• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ကမ္ဘာ့ဈေးအသက်သာဆုံးကားများ ထုတ်လုပ်သော Tata Motors ၏ ပဲ့ကိုင်ရှင်သူဌေးကြီး Ratan Tata မွမ်ဘိုင်းမြို့ဆေးရုံတွင်ကွယ်လွန်ခဲ့၊ မဟာရပ်ရှ်တရာပြည်နယ်အစိုးရအဖွဲ့က ကြေကွဲဖွယ်ကောင်းသောနေ့အဖြစ် သတ်မှတ်

ကမ္ဘာ့ဈေးအသက်သာဆုံးကားများ ထုတ်လုပ်သော Tata Motors ၏ ပဲ့ကိုင်ရှင်သူဌေးကြီး Ratan Tata မွမ်ဘိုင်းမြို့ဆေးရုံတွင်ကွယ်လွန်ခဲ့၊ မဟာရပ်ရှ်တရာပြည်နယ်အစိုးရအဖွဲ့က ကြေကွဲဖွယ်ကောင်းသောနေ့အဖြစ် သတ်မှတ်

  • 389 views

ရာတန် တာတာ (မွေး ၁၉၃၇- ကွယ်လွန် အောက်တိုဘာ ၉၊ ၂၀၂၄) သည် အိန္ဒိယနိုင်ငံမှ နာမည်ကျော် ကုမ္ပဏီကြီးဖြစ်သော Tata Group ၏ ပဲ့ကိုင်ရှင် ဖြစ်သည်။
ရာတန် တာတာသည် အိမ်ထောင်ပြုခဲ့ခြင်းမရှိသဖြင့် သားသမီးလည်း မရှိ။
အိမ်ထောင်ပြုရန် ၄ ကြိမ်အထိ နီးစပ်ခဲ့သော်လည်း လက်မထပ်ဖြစ်ခဲ့။

သို့သော် ဘဝနှောင်းပိုင်းကာလများတွင် သူ၏ ကိုယ်ရေးအရာရှိ Shantanu Naidu နှင့် နီးစပ်မှုများရှိခဲ့ကြောင်း သတင်းများရှိသည်။
Tata Motors သည် ကမ္ဘာ့ဈေးအသက်သာဆုံးကားများတွင် ပါဝင်သော Tata Nano ကို ၂၀၀၈ မှ ၂၀၁၈ ခုနှစ်အထိ ထုတ်လုပ်ခဲ့သည်။
အင်ဂျင်ကို နောက်ဘက်တွင် ထားသော hatchback အမျိုးအစားဖြစ်ကာ ရူပီး ၁၀၀၀၀၀ (ကန်ဒေါ်လာ ၂၅၀၀) မျှဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
Entry level ကားတစ်စီးဖြစ်ပြီး ဘေးကင်းလုံခြုံရေး feature များ မပါဝင်ချေ။

ရာတန် တာတာက မိမိစီးပွားရေးလုပ်ခြင်းမှာ တိုင်းပြည်နှင့်လူမျိုးအတွက်ဖြစ်ကြောင်း ပြောဖူးသည်။
ရာတန် တာတာသည် နှိမ့်ချတတ်မှုနှင့် ရက်ရောတတ်မှုတို့ဖြင့်လည်း လူသိများသူ ဖြစ်သည်။
တာတာ ကွယ်လွန်မှုအပေါ် အိန္ဒိယတနိုင်ငံလုံး ပူဆွေးဝမ်းနည်းခဲ့ကြသည်။

((ရာတန်တာတာ ကွယ်လွန်ရခြင်းအကြောင်း))

ရာတန်တာတာသည် အသက်ရှူရခက်ခဲမှုကြောင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် မွမ်ဘိုင်းမြို့ရှိ Breach Candy ဆေးရုံတွင် တက်ရောက်ခဲ့ရကာ အထူးကြပ်မတ်ကုသမှု ခံယူခဲ့ရသည်။
တာတာသည် သွေးပေါင်ကျသည့်ဝေဒနာကို ခံစားနေရသည်မှာ အတန်ကြာခဲ့ပြီဖြစ်ပြီး ထိုပြဿနာကြောင့်ပင် သူ၏ ကျန်းမာရေး အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။

၎င်းကို ဆေးဝါးကုသပေးသူမှာ နှလုံးအထူးကုဆရာဝန်ကြီး ဒေါက်တာ Sharukh Aspi Golwala ဖြစ်သည်။
သမားတော်တို့ ဖိဖိစီးစီးကြိုးစားကုသပေးသော်လည်း အခြေအနေကောင်းမွန်မလာခဲ့။
တာတာ၏ ကျန်းမာရေးပြဿနာမှာ အသက်အရွယ်ကြီးမြင့်မှုကြောင့်ဖြစ်သော လူကြီးရောဂါဟု ဆိုနိုင်သည်။

