• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အိန္ဒိယမှ ရတနာကုန်သည်ကြီးက ၎င်းအား အထင်မြင်သေး ဆက်ဆံသော ကားပြခန်းမှ Rolls Royce ကားကို ဝယ်ယူပြီး မဲဖောက်ကာ ပေးကမ်းပစ်ခဲ့သည့်ဖြစ်ရပ်

အိန္ဒိယမှ ရတနာကုန်သည်ကြီးက ၎င်းအား အထင်မြင်သေး ဆက်ဆံသော ကားပြခန်းမှ Rolls Royce ကားကို ဝယ်ယူပြီး မဲဖောက်ကာ ပေးကမ်းပစ်ခဲ့သည့်ဖြစ်ရပ်

  • 1596 views

ဂျွိုင်း အလုကာ့စ် (Joy Alukkas) သည် အိန္ဒိယ ကျောက်မျက်ရတနာ လုပ်ငန်းရှင် သူဌေးကြီးဖြစ်ပြီး Joyalukkas ကျောက်မျက်ရတနာ ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သည်။

အလုကာ့စ်သည် အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၅၀ ဦးစာရင်းတွင် ပါဝင်ပြီး သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းရသည်။

အလုကာ့စ်၏ ရတနာကုမ္ပဏီသည် အရှေ့အလယ်ပိုင်းနှင့် အိန္ဒိယတွင် ဈေးကွက်အခိုင်အမာရရှိထားပြီးဖြစ်ကာ ရွှေနှင့် စိန်ထည် ရတနာလောကအပေါ် ကြီးမားသည့် သြဇာလွှမ်းမိုးမှု ရှိသည်။

အသက် ၆၇ နှစ်အရွယ်ရှိ သူဌေးကြီး အလုကာ့စ်က ဒူဘိုင်းရှိ Rolls Royce ကားပြခန်းတွင် ရင်ဆိုင်ခဲ့ရသည့် ဖြစ်ရပ်ကို တစ်သက်တာ မမေ့နိုင်ခဲ့။

အလုကာ့စ်သည် ၂၀၀၀ ပြည့်နှစ်အတွင်း အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းရှိ Rolls Royce ပြခန်းတစ်ခုသို့ သွားရောက်ကြည့်ရှုခဲ့ရာတွင် ကြုံတွေ့ခဲ့ရသည့်ဖြစ်ပုံကို CNBC-TV18 နှင့် မကြာသေးမီက တွေ့ဆုံမေးမြန်းခန်းတွင် ထုတ်ဖော်ပြောပြခဲ့ခြင်း ဖြစ်သည်။

ဖိတ်ဖိတ်တောက်သော ပြခန်းထဲသို့ အလုကာ့စ်ဝင်သွားချိန်တွင် ဝန်ထမ်းတစ်ဦး ချဉ်းကပ်လာကာ ဘာအလိုရှိပါသနည်းဟု မေးမြန်းခဲ့၏။

“ကျွန်တော်က Rolls Royce ကား ကြည့်ချင်တယ်လို့ ပြောခဲ့တယ်။ luxury ကားတွေကို ဝယ်မယ့် သူတွေဆိုရင် ထုံးစံအားဖြင့် နွေးနွေးထွေးထွေး ကြိုဆိုတတ်ကြပေမယ့် အဲ့လိုမကြိုဆိုဘဲ ဝန်ထမ်းက…. No ... No လူကြီးမင်းအနေနဲ့ ကားဝယ်ချင်ရင် Mitsubishi ပြခန်းကိုသွားပါ။ အဲဒီမှာ ကားဝယ်လို့ ရပါတယ်… လို့ သူက ပြောခဲ့တယ်” ဟု အလုကာ့စ်က ပြန်ပြောင်းပြောပြသည်။

“အဲဒီအချိန်မှာ ကျွန်တော်တွေးမိတာက…ဒီလိုဆက်ဆံခံရတာ ရှက်ဖို့ကောင်းတယ်..လို့ တွေးပြီး ကားတစ်စီး ဝယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီကားကိုပဲ ကျွန်တော် ဝယ်ခဲ့ပါတယ်” ဟု ဘီလျံနာ သူဌေးကြီး အလုကာ့စ်က ဆက်လက်ပြောပြသည်။

၂၀၀၀ ပြည့်လွန် အစောပိုင်းကာလများက အိန္ဒိယတွင် Rolls Royce စီးနိုင်သူ လက်တစ်ဆုပ်စာမျှသာ ရှိသည်။

အခြားသူများဆိုလျှင် ထိုသို့ မလေးမစား ဆက်ဆံခံရပါက အမျက်ထွက်ကာ ကားမဝယ်ဘဲ လှည့်ပြန်သွားမည် ဖြစ်သော်လည်း အလုကာ့စ်ကမူ ထိုဖြစ်ရပ်ကို အပြုသဘောဆောင်သော ရလဒ်တစ်ခု ထွက်လာစေရန် ဆုံးဖြတ်ကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ကားဝယ်ပြီးနောက် အလုကာ့စ်က မိမိအတွက် အလွန်တရာ ခမ်းနားလှသော ကား မလိုအပ်ဟု သုံးသပ်ခဲ့ကာ အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် ၎င်းဖွင့်လှစ်ထားသော ရတနာဆိုင်များမှ နှစ်စဉ်ကျင်းပသော ကံစမ်းမဲ ဖွင့်ပွဲတွင် Rolls Royce ကားပေးမည်ဟု ကြော်ငြာကာ ကံထူးသူအား မဲဖောက်ပေးအပ်ခဲ့သည်။

((ဂျွိုင်း အလုကာ့စ် ဘယ်သူလဲ))

ဂျွိုင်းအလုကာ့စ်၏ မိဘများမှ ကျောက်မျက်ရတနာလောကမှ ဖြစ်သည်။
အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်၊ Thrissur မြို့ရှိ စိန့်သောမတ်စ် ကောလိပ်တွင် ပညာဆည်းပူးခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် စီးပွားရေးလောကသို့ စတင်ဝင်ရောက်ခဲ့သည်။

ဖခင်ဖြစ်သူ Alukkas Varghese က Alukkas Jewellery လက်ဝတ်ရတနာဆိုင်ကို ၁၉၅၆ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

စတင်ဖွင့်လှစ်ချိန်က Thrissur မြို့တွင် စတုရန်းပေ ၂၀၀ မျှသာရှိသော ဆိုင်ခန်းလေးဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် နှစ်ပေါင်းများစွာ ကာလအတွင်း ရတနာဆိုင်မှာ ကြီးပွားအောင်မြင်လာခဲ့ပြီး ယနေ့ကာလတွင်ကား Joyalukkas Group သည် အိန္ဒိယတွင် ဆိုင်ခွဲပေါင်း ၁၀၀ ကျော်၊ ပြည်ပတွင် ဆိုင်ခွဲပေါင်း ၆၀ ကျော်ရှိကာ ဝန်ထမ်းပေါင်း ၉၀၀၀ ကျော်ရှိသည်။

အလုကာ့စ်၏ ချင်းနိုင်မြို့တွင် ဖွင့်လှစ်ထားသော ရွှေဆိုင်ကြီးမှာ ကမ္ဘာ့အကြီးမားဆုံး ရွှေဆိုင်ကြီး ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Meet India’s richest jeweller, one Rolls Royce changed his life forever, his whopping net worth is…., his brand is…(india)