားနဲ့ ထပ်တူ တူညီနေတာကို အဖေသတိထားမိသွားတယ်။

အဖေ့လက်ထဲ ကားသော့အပ်လိုက်တဲ့အခါ အဖေအရမ်းတုန်လှုပ်သွားပါတယ်။

ပြီးတော့ ကျွန်တော့်ကို သိုင်းဖက်တယ်။

ဒီအခိုက်အတန့်လေးဟာ ကျွန်တော့်ဘဝတာ တစ်ခုလုံးရဲ့ အကောင်းဆုံး အခိုက်အတန့်တွေထဲမှာ အပါအဝင်ပါပဲ။

အဖေ…ကျွန်တော် အဖေ့ကို ချစ်တယ်။

Diaper ဖိုးအတွက် ကျေးဇူးပါ။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: SOLD FOR DIAPER MONEY (facebook)

Photo Credit:  Jared Guynes