• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Nissan ကုမ္ပဏီမှာ ရောင်းအားထိုးကျနေကာ ဘဏ္ဍာရေး ချောက်ကမ်းပါးစွန်းဆီ ဦးတည်နေ၊ Nissan အတွက် ကြိုလင့်နေသော အနာဂတ် လွယ်ကူပါ့မလား

Nissan ကုမ္ပဏီမှာ ရောင်းအားထိုးကျနေကာ ဘဏ္ဍာရေး ချောက်ကမ်းပါးစွန်းဆီ ဦးတည်နေ၊ Nissan အတွက် ကြိုလင့်နေသော အနာဂတ် လွယ်ကူပါ့မလား

  • 511 views

Nissan ကုမ္ပဏီမှာ မကြာသေးမီကာလ သမိုင်းတလျှောက်တွင် အခက်ခဲဆုံး ဘဏ္ဍာရေးစိန်ခေါ်မှုနှင့် ရင်ဆိုင် နေရသည်။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း Nissan က တစ်ကမ္ဘာလုံးတွင် ရောင်းအားကျဆင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့ရာ ဘဏ္ဍာရေးနှစ် အမြတ်အစွန်းခန့်မှန်းမှု ကျဆင်းသွားဖွယ်ရှိနေသည်။

ပြီးခဲ့သော ၃ လပတ်ကာလအတွင်း Nissan ၏ အမြတ်အစွန်း ၉၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး သြဂုတ်လ ရောင်းအားမှာ ၅ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ Nissan အဖို့ ၅ လဆက်တိုက် ရောင်းအားကျဆင်းမှုဖြစ် ကြောင်း Bloomberg သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ပြီးခဲ့သော အင်္ဂါနေ့က Nissan ၏ ကြေညာချက်တွင် တတိယ ၃ လပတ်ကာလအတွင်း အမေရိကန်တွင် နှစ်အလိုက် နှိုင်းယှဉ်မှုအရ ရောင်းအား ၂ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြသည်။

ကမ္ဘာ့အဓိက ဈေးကွက်များဖြစ်သော အမေရိကန်နှင့် တရုတ်ပြည်တို့တွင် ရောင်းအား အခြေအနေမကောင်း သောကြောင့် Nissan ၏ အနာဂတ်မှာ မရေမရာ ဖြစ်လာသည်။

လူတိုင်း စိတ်တွင် မေးခွန်းတစ်ခု ဖြစ်ပေါ်လာရာ Nissan အနေဖြင့် ထိုအခြေအနေဆိုးမှ အချိန်မီ နောက်ပြန်လှည့်နိုင်မည်လောဟူသည့် မေးခွန်းဖြစ်သည်။

 


((တရုတ်စစ်မျက်နှာတွင် အရေးနိမ့်ခြင်း))

Nissan ၏ အကြီးမားဆုံး အကျပ်အတည်းများအနက် တစ်ခုမှာ ကမ္ဘာ့အကြီးမားဆုံး ကားဈေးကွက်ကြီး ၂ ခုဖြစ်သော အမေရိကန်နှင့် တရုတ်ဈေးကွက်တို့တွင် အခြေတည်နေသည်။

ထိုဈေးကွက်ကြီး ၂ ခုမှာ Nissan ၏ တစ်ကမ္ဘာလုံးရောင်းအားမှ ထက်ဝက်နီးပါးခန့် ဝယ်လိုအားရှိခဲ့သော ဈေးကွက်ကြီးဖြစ်ခဲ့ပြီး ယခုအခါ ထိုဈေးကွက်များတွင် အခြေအနေမလှ ဖြစ်နေသည်။

တရုတ်ပြည်တွင် သြဂုတ်လအတွင်း Nissan ၏ ရောင်းအားမှာ ၂၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

