စင်ကာပူတွင် လမ်းပေါ်၌ ဒုက္ခရောက်နေသူများကို လိုက်လံကူညီပေးနေသော အမျိုးသားတစ်ဦး အကြောင်း နာမည်ကြီးနေ

  • 196 views

လမ်းပေါ်တွင် ဆိုင်ကယ်တစ်စီးနှင့် ဆိုင်ကယ်သမားတို့ တုံးလုံးပက်လက်ဖြစ်နေသည်။

မိုးသည်းထန်ကာ လမ်းချော်မှုကြောင့် ဆိုင်ကယ်မှောက်သွားခြင်း ဖြစ်၏။

ယာဉ်ကြောပိတ်သွားသောကြောင့် ကားများမှာ ဖြည်းဖြည်းချင်းသာ ရွေ့နေရသည်။

ထိုအချိန်တွင် အဝါတောက်တောက် အပေါ်ထပ် vest ဝတ်ဆင်ထားသူ အမျိုးသားတစ်ဦးသည် တည်ငြိမ်စွာဖြင့် ယာဉ်ကြောရှင်းပေးနေသည်။

လမ်းကြောပေါ်တွင် လိမ္မော်ရောင် တြိဂံချွန်းသတိပေးဆိုင်းဘုတ်တစ်ခု စိုက်ထူထားပြီး မော်တော်ယာဉ်များကို သတိပေးထားသည်။

ထိုအမျိုးသား၏ ကားမှာမူ မီတာအနည်းငယ်ကွာဝေးသောနေရာတွင် ရပ်ထားပြီး hazard မီး မှိတ်တုတ်ဖွင့်ထားသည်။

၎င်းကို ကြည့်ရသည်မှာ ယာဉ်ထိန်းအရာရှိတစ်ဦး မှတ်ထင်ရသည်။

သူ၏ အမည်မှာ အေရွန် ပေါ့ခ် (Aaron Pok) ဟုခေါ်သည်။

အေရွန်သည် အများနည်းတူ လမ်းပေါ်မှ ယာဉ်မောင်းတစ်ဦးသာ ဖြစ်၏။

ပြီးခဲ့သောနှစ် နိုဝင်ဘာလက မိုးသည်းသော နေ့တစ်နေ့တွင် ရင်ဆိုင်ခဲ့ရသည့် ဖြစ်ရပ်တစ်ခုကို အေရွန်က ပြန်ပြောပြသည်။

“ဆိုင်ကယ်သမားက လမ်းပေါ်မှာ လဲနေတယ်။ အမျိုးသမီးတစ်ယောက်က အဲဒီလူကို မိုးမစိုအောင် ထီးမိုးပေးထားပါတယ်။ အဲဒီမှာ ကျွန်တော်လည်း သူတို့ကို ယာဉ်တွေ ဝင်မတိုက်အောင် လမ်းလွှဲပေးခဲ့ပါတယ်” ဟု အေရွန်က ပြောသည်။

“ဒီလိုမျိုး ဘယ်လောက်များများ လိုက်ကူညီဖြစ်ခဲ့လဲ” ဟု စင်ကာပူရှိ Pride-Kindness အဖွဲ့က အေရွန်ကို မေးမြန်းကြည့်ခဲ့သည်။

 

 

အေရွန်သည် အသက်အားဖြင့် ၄၂ နှစ်အရွယ်ရှိပြီး အစိုးရဝန်ထမ်းတစ်ဦးဖြစ်ကာ ၁၉၉၉ ခုနှစ်တွင် ယာဉ်မောင်းလိုင်စင် ရရှိခဲ့သူ ဖြစ်သည်။

“တစ်လကို ၂ ကြိမ်၊ ၃ ကြိမ်လောက်ရှိမယ်လို့ ထင်ပါတယ်” ဟု အေရွန်က ပေါ့ပေါ့ပါးပါး ဖြေသည်။

“မိန်းမက ကျွန်တော့်ကို Kaypoh လို့ နာမည်ပေးထားတယ်” ဟု အေရွန်က ရယ်မောရင်း ပြောသည်။

(Kaypoh မှာ စင်ကာပူသုံး အင်္ဂလိပ်ဝေါဟာရဖြစ်ပြီး အလုပ်များသူ၊ စပ်စုတတ်သူဟု အဓိပ္ပာယ်ရသည်)

လမ်းပေါ်တွင် ဒုက္ခရောက်နေသူများကို လိုက်လံကူညီခြင်းမှာ အေရွန်၏ ဝါသနာတစ်ခု ဖြစ်လာသည်။

လမ်းပေါ်တွင် ကားပျက်နေသည်ကို တွေ့ရသည့်အခါတိုင်း အေရွန်သည် ကူညီရန် အချိန်ရှိသည်ဆိုပါက ကားရပ်တန့်ကာ ကူညီပေးလေ့ရှိသည်။

အေရွန်က ရှင်းပြသည်မှာ လမ်းပေါ်တွင် မတော်တဆမှုများစွာ ကြုံရကြောင်း၊ အကူအညီလိုအပ်နေသော ထိုသူတို့ကို မသိကျိုးကျွံ မပြုခဲ့ကြောင်း၊ အထူးသဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေပုံရသူတို့ကို အမြဲ ကူညီခဲ့ကြောင်း ပြောသည်။