နှလုံးအထူးကုသမားတော် ဒေါက်တာ Gowala က ပြောသည်မှာ တာတာသည် သွေးပေါင်ကျသည့် ပြဿနာ ရင်ဆိုင်နေရကြောင်းပြောသည်။
သွေးပေါင်ကျမှုကြောင့် ခန္ဓာကိုယ်ရှိ အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများ လုပ်ဆောင်ချက် ချွတ်ယွင်းစေခြင်း ဖြစ်သည်။
ထို့အပြင် သက်ကြီးရွယ်အိုတို့ ရင်ဆိုင်ရလေ့ရှိသော ရေဓာတ်ခမ်းခြောက်မှု ပြဿနာကိုလည်း တာတာ ရင်ဆိုင်ရသည်။

((သွေးပေါင်ကျ ဝေဒနာနှင့် နောက်ဆက်တွဲ အန္တရာယ်များ))

● အပေါ်သွေး ၉၀၊ အောက်သွေး ၆၀ ကို သွေးပေါင်ကျသည့် အခြေအနေအဖြစ် သတ်မှတ်ထားသည်။
● အသက်အရွယ်ကြီးသူတို့တွင် သွေးပေါင်းအတက်အကျ ပိုမိုရင်ဆိုင်ရသည်။
● အသက်ကြီးပိုင်းတို့အနေဖြင့် သွေးပေါင်ကျမှုကြောင့် နှလုံးနှင့် ဦးနှောက်ကဲ့သို့ အရေးကြီးသည့် အစိတ်အပိုင်းများသို့ သွေးစီးဆင်းမှု နည်းပါးမှုပြဿနာကို သတိထားသင့်သည်။

● ရုတ်တရက် သွေးပေါင်ထိုးကျပါက မူးဝေတုန်ယင်မှု ခံစားရခြင်း၊ မူးမေ့လဲခြင်းများ ဖြစ်တတ်သည်။
● ကိုယ်ခန္ဓာကျန်းမာရေးအတွက် သွေးပေါင်ထိန်းထားရန်မှာ အလွန်အရေးကြီးသည်။ အထူးသဖြင့် သက်ကြီးပိုင်းများတွင် ပိုမိုအရေးကြီးသည်။
((သွေးပေါင်ကျမှု ကုသပုံများ))
● သွေးပေါင်ကျပါက ဆေးဝါးအကူအညီချက်ချင်း ရယူရန် အလွန်အရေးကြီးသည်။

● အစားအသောက်နှင့် နေထိုင်မှုပုံစံကို ပြောင်းလဲပေးခြင်းအားဖြင့် သွေးပေါင်ကျမှု ပြဿနာကို ဖြေရှင်းပေးနိုင်သည်။
● သွေးပေါင်ကျတတ်သူတို့အနေဖြင့် ဆား များများစားသုံးပေးခြင်း၊ ရေများများသောက်ခြင်းများ ပြုလုပ်ရန် လိုအပ်သည်
● သွေးပေါင်ကျတတ်သူများအနေဖြင့် ဆေးလိပ်နှင့် အရက်သေစာ ရှောင်ကြဉ်ရန် လိုသည်။
● လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အကြောလျှော့လေ့ကျင့်ခန်းကဲ့သို့ အန္တရာယ်မရှိသည့် ကိုယ်လက်လှုပ်ရှားမှုများက သွေးပေါင်ကျသူများအတွက် အကျိုးရှိသည်။

((နိုင်ငံတော်ဈာပန))

သို့သော် အခြေအနေကောင်းမွန်လာခြင်းမရှိဘဲ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် ၂၃း၃၀ အချိန်တွင် ကွယ်လွန်သွားခဲ့သည်။
Jharkhand ပြည်နယ်နှင့် မဟာရပ်ရှ်တရာပြည်နယ်အစိုးရတို့က ဝမ်းနည်းကြေကွဲဖွယ်နေ့အဖြစ် ကြေညာခဲ့ကြသည်။

အောက်တိုဘာ ၁၀ ရက်တွင် ရာတန်တာတာကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပေးခဲ့ပြီး သေနတ် ၂၁ ချက် ပစ်ဖောက်ကာ နောက်ဆုံးနှုတ်ဆက်ဂါရဝပြုခဲ့ကြသည်။
မွမ်ဘိုင်းရဲတပ်ဖွဲ့က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂါရဝပြုခဲ့ပြီး ရာတန်တာတာ၏ ရုပ်အလောင်းကို အိန္ဒိယအလံဖြင့် လွှမ်းခြုံပေးခဲ့ကြသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Ratan Tata news: This disease that led to multiple organ failure resulted in Ratan Tata’s death (india)