Nissan သည် နှစ်ပေါင်းအတန်ကြာ ရောင်းအား အခြေအနေမကောင်းခြင်းနှင့် ရင်ဆိုင်ရပြီးနောက် စက်ရုံတစ်ခု ပိတ်သိမ်းခြင်း၊ ထုတ်လုပ်မှု လျှော့ချခြင်းများ ပြုလုပ်ခဲ့ရသည်။

BYD ကဲ့သို့ တရုတ်ပြည်တွင်း ပြိုင်ဘက်များမှာ EV ပြိုင်ပွဲတွင် ဦးဆောင်နေသည်။


((အမေရိက စိန်ခေါ်မှုများ))

အမေရိကန်တွင် Nissan ကြုံတွေ့ရသည်မှာ တမျိုးတဘာသာဖြစ်သော်လည်း စိန်ခေါ်မှုများ ရင်ဆိုင်ရခြင်းသာ ဖြစ်သည်။

Nissan သည် Hybrid များ ဝယ်လိုအား မြင့်တက်လာနေမှုနှင့် စပ်လျဉ်းပြီး ပြိုင်ဘက်များဖြစ်သော Hyundai , Kia တို့ကဲ့သို့ အလျင်မီအောင် ထုတ်လုပ်နိုင်ရန် လိုအပ်ချက်များ ရှိနေဆဲပင်။

ဓာတ်ဆီ၊ လျှပ်စစ် ၂ မျိုးသုံးကားများ အလွန်ကျော်ကြားသော ဈေးကွက်တွင် Nissan မှာ hybrid များ ရောင်းချပေးနိုင်ခြင်း မရှိချေ။

 

 

((Nissan ၏ အနာဂတ်))

Nissan ၏ အနာဂတ်မှာ မရေရာ။

သို့သော် ရွေးချယ်စရာ မရှိသည့် အခြေအနေမျိုးကား မဟုတ်။

ဘဏ္ဍာရေးချောက်ထဲ ပြုတ်ကျတော့မည့်အရေးမှ ကာကွယ်နိုင်ရန်အတွက်ဆိုလျှင် Nissan အနေဖြင့် hybrid နှင့် လျှပ်စစ်ကား မော်ဒယ်သစ်များ အင်တိုက်အားတိုက် ထုတ်လုပ်နိုင်ရန် လိုအပ်သည်။

ထို့အပြင် လက်ရှိ ထုတ်လုပ်ပြီးသား ပုံနေသော ကားများ ရောင်းထွက်ရန်အတွက် စွဲဆောင်မှုရှိသော မက်လုံးများ ပေးရမည် ဖြစ်သည်။
ထို့အပြင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဈေးနှုန်း၊ နည်းပညာနှင့် ဒီဇိုင်းပိုင်းတို့ ပေးစွမ်းခြင်းအားဖြင့် customer တို့၏ ယုံကြည်မှုကို ပြန်လည်ရယူရန်လည်း လိုအပ်သည်။

ရှေ့တွင် ကြိုလင့်နေသောခရီးကား မလွယ်ကူ။

Nissan ၏ ရှင်သန်ကျန်ရစ်ရေးမှာ လျင်မြန်စွာတိုးတက်ပြောင်းလဲနေသော ကားနယ်ပယ်တွင် လျင်လျင်မြန်မြန် လှုပ်ရှားကာ ဆုံးဖြတ်နိုင်မှုအပေါ် မူတည်နေသည်။

လာမည့် ၃ လပတ်ကာလ အနည်းငယ်မှာ အလွန်အရေးကြီးသည်။

ရင်းနှီးမြှုပ်နှံသူများ၊ ကားရောင်းချသည့်ကုမ္ပဏီများ၊ Customer များက Nissan အနေဖြင့် အချိန်မနှောင်းမီ ချောက်ကမ်းပါးစွန်းမှ ပြန်လှည့်နိုင်မည်လောဟူသည်ကို အနီးကပ်စောင့်ကြည့်နေကြသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Nissan is speeding toward a financial cliff. Can they turn things around in time? (autoblog)