• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ထိုင်းတွင် ရွှေတုများ လိမ်လည်ရောင်းချသော ရွှေကုန်သည် ဇနီးမောင်နှံထံမှ ဘတ်ငွေ သန်း ၁၂၀ တန်ကြေးရှိ မော်တော်ကားများ ထိုင်းရဲတပ်ဖွဲ့သိမ်းဆည်း

ထိုင်းတွင် ရွှေတုများ လိမ်လည်ရောင်းချသော ရွှေကုန်သည် ဇနီးမောင်နှံထံမှ ဘတ်ငွေ သန်း ၁၂၀ တန်ကြေးရှိ မော်တော်ကားများ ထိုင်းရဲတပ်ဖွဲ့သိမ်းဆည်း

  • 211 views

ထိုင်းနိုင်ငံတွင် လိမ်လည်မှုဖြင့် စွပ်စွဲခံရသော ရွှေကုန်သည် ဇနီးမောင်နှံဖြစ်သော Mae Tuck နှင့် Pa Bia တို့ထံမှ စုစုပေါင်းဘတ်ငွေ သန်း ၁၂၀ တန်ဖိုးရှိ မော်တော်ကားများကို ထိုင်း စားသုံးသူကာကွယ်ရေး ရဲတပ်ဖွဲ့က သိမ်းယူလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

စားသုံးသူကာကွယ်ရေးရဲတပ်ဖွဲ့အကြီးအကဲ ရဲအရာရှိ ဗိုလ်မှူးချုပ် Withaya Sriprasertparp က ပြောသည်မှာ ဘန်ကောက်မြို့၊ Ram Intra အရပ်မှ ခြံဝန်းများအတွင်းနှင့် Pathum Thani ပြည်နယ်၊ Nong Sua ခရိုင်ရှိ ကုမ္ပဏီတစ်ခုတို့မှ luxury ကား ၄ စီး သိမ်းယူခဲ့ကြောင်း ပြောသည်။

အဆိုပါ သိမ်းယူမှုများမှာ အသက် ၃၇ နှစ်အရွယ်ရှိ Mae Tuck Suwannabut နှင့် သူမ၏ ခင်ပွန်းဖြစ်သူ အသက် ၃၅ နှစ်အရွယ်ရှိ Kanpon Rueang-aram (သို့မဟုတ်) Pa Bia တို့ ကျူးလွန်ခဲ့သော အမှုနှင့် ဆက်နွှယ်နေသည်။

Customer တို့က ရဲတပ်ဖွဲ့ထံ တိုင်တန်းခဲ့ကြသည်မှာ ၎င်းတို့သည် အဆိုပါစုံတွဲထံမှ လက်ဝတ်ရတနာများကို ရွှေအစစ်ထင်ကာ ဝယ်ယူခဲ့ကြကြောင်း တိုင်တန်းကြသည်။

ပြီးခဲ့သော အင်္ဂါနေ့က ထိုင်းရဲတပ်ဖွဲ့က သိမ်းယူခဲ့သော ကားများမှာ Porsche 911 Carrera S Coupe တစ်စင်း၊ Lamborghini တစ်စင်း၊ Ford Mustang Ecoboost Fastback တစ်စင်းနှင့် Volkswagen Caravelle T69 ဗန်တစ်စင်းတို့ ဖြစ်သည်။

ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သော ယာဉ်များတွင် တိုယိုတာ ပစ်ကပ်ထရပ် ၂ စင်းနှင့် မော်တော်ဆိုင်ကယ် ၅ စင်း လည်း ပါဝင်သည်။

အဆိုပါယာဉ်တို့၏ စုစုပေါင်း ခန့်မှန်းတန်ကြေးမှာ ဘတ်ငွေ သန်း ၅၀ ခန့်ရှိသည်ဟုဆိုသည်။

ဗိုလ်မှူးချုပ် Withaya က ပြောသည်မှာ ရဲတပ်ဖွဲ့အနေဖြင့် ယခင်ကလည်း ထိုဇနီးမောင်နှံပိုင်သော Luxury ကား ၅ စင်း သိမ်းဆည်းခဲ့သေးကြောင်း ပြောသည်။

ထို့ကြောင့် ထိုင်းရဲတပ်ဖွဲ့က သိမ်းယူခဲ့သည့် ယာဉ်များ အားလုံး၏ စုစုပေါင်းတန်ကြေးမှာ ဘတ်ငွေ သန်း ၁၂၀ ခန့်ရှိသည်။

Mae Tuck တို့ ဇနီးမောင်နှံ လူမှုကွန်ရက်တွင် ချပြခဲ့သော Luxury ကား အားလုံးကို ရဲတပ်ဖွဲ့က သိမ်းယူထားပြီးဖြစ်ကြောင်းလည်း စားသုံးသူကာကွယ်ရေး ရဲတပ်ဖွဲ့အကြီးအကဲက ပြောသည်။

လူမှုကွန်ရက်တွင် Mae Tuck တို့ဇနီးမောင်နှံချပြခဲ့သော ကားများအနက် ရဲတပ်ဖွဲ့သိမ်းယူမှုတွင် မပါဝင်သော ကားများရှိနေပုံရသော်လည်း ထိုကားများကိုပင် မတူညီသော ပုံသဏ္ဍာန်ဖြစ်စေရန် ပြောင်းလဲထားသည့် ဓာတ်ပုံများသာဖြစ်သည်ဟု ဆိုသည်။

စုံစမ်းစစ်ဆေးရေးမှူးတို့က Mae Tuck တို့ဇနီးမောင်နှံ ဘဏ်တွင် အပ်နှံထားသည့်ငွေ ဘတ် ၂၄ သန်းကိုလည်း သိမ်းဆည်းရမိထားကြောင်း ဗိုလ်မှူးချုပ် Withaya က ပြောသည်။

ထို့အပြင် နေအိမ် ၉ လုံး၊ မြေကွက် ၁၆ ကွက်နှင့် ဘတ်ငွေ ၂၈ ဒသမ ၇ သန်း တန်ကြေးရှိ တန်ဖိုးကြီး လက်ပတ်နာရီများ၏ ပိုင်ဆိုင်မှုကိုလည်း စစ်ဆေးနေသည်။

Mae Tuck တို့ ဇနီးမောင်နှံ၏ ရွှေထည်များကို ရောင်းရစေရန် ကြော်ငြာပေးခဲ့သော ရုပ်ရှင်မင်းသား၊ မင်းသမီးများနှင့် လူမှုကွန်ရက် influencer များကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Cars worth B120m seized from accused gold-fraud couple (bangkokpost)