“ဒုက္ခရောက်နေသူဘေးကနေ ကျွန်တော် ကားဖြတ်မောင်းမသွားချင်ပါဘူး” ဟု အေရွန်က ဆိုသည်။

အေရွန်သည် ထိုသို့သော ကူညီမှုများကို အကြိမ်ကြိမ်ပြုလုပ်လေ့ရှိပြီး ကူညီရန်အတွက် စနစ်တကျ ကြိုတင်စီစဉ်မှုများ ပြုလုပ်ထားသည်။

အေရွန်၏ ကားနောက်ခန်း ပစ္စည်းထားသိုခန်းကို ကြည့်မည်ဆိုလျှင် ရောင်ပြန်အင်္ကျီ၊ ဦးထုပ်၊ လက်အိတ်၊ လက်ကိုင်ရောင်ပြန်တုတ်ချောင်း အစရှိသည့် ပစ္စည်းများကို တွေ့ရမည် ဖြစ်သည်။

(သင့်ကား၏ trunk တွင် ဤသို့သော ပစ္စည်းများ ရှိလိမ့်မည် မဟုတ်ချေ။ ဓာတ်ပုံ-Aaron Pok)

 

လမ်းပေါ်တွင် စိတ်ညစ်နေသော ယာဉ်မောင်းတစ်ဦးကို တွေ့ပါက အေရွန်သည် ကားရပ်ကာ သူ့တွင်ပါလာသော လိမ္မော်ရောင် သတိပေးဆိုင်းဘုတ်ကို အဆိုပါကား အနောက်ဘက်တွင် ထောင်ထားလိုက်၏။

“ဒီလို ထောင်ထားရတာက တခြားယာဉ်တွေ ဝင်မတိုက်မိအောင် ဖြစ်ပါတယ်”

အေရွန်သည် ကားဘီးများ လဲပေးခြင်း၊ ကားတွန်းကာ စက်နှိုးပေးခြင်း၊ မတော်တဆမှုများတွင် ယာဉ်ကြောလွှဲပေးခြင်းများဖြင့် ကူညီလေ့ရှိသည်။

“သူတို့ကို အကူအညီမပေးမီမှာ …အဆင်ပြေရဲ့လား…..အကူအညီလိုလား..လို့ ကျွန်တော် မေးလေ့ရှိပါတယ်”

အခက်ကြုံနေသောကားမှာ အဝေးပြေးလမ်းပေါ်တွင်ဖြစ်နေပါက အေရွန်သည် အမြန်လမ်း စောင့်ကြည့် အကြံပေးစနစ် (EMAS) မှ ယာဉ်ပြုပြင်ရေးဝန်ဆောင်မှုသို့ ဖုန်းခေါ်ပေးသည်။

ထိုအဖွဲ့က ယာဉ်ရှိရာသို့ ရောက်ရှိလာကာ ကားကို အနီးဆုံး ရပ်နားစခန်းသို့ အခမဲ့ သယ်ဆောင်ပေးမည် ဖြစ်သည်။

“နောက်ထပ် မတော်တဆမှု ကာကွယ်ပေးဖို့ ရည်ရွယ်ရုံသက်သက်ပါ” ဟု အေရွန်က ပြောသည်။

အဝေးပြေးလမ်းမပေါ်တွင် ယာဉ်မောင်းတို့အဖို့ အရေးအကြောင်းတစ်ခုခုဖြစ်လျှင် အန္တရာယ်များကြောင်း၊ မိုးသည်းထန်စွာ ရွာနေခြင်း (သို့မဟုတ်) ညအချိန်ဖြစ်ခြင်းကဲ့သို့ မြင်ကွင်းမကောင်းသောအခါမျိုးတွင် အန္တရာယ်သစ်တစ်ခု ထပ်မံပေါ်ပေါက်လာနိုင်ကြောင်း အေရွန်က ရှင်းပြသည်။

အေရွန်သည် ဇနီးဖြစ်သူကို အလုပ်သွား၊ အလုပ်ပြန် ကားဖြင့် လိုက်ပို့ပေးရရာ ဇနီးဖြစ်သူ ဘိုဘီလီယာမှာ အဆိုပါဖြစ်ရပ်မျိုးနှင့် အသားကျနေသည်။

တစ်ခါတစ်ရံတွင် သူမက ထိုဖြစ်ရပ်ကို ဖေ့စ်ဘုတ်တွင် တင်လေ့ရှိသည်။

အခြားသူများကို ကားရပ်ကာ ကူညီရခြင်းကြောင့် ဘိုဘီလီယာမှာ အလုပ်နောက်ကျခြင်း၊ ချိန်းဆိုထားမှုများ နောက်ကျသွားခြင်းတို့ မကြာခဏ ရင်ဆိုင်ရသည်။

(အေရွန် ကူညီခဲ့ပုံများကို ပြသနေသော Facebook screenshot တစ်ခု။ ဓာတ်ပုံ-Aaron Pok)

 

“လမ်းပေါ်မှာ ဒုက္ခရောက်နေသူတွေကို ကျွန်တော်လှမ်းကြည့်နေပြီဆိုရင် ကျွန်တော့်မိန်းမက ….“နီယုရော့ ချူ ပေါက်မာငါး” (ရှင် ကူညီဦးမှာမလား) လို့ ပြောတတ်ပါတယ်” ဟု အေရွန်က ရယ်လျက်ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: My Strange Addiction: Fixing strangers’ vehicles on the road (pride)

Photo Credit-Aaron Pok