ဟောလိဝုဒ်ထိပ်သီးကြယ်ပွင့် အင်ဂျလီနာ ဂျိုလီ၏ Ferrari ကန်ဒေါ်လာ ၈၇၀,၀၀၀ ကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ

  • 117 views

ဟောလိဝုဒ် A-lister တစ်ဦးဖြစ်သူ အင်ဂျလီနာဂျိုလီ၏ Ferrari 250 GT ပြိုင်ကား ကန်ဒေါ်လာ ၈၇၉,၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

အမေရိကန်ရုပ်ရှင်ကြယ်ပွင့် အင်ဂျလီနာဂျိုလီပိုင်ဆိုင်ထားသော မော်တော်ကားများတွင် ၁၉၅၈ ခုနှစ်မော်ဒယ် Pinnin Farina coupe လည်း ပါဝင်သည်။

 


(Ferrari 250 GT ကို ကန်ဒေါ်လာ ၈၇၉၀၀၀ ဖြင့် အရောင်းဈေးကွက်တင်လာသည်။ ဓာတ်ပုံ-Jam Press/ Christies/ Mathieu Heur)

 

(အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၁၇၄ မိုင်ရှိပြီး 0-60 mph အမြန်နှုန်းကို ၅ ဒသမ ၈ စက္ကန့်အောက်ဖြင့် ရရှိနိုင်သည်။ ဓာတ်ပုံ-Jam Press/ Christies/ Mathieu Heur)


Ferrari 250 GT မော်ဒယ်ကို စုစုပေါင်း ၃၅၃ စင်းသာ ထုတ်လုပ်ထားသည့်အနက် အင်ဂျလီနာ ဂျိုလီ၏ ကားမှာ ၁၁ စင်းမြောက် ထုတ်လုပ်ခဲ့သောကားဖြစ်သည်။

တောက်ပသော အနက်ရောင်ကိုယ်ထည်ကို မျက်စိပသာဒဖြစ်ဖွယ် အနီရောင် သားရေအတွင်းပိုင်း မွမ်းမံမှုများနှင့် ပေါင်းစပ်ထားသည်။

အင်ဂျလီနာ ဂျိုလီ၏ ယခုမော်ဒယ်ကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ Grand Palais ၏ မှန်အမိုးခုံးအောက်တွင် ၁၉၅၈ ခုနှစ်က ပြသထားခဲ့ဖူးသည်။

ထိုသို့ စတင်ပြသခဲ့ပြီး ၆၆ နှစ်ကြာသောအခါ မူလပြသခဲ့သောနေရာမှ ခဲတစ်ပစ်မျှသာ ကွာဝေးသောနေရာတွင် လေလံတင်ရောင်းချတော့မည် ဖြစ်သည်။

အင်ဂျလီနာ ဂျိုလီ၏ Ferrari ကို လာမည့် နိုဝင်ဘာလ ၂၀ ရက်တွင် လေလံတင်ရောင်းချရန် စီစဉ်ထားကြောင်း Luxury Auto News သတင်းဌာနက ဖော်ပြသည်။

အင်ဂျလီနာ ဂျိုလီသည် သူ၏ မော်တော်ကားများအနက်မှတစ်စင်းကို ရောင်းချရန် စီစဉ်လာကြောင်း လေလံတင်ပေးမည့် Christie’s လေလံကုမ္ပဏီက ထုတ်ပြန်သည်။

“ကားဝါသနာအိုးတွေနဲ့ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ထူးခြားတာတစ်ခုကို ပိုင်ဆိုင်နိုင်မယ့် ထူးခြားတဲ့ အခွင့်အရေးတစ်ခုပါ” ဟု Christie’s ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

“၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလထဲမှာ Christie’s အနေနဲ့ ဂျိုလီရဲ့ Ferrari 250 GT အတွက် ကော်ဇောနီခင်းပွဲ ကျင်းပသွားမှာ ဖြစ်ပါတယ်”

“ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး classic ကားတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး လှပမှုနဲ့ မြင်းကောင်ရေအားတို့ ပေါင်းစပ်ပေးထားပါတယ်။ ဒါကြောင့် အကောင်းဆုံးအနုပညာမြောက်ပစ္စည်းတွေ စာရင်းမှာ ပါဝင်တာကို သံသယဖြစ်ဖွယ် မရှိပါဘူး”

အသက် ၄၉ နှစ်အရွယ်ရှိ အင်ဂျလီနာ ဂျိုလီ၏ Ferrari ကို ပြင်သစ်နိုင်ငံမှ Antibes ပင်လယ်ကမ်းခြေ မြို့လေးတွင် ပြသထားသည်။

 

(လာမည့် နိုဝင်ဘာလ ၂၀ ရက်တွင် လေလံတင်ရောင်းချရန် စီစဉ်ထားသည်။ ဓာတ်ပုံ-Jam Press/ Christies/ Mathieu Heur)

 

(ဇွန်လ ၁၆ ရက်က ကျင်းပခဲ့သော Tony Awards ဆုပေးပွဲသို့ အင်ဂျလီနာ ဂျိုလီနှင့် ဂျပ်စတင် လီဗင်းတို့ တက်ရောက်ခဲ့ကြပုံ။ ဓာတ်ပုံ-Jam Press/ Christies/ Mathieu Heur)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Hollywood A-lister’s Ferrari on sale for £670k – but who was its famous owner? (thesun)

Photo Credit- Jam Press/ Christies/ Mathieu Heur