- ပင်မစာမျက်နှာ
- ကားသတင်းများ
- Mark Zuckerberg က Porsche Cayenne တစ်စင်းကို Minivan အဖြစ် Modify ပြုလုပ်ကာ ဇနီးဖြစ်သူ ပရစ်ဆီလာအား လက်ဆောင်ပေး
Mark Zuckerberg က Porsche Cayenne တစ်စင်းကို Minivan အဖြစ် Modify ပြုလုပ်ကာ ဇနီးဖြစ်သူ ပရစ်ဆီလာအား လက်ဆောင်ပေး
- 210 views
လူတို့ ပြောလေ့ရှိသည့် စကားတစ်ခုရှိသည်။
ပျော်ရွှင်မှုကို ငွေဖြင့် ဝယ်ယူ၍ မရနိုင်။ သို့သော် ပြဿနာအများအပြားကို ငွေဖြင့် ဖြေရှင်း၍ ရသည်ဟူသော စကားဖြစ်သည်။
ဥပမာ သင်က ဇနီးဖြစ်သူကို Porsche တစ်စင်းဝယ်ပေးလိုပြီး ဇနီးက minivan စီးလိုနေသည်ဆိုကြပါစို့။
ထိုအခါ သင်မည်သို့လုပ်မည်နည်း။
အကယ်၍ သင်သည် ဘီလျံနာ စီအီးအိုတစ်ဦးဖြစ်သည်ဆိုပါက ထိုပြဿနာကို ငွေတစ်ထုပ်ဖြင့် ဖြေရှင်းနိုင်ပါသည်။
Mark Zuckerberg ကလည်း ထိုနည်းအတိုင်း ဖြေရှင်းခဲ့ခြင်း ဖြစ်၏။
Mark Zuckerberg က ဇနီးဖြစ်သူ ပရစ်ဆီလာ ချန်းကို စတိုင်ကျကျ ကားစီးစေလိုသည်။
Meta ၏ စီအီးအို Mark Zuckerberg က ပြီးခဲ့သော တနင်္ဂနွေ (အောက်တိုဘာလ ၆ ရက်)က Facebook တွင် ရေးသားဖော်ပြခဲ့သည်မှာ ဇနီးဖြစ်သူ ပရစ်ဆီလာ ချန်းအတွက် ဈေးကွက်တွင် မရနိုင်သော Porsche minivan တစ်စင်း လက်ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။
Mark Zuckerberg သည် West Coast Customs ဆိုင်နှင့် ပူးပေါင်းကာ Porsche Cayenne Turbo GT SUV ကို minivan အဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
(Mark Zuckerberg က ဇနီးဖြစ်သော ပရစ်ဆီလာအတွက် modify ပြုလုပ်ပေးခဲ့သော Porsche ။ ဓာတ်ပုံ- Mark Zuckerberg/ Instagram)
အင်စတာဂရမ် လူမှုကွန်ရက်တွင် Mark Zuckerberg က ရေးသားခဲ့သည်မှာ “ပရစ်ဆီလာက minivan တစ်စင်းလိုချင်တယ်။ ကျွန်တော်က ရှိသင့်ရှိထိုက်တယ်လို့ ယူဆတဲ့အရာတစ်ခုကို ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ အဲဒါကတော့ Porsche Cayenne Turbo GT Minivan ပါပဲ” ဟု ဆိုသည်။
Mark Zuckerberg က အင်စတာဂရမ်တွင် ဇနီးဖြစ်သူအား လက်ဆောင်ပေးခဲ့သော Porsche ၏ ဓာတ်ပုံကိုလည်း တင်ခဲ့သည်။
(Mark Zuckerberg က အင်စတာဂရမ် လူမှုကွန်ရက်တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်က တင်ခဲ့သော ပရစ်ဆီလာ၏ ဓာတ်ပုံ။ ဓာတ်ပုံ- Mark Zuckerberg/ Instagram)
Mark Zuckerberg လက်ဆောင်ပေးသော Porsche မှာ အခြားကားတို့နှင့် ကွဲပြားနေပြီး three row ဖြစ်သည်။
ထို feature မှာ Porsche တွင် ဝယ်ယူ၍ မရနိုင်ကြောင်း CarBuzz က ဖော်ပြသည်။
Mark Zuckerberg က ပရစ်ဆီလာ၏ Porsche တွင် frame ကို တိုးချဲ့ပေးလိုက်ပြီး နောက်တံခါးများကို slide တံခါးများ ထည့်ပေးထားသည်။
Second row တွင် တစ်ယောက်ထိုင်ခုံ ၂ လုံးထည့်ထားပြီး third row တွင် ခုံမည်မျှ ထည့်ထားသည်ကိုမူ မသိရချေ။
Mark Zuckerberg တို့ ဇနီးမောင်နှံတွင် Maxima (၉ နှစ်) ၊ August (၇ နှစ်) နှင့် Aurelia (၁၈ လ) ဟူသော သမီး ၃ ဦး ထွန်းကားထားသည်။
Mark Zuckerberg သည် ယခုနှစ် သြဂုတ်လအတွင်းကလည်း ဇနီးဖြစ်သူ ပရစ်ဆီလာ၏ ရုပ်တုကြီးကို နေအိမ်ခြံဝန်းအတွင်း စိုက်ထူထားခဲ့သေးသည်။
ဇနီးဖြစ်သူတို့၏ ရုပ်ပုံကို ရုပ်တုထုလုပ်ကြသော ရောမယဉ်ကျေးမှုကို ပြန်လည်ဆောင်ကြဉ်းပေးခြင်း ဖြစ်သည်ဟုလည်း Mark Zuckerberg က သြဂုတ်လ ၁၃ ရက်က အင်စတာဂရမ်တွင် ရေးသားခဲ့ပြီး ပရစ်ဆီလာ၏ ရုပ်တုကိုလည်း ဓာတ်ပုံရိုက်ကာ တင်ခဲ့သေးသည်။
(ဆက်စပ်သတင်း)
Mark Zuckerberg က နေအိမ်နောက်ဘက် ခြံဝန်းအတွင်း ဇနီးဖြစ်သူ ပရစ်ဆီလာ၏ ရုပ်တုကြီး စိုက်ထူထားရှိ
https://www.imyanmarhouse.com/news/read/1120633
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Mark Zuckerberg had a Porsche Cayenne Turbo GT Minivan made for his wife (roadandtrack, people, motortrend)