• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဗြိတိန်တွင် ၂၀၃၀ ပြည့်နှစ်သို့ရောက်လျှင် ဓာတ်ဆီနှင့် ဒီဇယ်ကားများ ရောင်းချခွင့် ပိတ်ပင်တော့မည် ဖြစ်သော်လည်း hybrid များကိုမူ ၂၀၃၅ ခုနှစ်အထိ ရောင်းချခွင့်ပေးထားမည်ဟုဆို

ဗြိတိန်တွင် ၂၀၃၀ ပြည့်နှစ်သို့ရောက်လျှင် ဓာတ်ဆီနှင့် ဒီဇယ်ကားများ ရောင်းချခွင့် ပိတ်ပင်တော့မည် ဖြစ်သော်လည်း hybrid များကိုမူ ၂၀၃၅ ခုနှစ်အထိ ရောင်းချခွင့်ပေးထားမည်ဟုဆို

  • 202 views


ဗြိတိန်တွင် ၂၀၃၀ ပြည့်နှစ်သို့ ရောက်လျှင် ဓာတ်ဆီနှင့် ဒီဇယ်ကားသစ်များ ရောင်းချခွင့် ပိတ်ပင်သွားမည်ဖြစ် သော်လည်း hybrid အချို့ကိုမူ ၅ နှစ်ပိုမို ရောင်းချခွင့်ပေးထားမည်ဟု ဗြိတိန်အစိုးရက ထုတ်ပြန်သည်။

လျှပ်စစ်ကားများဆီသို့ လျင်မြန်စွာကူးပြောင်းမည်ဟု ပြောဆိုထားသော မူဝါဒကတိကဝတ်ကို ဖျက်သိမ်းရန် ဗြိတိန်အစိုးရက ငြင်းပယ်ထားသည်။

ယခုဆယ်စုနှစ်အကုန်တွင် ICE ကားများ ရောင်းချမှု ပိတ်ပင်မည့် ကာလသတ်မှတ်ချက်ကို ဆက်လက် ကိုင်စွဲ အကောင်အထည်ဖော်သွားမည်ဟု အာဏာရလေဘာပါတီက ပြောကြားကြောင်း This is Money က အတည်ပြုသည်။

သို့သော် hybrid ကားအချို့အတွက်မူ ချွင်းချက်ရှိသည်။

အင်ဂျင်နှင့် ဘက်ထရီ၊မော်တာ ၂ မျိုးသုံး hybrid ကားများကို ၂၀၃၅ ခုနှစ်အထိ ရောင်းချခွင့် ပေးထားမည် ဖြစ်သည်။

သို့သော် ထိုဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ရေးရာ လှုပ်ရှားသည့်အဖွဲ့များ သဘောကျ ဖွယ်မရှိချေ။

၎င်းတို့က hybrid များမှာ ကားလောက၏ သိုးရေခြုံသော ဝံပုလွေများဖြစ်သည်ဟု ပြောကြပြီး ICE ကားများ ပိတ်ပင်မှုတွင် Hybrid များကို ချန်လှပ်မထားသင့်ကြောင်း ပြောဆိုကြသည်။

 


(၂၀၃၀ ပြည့်နှစ်တွင် ဓာတ်ဆီနှင့် ဒီဇယ်ကားသစ်များ ရောင်းချမှု ပိတ်ပင်ပြီးနောက်ပိုင်း hybrid များကို ၅ နှစ်ဆက်လက် ရောင်းချခွင့်ပေးထားမည်ဟု ဗြိတိန်ပို့ဆောင်ရေးဌာနက အတည်ပြုသည်)

 

လက်ရှိဈေးကွက်တွင် hybrid မျိုးကွဲ ၃ မျိုး ရောင်းချလျက်ရှိရာ ၂၀၃၀ ပြည့်နှစ် နောက်ပိုင်းတွင် မည်သည့် အမျိုးအစားများ ဆက်လက်ရောင်းချခွင့်ရမည်နည်းဟူသည့် မေးခွန်းတစ်ခု ရှိနေသည်။

ဗြိတိန်အစိုးရက ၂၀၃၀ တွင် ICE ကားသစ်များ ရောင်းချမှု ပိတ်ပင်မည်ဟူသော မူဝါဒအတိုင်း ဆက်သွားမည်ဟု အခိုင်အမာပြောထားသည်။

ဝန်ကြီးချုပ်(ဟောင်း) ရီရှီဆူးနက်ကမူ လျှပ်စစ်ကားများဆီသို့ ပြည်သူများ ကူးပြောင်းကြမှုမှာ မျှော်မှန်းထားသလောက်ဖြစ်မလာဘဲ နှေးကွေးနေသောကြောင့် သတ်မှတ်ကာလကို ၂၀၃၅ ခုနှစ်အထိ ရွှေ့ဆိုင်းလိုသည်။

ဗြိတိန်ပြည်သူများ လျှပ်စစ်ကားဆီသို့ ကူးပြောင်းမှု နှေးကွေးရခြင်းမှာ လျှပ်စစ်ကားများအတွက် အာမခံကြေး မြင့်မားသောကြောင့်လည်း ပါဝင်သည်။

ဗြိတိန်အစိုးရ၏ မူဝါဒတွင် ၂၀၃၀ ပြည့်သို့ ရောက်ပါက ICE ကားသစ်များ ရောင်းချမှု ပိတ်ပင်မည်ဟု ကားထုတ်လုပ်သူများကို သေချာစွာ သတင်းစကားပေးထားသည်။

သို့သော် ယခုအခါ အချို့သော Hybrid များကို သက်တမ်း ၅ နှစ် တိုးမြှင့်ပေးအပ်လာခြင်းလည်း ဖြစ်သည်။

ကမ္ဘာ့အထင်ကရ ကားကုမ္ပဏီကြီး များစွာမှာ လျှပ်စစ်ကား ထုတ်လုပ်မှု လျှော့ချခြင်း၊ လျှပ်စစ်ကားများဆီသို့ ကူးပြောင်းမည့် အစီအစဉ်များအား ဆိုင်းငံ့ခြင်းများ ပြုလုပ်လာချိန်တွင် ဗြိတိန်အစိုးရ၏ ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

Fiat ကုမ္ပဏီမှာ လျှပ်စစ်ကား ဝယ်လိုအား မရှိသောကြောင့် 500e လျှပ်စစ်ကား ထုတ်လုပ်မှုကို ရက်သတ္တ ၄ ပတ် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပြီးခဲ့သော ရက်သတ္တပတ်က ကြေညာခဲ့သည်။

ထို့အပြင် Volvo ကလည်း ၂၀၃၀ ပြည့်နှစ်သို့ရောက်လျှင် လျှပ်စစ်ကားများသာ ထုတ်လုပ်သည့် ကုမ္ပဏီအဖြစ် ကူးပြောင်းရန် ရည်မှန်းထားမှုကို ဖျက်သိမ်းကြောင်း၊ လျှပ်စစ်ကား ဝယ်လိုအားမှာ မျှော်မှန်းထားသလောက် မရှိသောကြောင့်ဖြစ်ကြောင်း ပြီးခဲ့သောလအတွင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Hybrid cars to remain on sale for five more years after 2030 petrol and diesel ban (dailymail)

Photo Credit-dailymail