• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • သဘာဝကပ်ဘေးကာလတွင် ဆီကားများထက် လျှပ်စစ်ကားများက ပိုမိုရှင်သန်လည်ပတ်နိုင်ကြောင်း Helene ဟာရီကိန်းမုန်တိုင်းကာလဖြစ်ရပ်များက သက်သေထူ

သဘာဝကပ်ဘေးကာလတွင် ဆီကားများထက် လျှပ်စစ်ကားများက ပိုမိုရှင်သန်လည်ပတ်နိုင်ကြောင်း Helene ဟာရီကိန်းမုန်တိုင်းကာလဖြစ်ရပ်များက သက်သေထူ

  • 281 views


EV များအပေါ် ဝေဖန်ကြသူများက ဆီကားများသည် EV များထက် ကပ်ဘေးကာလတွင် ပိုမိုရှင်သန် လည်ပတ်ရန် ဖြစ်နိုင်ချေရှိကြောင်း ပြောဆိုခဲ့မှုများ ရှိသည်။

သဘာဝကပ်ဘေးကာလတွင် လျှပ်စစ်ပြတ်တောက်ပါက EV များမှာ အားသွင်း၍ မရနိုင်ကြောင်း ပြောဆို ကြသည်။

သို့သော် မကြာသေးမီက ဖလော်ရီဒါပြည်နယ်တွင် တစ်နာရီ မိုင် ၁၄၀ နှုန်းဖြင့် တိုက်ခတ်ခဲ့သော Helene ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်အပြီး EV ပိုင်ရှင်များမှာ သာမန်အချိန်အတိုင်း ကားမောင်းသွားလာနိုင်ကြ သော်လည်း ဆီကားပိုင်ရှင်များမှာမူ ဆီဆိုင်များ ပိတ်ထားရမှုကြောင့် ကားမမောင်းနိုင်ခဲ့ကြ။

Helene ဟာရီကိန်းမုန်တိုင်းကြီးသည် ဖလော်ရီဒါတွင် တိုက်ခတ်ခဲ့သမျှမုန်တိုင်းများအနက် အင်အား အပြင်းထန်ဆုံးဖြစ်ပြီး မုန်တိုင်းကြောင့် ကန်ဒေါ်လာ ၃၇ ဒသမ ၅ ဘီလီယံဖိုး ပျက်စီးဆုံးရှုံးခဲ့ရသည်။

အမေရိကန်ပြည်ထောင်စုသည် ဥရောပ၊ တရုတ်ပြည်တို့ထက်စာလျှင် EV သို့ ကူးပြောင်းမှု နှေးကွေး သော်လည်း အမေရိကတွင် EV တို့မှာ ယခင်ကထက် ပိုမိုကျော်ကြားလာနေသည်မှာမူ ငြင်းချက်ထုတ်ဖွယ် မရှိချေ။

သို့သော် EV တို့နှင့် စပ်လျဉ်းပြီး မကြာသေးမီနှစ်များအတွင်း သဘောထားကွဲပြားမှု ပိုမိုများပြားလာသည်။

အားသွင်းစခန်းများကို ပိတ်ဆို့ထားခြင်း၊ အားသွင်းစခန်းနေရာကို ဆီကားတို့ဖြင့် ရည်ရွယ်ချက်ရှိရှိ လမ်းပိတ်ထားခြင်းများမှသည် လက်သရမ်း ဖျက်ဆီးခြင်း၊ EV စီးသူတို့ကို ရိုင်းစိုင်းသည့် အပြုအမူများ ပြုလုပ်ခြင်းတို့အထိ EV ပိုင်ရှင်များ ရင်ဆိုင်ရသည်။

အဆိုးရွားဆုံးမှာ EV ဆန့်ကျင်ရေး ဝါဒဖြန့်မှုများဖြစ်ပြီး EV ဝယ်မည့်သူများကို ခြောက်လှန့်ရန် ကြိုးစားကြခြင်းများ ဖြစ်သည်။

EV တို့သည် ဈေးကြီးကာ အသုံးမဝင်သောအရာများဖြစ်ကြောင်း၊ မိုင်အနည်းငယ် စီးရန်အတွက် နာရိပေါင်းများစွာ အားသွင်းရကြောင်း ပုံဖော်ကြသည်။

အဓိက အချက်မှာ EV တို့သည် ဖုန်းများ၊ Laptop များကဲ့သို့ နှစ်အနည်းငယ်ကြာလျှင် ဘက်ထရီလဲရမည်ဟု ယုံကြည်နေကြခြင်း ဖြစ်သည်။

