- ပင်မစာမျက်နှာ
- ကားသတင်းများ
- မူကက်ရှ် အမ်ဘာနီ၏ ယာဉ်မောင်းရသော လစာမှာ ကုမ္ပဏီအများစု၏ အမှုဆောင်များ ရသော လစာထက် များပြား
မူကက်ရှ် အမ်ဘာနီ၏ ယာဉ်မောင်းရသော လစာမှာ ကုမ္ပဏီအများစု၏ အမှုဆောင်များ ရသော လစာထက် များပြား
- 615 views
မူကက်ရှ် အမ်ဘာနီသည် Reliance Industries ၏ ဥက္ကဌ၊ မန်နေးဂျင်း ဒါရိုက်တာဖြစ်သည်။
Reliance Industries သည် အိန္ဒိယစီးပွားရေး၏ အခိုင်မာဆုံးဒေါက်တိုင်များတွင် ပါဝင်သည်။
သူ၏ ကျိကျိတက်ချမ်းသာကြွယ်ဝမှုကို တကမ္ဘာလုံးရိုက်ခတ်ခံစားသိရှိကြရသည်။
Reliance Industries သည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း လုပ်ငန်းနယ်ပယ်အမျိုးမျိုး၊ စက်မှုလုပ်ငန်း အမျိုးမျိုးဖြင့် တိုင်းပြည်ဘဏ္ဍာရေးစနစ်ကို ပုံဖော်ရာတွင် အခြေခံအုတ်မြစ်ကြီးတစ်ခု ဖြစ်ခဲ့သည်။
၎င်းတို့သည် အခြေခံအဆောက်အအုံများကို ဂန္ထဝင်မြောက်ထုဆစ်ပုံဖော်ပေးခဲ့ရုံမျှမက နယ်ပယ်အမျိုးမျိုးမှ အသိပညာရှင် အတတ်ပညာရှင်များအတွက် မရေမတွက်နိုင်သော အလုပ်အကိုင်နေရာများစွာ ဖန်တီးပေးနိုင် ခဲ့သည်။
Reliance Industries ကို Dhirubhai Ambani က ၁၉၅၈ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မူကက်ရှ် အမ်ဘာနီက ဖခင်ထံမှ အမွေဆက်ခံခဲ့ခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် အချက်အလက်များအရ Forbes မဂ္ဂဇင်းကြီးက မူကက်ရှ် အမ်ဘာနီကို အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ်၊ ကမ္ဘာပေါ်တွင် ဧကဒသမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဖော်ပြခဲ့ပြီး သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၂၂ ဘီလီယံခန့်ရှိကြောင်း ခန့်မှန်းခဲ့သည်။
ဈေးကွက်အစီရင်ခံစာများအရမူ မူကက်ရှ် အမ်ဘာနီ၏ နှစ်စဉ်လစာမှာ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်ကတည်းက ရူပီး ၁၅ ကုဋေ ရရှိခဲ့ပြီး ယနေ့တိုင် ထိုလစာဖြစ်ကြောင်း ဖော်ပြသည်။
မူကက်ရှ် အမ်ဘာနီက သူ၏ ကိုယ်ရေးကိုယ်တာ ဝန်ထမ်းများမှသည် စီးပွားရေးလုပ်ငန်းများရှိ ဝန်ထမ်းတိုင်း အား ကောင်းစွာစောင့်ရှောက်သည်။
မူကက်ရှ် အမ်ဘာနီ၏ နှစ်စဉ်လစာနှင့် လစဉ် လစာမှာ သာဓကတစ်ခု ဖြစ်သည်။
သတင်းများအရ မူကက်ရှ် အမ်ဘာနီ၏ ကားကိုမောင်းသော ယာဉ်မောင်းမှာ နှစ်စဉ်လစာ ရူပီး ၂၄ သိန်း (ကန်ဒေါ်လာ ၂၈၆၄၄) (သို့မဟုတ်) တစ်လလျှင် ရူပီး ၂ သိန်း (ကန်ဒေါ်လာ ၂၃၀၀) လစာရသည်ဟု ဆိုသည်။
ထိုအကြောင်းပေါ်ပေါက်လာသည်မှာ ၂၀၁၇ ခုနှစ်က ဂယက်ရိုက်ပျံ့နှံ့ခဲ့သော ဗွီဒီယိုဖိုင်တစ်ခုမှ ဖြစ်သည်။
နောင် ၇ နှစ်အကြာ ယနေ့အခါတွင် အဆိုပါယာဉ်မောင်း၏ လစာမှာ ယခင်ထက် များစွာမြင့်မားလာမည်ဟု ယူဆရသည်။
ထိုသို့ လစာတပုံတပင်ပေးမှုအပေါ် လူအများကြား စိတ်ဝင်စားမှု များစွာရှိနေသည်။
အမ်ဘာနီမိသားစု၏ ထင်ရှားကျော်ကြားမှုကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ယာဉ်မောင်းများ အပါအဝင် သူ၏ ကိုယ်ရေးကိုယ်တာ ဝန်ထမ်းများအားလုံးမှာ အထူးလေ့ကျင့်မှုများ ပြုလုပ်ထားပြီး ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ တဆင့် ငှားရမ်းထားဖွယ်ရှိသည်ဟု နားလည်ရသည်။
ထိုယာဉ်မောင်းတို့သည် ကားကြီးများမှသည် ဇိမ်ခံကားများအထိ ကားအမျိုးမျိုးကို ကျွမ်းကျင်စွာ မောင်းနှင်နိုင် ကြသည်။
မောင်းနှင်ရန် ခက်ခဲသော အခြေအနေမျိုးတွင် ယာဉ်ပေါ်တွင်လိုက်မည့်သူများ၏ လုံခြုံရေးကို ဦးစားပေးကာ ကောင်းစွာစီမံခန့်ခွဲမောင်းနှင်နိုင်ရန် လေ့ကျင့်ပြင်ဆင်ထားကြသူများ ဖြစ်သည်။
မူကက်ရှ် အမ်ဘာနီနှင့် အမ်ဘာနီမိသားစု၏ မော်တော်ကားများမှာ ကျည်ကာနည်းပညာများ အသုံးပြုထား သော ကားများဖြစ်ပြီး လုံခြုံရေးအဆင့်အမြင့်ဆုံး ကားများဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Monthly salary of Mukesh Ambani driver is higher than the package of many private companies’ executives, it is Rs…(india)