ဂျာမနီတွင် Tesla ၏ Gigafactory စက်ရုံအလုပ်သမားများ နေမကောင်းကာ အိမ်တွင်ရှိနေစဉ်တွင် မန်နေဂျာတို့က တံခါးလာခေါက်သည့် ပြဿနာ

  • 276 views


● ဂျာမနီတွင် Tesla စက်ရုံမှ အလုပ်သမားများ နေမကောင်းကာ အိမ်တွင်ခွင့်ယူထားစဉ် မန်နေဂျာများ အိမ်သို့ ရောက်လာကြကြောင်း ဂျာမန်သတင်းစာက ဖော်ပြ

● ဘာလင်မြို့ရှိ Gigafactory တွင် အလုပ်သမားများ နာမကျန်းဖြစ်မှုမှာ စက်မှုလုပ်ငန်းနယ်တွင် ပျမ်းမျှ နာမကျန်းဖြစ်နှုန်းထက် ၃ ဆကျော် များပြားနေ

● နာမကျန်းခွင့်ယူမှု များပြားနေခြင်းအပေါ် စုံစမ်းစစ်ဆေးသွားမည်ဟု Elon Musk ပြောကြား

ဂျာမနီနိုင်ငံတွင် Tesla ၏ စက်ရုံအလုပ်သမားများ နေမကောင်းကာ ခွင့်ယူထားချိန်တွင် ဝန်ထမ်းအချို့၏ အိမ်သို့ မန်နေဂျာများ ရောက်လာကြကြာင်း ဂျာမန်သတင်းစာ Handelsblatt က ဖော်ပြသည်။

Tesla ၏ အစည်းအဝေးအသံဖိုင်တစ်ခုကို ကိုးကားပြီး Handelsblatt က ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မန်နေဂျာများ တံခါးသွားခေါက်ချိန်တွင် အလုပ်သမားအချို့က ရဲတပ်ဖွဲ့ကို အကြောင်းကြားမည်ဟု ခြိမ်းခြောက်မှုများရှိပြီး အချို့ကမူ မန်နေဂျာတို့၏ မျက်နှာကို တံခါးဖြင့် ဆောင့်ပိတ်ခဲ့ကြကြောင်း Handelsblatt က ဖော်ပြသည်။

ဘာလင်မြို့ရှိ Tesla ၏ Gigafactory တွင် သြဂုတ်လအတွင်း အလုပ်သမားများ နာမကျန်း ခွင့်ယူမှုမှာ ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ရာ ယခင်နှစ် ဂျာမနီကားစက်ရုံလောက ပျမ်းမျှခွင့်ယူနှုန်းထက် ၃ ဆကျော် မြင့်မားခဲ့သည်။

ဂျာမန် သတ္တုလုပ်သားများသမဂ္ဂ IG Metall ၏ ဒေသအကြီးအကဲ Dirk Schulze က Bloomberg သတင်းဌာနသို့ ပြောသည်မှာ အိမ်အထိ လိုက်သွားသည်ဆိုခြင်းမှာ ရူးနှမ်းလှကြောင်း ပြောသည်။

Tesla ၏ အလုပ်သမားများမှာ အလုပ်ဝန်အား အလွန်အမင်း များပြားလှသည်ဟု ပြောဆိုကြကြောင်း၊ နာမကျန်းခွင့်ယူထားသူများကို အုပ်ချုပ်ရေးပိုင်းမှ ဖိအားပေးခြင်းများရှိသကဲ့သို့ နေကောင်းသော ဝန်ထမ်းများမှာလည်း အခြားအလုပ်များ ထပ်တိုးလာခဲ့ကြောင်း Schulze က ပြောသည်။

ယခုသတင်းနှင့် စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု Elon Musk က ပြောသည်။

“ဒါ..ရူးတာပဲ။ ဒီကိစ္စကို စုံစမ်းနေပါတယ်” ဟု Elon Musk က လူမှုကွန်ရက်တွင် မှတ်ချက်ပြုသည်။

X လူမှုကွန်ရက်သုံးစွဲသူ Alex Tourville က Handelsblatt သတင်းစာ၏ ဖော်ပြမှုကို မျှဝေခဲ့ရာတွင် Elon Musk က ထိုသို့ မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

Elon Musk က Tesla အလုပ်သမားများအနေဖြင့် အလုပ်များ ပိုလုပ်ရန် အသင့်ပြင်ထားရန် ယခုနှစ် ဇန်နဝါရီလက သတိပေးခဲ့ဖူးသည်။

“အင်ဂျင်နီယာတွေ ထုတ်လုပ်ရေးလိုင်းမှာ ရှိနေဖို့ လိုအပ်ပါတယ်” ဟု Elon Musk က ပြောခဲ့ဖူးသည်။

“ထုတ်လုပ်ရေးလိုင်းမှာပဲ အိပ်ကြရပါလိ့မ်မယ်” ဟုဆိုသည်။

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Fremont ရှိ Tesla ၏ စက်ရုံတွင် လုပ်ကိုင်ခဲ့ဖူးသော အလုပ်သမားဟောင်းတစ်ဦးက The Verge သတင်းဌာနသို့ ပြောသည်မှာ ဝန်ထမ်းများသည် ၁၂ နာရီ အလုပ်ဆိုင်း ပြီးဆုံးချိန်တွင် စက်ရုံကြမ်းပြင်၌ အိပ်စက်ကြရကြောင်း ပြောသည်။

ဝန်ထမ်းများ ပျက်ကွက်မည့်အရေး Elon Musk စိုးရိမ်ခဲ့သည်မှာ ထိုမျှမကသေး။

X ကို ဝယ်ယူပြီး မကြာမီ ၂၀၂၂ ခုနှစ်အတွင်းက Elon Musk က ပြောခဲ့သည်မှာ ဆန်ဖရန်စစ္စကို X ရုံးချုပ်တွင် ၉၀ ရာခိုင်နှုန်းခန့် လူမရှိကြောင်း ပြောခဲ့ဖူးသည်။

ယခုအခါ အဆိုပါရုံးကို ပိတ်သိမ်းထားပြီး X ၏ ရုံးချုပ်မှာ တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့သို့ ပြောင်းရွှေ့ထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Bosses at Tesla's German Gigafactory are reportedly knocking on some workers' doors when they're at home sick (businessinsider)