ထို့အပြင် EV တို့သည် ဘီးတပ်ထားသော ဗုံးများဖြစ်ကြောင်း၊ အချိန်မရွေး ထပေါက်နိုင်ကြောင်း ပြောဆိုမှုများလည်း ရှိသည်။

တိုက်ဆိုင်စွာပင် EV များ မဝယ်ရန် အဓိကအကြောင်းရင်းအနေဖြင့် အဆိုပါ Hoax တို့ကို ရည်ညွှန်းတတ်ကြသည်။

ပြဿနာမရှိပါ။ ခေတ်ပေါ် EV များမှာ ၁၅ မိနစ်အားသွင်းရုံဖြင့် မိုင်ရာနှင့်ချီကာ မောင်းနိုင်ကြပြီး ၈၀ ရာခိုင်နှုန်းအထိ အားပြည့်ရန် အားသွင်းချိန် နာရီဝက်အောက်သာ ကြာမြင့်သည်။

Chevrolet Equinox EV ကဲ့သို့ ဈေးအသက်သာဆုံး EV များသည်ပင်လျှင် အားတစ်ကြိမ်သွင်းထားလျှင် မိုင် ၃၀၀ ကျော် မောင်းနိုင်သည်။

လေ့လာချက်များက ပြသနေသည်မှာ EV တို့၏ ဘက်ထရီများသည် လူတို့ မှတ်ထင်ထားသည်ထက် ပိုမိုယုံကြည်စိတ်ချရကြောင်း ပြသနေပြီး အများစုမှာ ၈ နှစ် အာမခံ ထားသည့်ကာလထက် ပိုမိုသက်တမ်း ကြာရှည်ခံကြသည်။

အခြားလေ့လာချက်များအရလည်း EV တို့သည် ဆီကားလောက် မီးလောင်နိုင်ချေ မရှိကြောင်း တွေ့ရှိကြသည်။

အမေရိကန်ပြည်၊ မြောက်ကာရိုလိုင်းနားတွင် Helene ဟာရီကိန်းမုန်တိုင်းကြောင့် မော်တော်ကားများစွာ ရေကြီးမှုကြောင့် ပျက်စီးခဲ့ကြရာ စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ ပျက်စီးသွားသည့်ကားအများစုမှာ ဆီကားများဖြစ်ကြသည်။

EV များ မဟုတ်ချေ။

မြောက်ကာရိုလိုင်းနားပြည်နယ်၊ Asheville မြို့တွင် Rivian R1T ပစ်ကပ်ထရပ် လျှပ်စစ်ကားတစ်စီးမှာ ရွှံ့ထဲတွင် တစ်စင်းလုံး နစ်သွားခဲ့သည်။

ရေထဲတွင် ပေရာပေါင်းများစွာ မျောပါသွားခဲ့သော်လည်း ကားကို ပြန်တွေ့ချိန်တွင် ကားမှာ မောင်းနှင်၍ ရနေဆဲပင်။

ကား၏ seal များမှာ အလွန်ကောင်းလှပြီး ကားအတွင်းသို့ ရေမဝင်ခဲ့။

စိတ်မကောင်းဖွယ်အချက်မှာ ICE ကားများမှာမူ ရေဒဏ်ကြောင့် လုံးဝပျက်ဆီးသွားခဲ့ကြသည်။

အဆိုပါ ရွှံ့ဖုံးနေသော R1T ထရပ်ကားသည် Rivian ၏ အရည်အသွေးအတွက် လမ်းပေါ်တွင် အခမဲ့လိုက်လံကြော်ငြာပေးနေ သည့် ရွေ့လျားကြော်ငြာဆိုင်းဘုတ်သဖွယ်ဖြစ်လာရုံမျှမက သဘာဝကပ်ဘေး ကာလတွင် EV တို့၏ ကြံ့ကြံ့ခံနိုင်မှုကိုပါ ပြသနေသည်။

ထိုကားပိုင်ရှင်မှာ ယခုအခါ နာမည်ကြီးနေသည်။

ဆီကားထက် EV ကိုသာ ရွေးချယ်ဝယ်ယူခဲ့မှုအပေါ် ၎င်းထက် ဝမ်းသာမည့်သူ မရှိနိုင်တော့ချေ။

မုန်တိုင်းဒဏ်နှင့် ရေကြီးမှုကြောင့် နေအိမ်ပျက်စီးသွားရာ R1T ပိုင်ရှင်မှာ လက်ရှိအားဖြင့် သူ၏ ကားကို ခိုလှုံရာစခန်းအဖြစ် အသုံးပြုနေသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Electric Vehicles Have Proven More Resilient Than Gas-Powered Vehicles During Disasters (autoevolution)