- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဗြိတိန်တွင် အခိုးခံရဆုံး ကားများနှင့် ခိုးယူပုံနည်းလမ်းများအကြောင်း confused.com က ထုတ်ပြန်ခဲ့ရာ Ford Fiesta မှာ ထိပ်ဆုံးတွင် ရပ်တည်နေ
ဗြိတိန်တွင် အခိုးခံရဆုံး ကားများနှင့် ခိုးယူပုံနည်းလမ်းများအကြောင်း confused.com က ထုတ်ပြန်ခဲ့ရာ Ford Fiesta မှာ ထိပ်ဆုံးတွင် ရပ်တည်နေ
- 261 views
Ford Fiesta မှာ ဗြိတိန်၏ အခိုးခံရဆုံးကားများစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေသည်။
Confused.com မှ စုဆောင်းရရှိခဲ့သော အချက်အလက်များအရ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ယခုနှစ် ဇူလိုင်လအထိ ဗြိတိန်တွင် Ford Fiesta အစင်းရေ ၁၀၃၅၀ ခိုးယူခံခဲ့ရသည်ဟု ဆိုသည်။
အဆိုပါ အချက်အလက်များမှာ ကားပိုင်ရှင်တို့က ၎င်းတို့၏ကား ခိုးယူခံရမှုကြောင့် confused.com တွင် အာမခံလျော်ကြေး လာရောက်ရှာဖွေစုံစမ်းမှုများအပေါ် အခြေခံထားခြင်းဖြစ်သည်။
ထို့ကြောင့် အမှန်တကယ်ခိုးယူခံရမှု ပမာဏမှာ ထိုထက် များပြားမည်မှာ အသေအချာပင်။
ခိုးယူခံရမှု ဒုတိယအများဆုံးကားမှာ Volkswagen Golf ဖြစ်ပြီး ၆ နှစ်ခွဲကာလအတွင်း အစင်းရေ ၉၅၀၀ ခိုးယူခံခဲ့ရသည်။
တတိယနေရာတွင် ရှိနေသည်မှာ BMW 3 Series ဖြစ်ပြီး အစင်းရေ ၉၁၀၀ ကျော် ဖြစ်သည်။
(၂၀၁၈ မှ ၂၀၂၄ အထိ ခိုးယူခံရမှုအများဆုံး ထိပ်တန်းကား ၁၀ မျိုး)
Ford Focus နှင့် BMW 1 Series မှာ အစင်းရေ ၆၀၀၀ ကျော်၊ Mercedes C Class, Audi A3 နှင့် Range Rover Sport တို့မှာ အစင်းရေ ၅၀၀၀ ကျော်နှင့် Vauxhall Corsa, Astra တို့မှာ အစင်းရေ ၄၀၀၀ ကျော် အသီးသီး ခိုးယူခံခဲ့ရသည်။
ဈေးနှုန်းနှိုင်းယှဉ်ပြသသောဝက်ဘ်ဆိုက် confused.com ၏ အချက်အလက်များအရ အထက်ဖော်ပြပါ ကာလအတွင်း ဗြိတိန်တွင် ကားအစင်းရေ ၂၅၀,၀၀၀ ကျော် ခိုးယူခံခဲ့ရသည်ဟု ဆိုသည်။
ပစ်မှတ်အထားခံရဆုံးကားအမျိုးအစားမှာ ဗြိတိန်တဝန်း နေရာဒေသအလိုက် ကွဲပြားသည်။
လန်ဒန်မြို့ထဲပိုင်းတွင် ၂၀၁၈ ခုနှစ်နောက်ပိုင်း ကားအစင်းရေ ၃၀၀၀၀ နီးပါး ခိုးယူခံခဲ့ရပြီး အများဆုံး အခိုးခံရသည်မှာ BMW X6 SUV ဖြစ်သည်။
ဘာမင်ဂမ်တွင် ထိုကာလအတွင်း ကားအစင်းရေ ၂၈၀၀၀ ခိုးယူခံရပြီး အများဆုံး အခိုးခံရသည်မှာ Ford Fiesta ဖြစ်သည်။
Confused.com ၏ သုတေသနအရ ကားသူခိုးတို့သည် ၎င်းတို့၏ ခိုးယူမှုနည်းလမ်းများနှင့် ပတ်သက်ပြီး ကြောက်ရွံ့မှု မရှိဘဲ ကျူးလွန်နေကြခြင်းဖြစ်ရာ လူတိုင်းကားအခိုးခံရမည့် အန္တရာယ်ရှိကြောင်း ပြသနေသည်။
အိမ်အပြင်ဘက်တွင် ရပ်နားထားသော ကားများ ခိုးယူခံရမှုမှာ ရာခိုင်နှုန်းအများဆုံးဖြစ်ပြီး ၂၈ ရာခိုင်နှုန်းရှိသည်။
ခြံဝန်းအတွင်း ရပ်နားထားသောကားများ ခိုးယူခံရမှုမှာ ၁၅ ရာခိုင်နှုန်း ရှိသည်။
ကားသူခိုးတို့သည် ကားခိုးရာတွင် နည်းလမ်းမျိုးစုံ အသုံးပြုကြသည်။
ကားသော့မရှိဘဲ ignition system ကို ကျော်ဝင်ကာ ကားစက်နှိုးသည့်နည်းဖြင့် ခိုးယူမှုမှာ ၂၃ ရာခိုင်နှုန်း၊ ကားမှန်ရိုက်ခွဲကာ ခိုးယူသည့်နည်းမှာ ၂၂ ရာခိုင်နှုန်းနှင့် အိမ်ထဲသို့ ခိုးဝင်ကာ ကားသော့ခိုးသည့်နည်းဖြင့် ခိုးယူမှုမှာ ၁၀ ရာခိုင်နှုန်း ဖြစ်သည်။
သို့သော် ကားပျောက်ဆုံးသူ ၁၀ ဦးအနက် ၉ ဦးမှာ မကြာမီတွင် ကားပြန်ရလေ့ရှိကြသည်ဟု ဆိုသည်။
ကားပျောက်ဆုံးမှု ၅ ခုအနက် ၃ ခုမှာ ရဲတပ်ဖွဲ့က ပြန်လည်ရှာဖွေပေးခဲ့ခြင်းဖြစ်ပြီး ၁၅ ရာခိုင်နှုန်းမှာမူ ကိုယ်တိုင်ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ပြန်ရသော ကား ၁၀ စင်းအနက် ၉ စင်းမှာ ပျက်ဆီးနေလေ့ရှိသည်။
ပြင်ဆင်စရိတ် ပျှမ်းမျှအားဖြင့် ၃၆၄ ပေါင်ခန့် ကုန်ကျကြပြီး ကားသစ်ဆိုလျှင် ၆၇၁ ပေါင်ခန့်အထိ ကုန်ကျလေ့ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Britain's most stolen cars revealed - so is YOURS one of them? (dailymail)