• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်ပြည်နှင့် ရုရှားသည် အမေရိကန်ယာဉ်မောင်းများနှင့် လမ်းပိုင်း လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း ပြောကြားလိုက်ပြီး အဆိုပါနိုင်ငံများမှ မော်တော်ကားများ တင်သွင်း ရောင်းချမှုကို ပိတ်ပင်ရန် စီစဉ်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်ပြည်နှင့် ရုရှားသည် အမေရိကန်ယာဉ်မောင်းများနှင့် လမ်းပိုင်း လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း ပြောကြားလိုက်ပြီး အဆိုပါနိုင်ငံများမှ မော်တော်ကားများ တင်သွင်း ရောင်းချမှုကို ပိတ်ပင်ရန် စီစဉ်

  • 157 views

တရုတ်ပြည်နှင့် ရုရှားနိုင်ငံတို့သည် အမေရိကန်လမ်းများနှင့် ယာဉ်မောင်းများကို ခြိမ်းခြောက်လျက်ရှိကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ကြေညာသည်။

အဆိုပါ ထုတ်ပြန်ချက်ကြောင့် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက ယင်း ၂ နိုင်ငံနှင့် ဆက်နွှယ်သော မော်တော်ယာဉ်များ၊ ဆက်စပ်ပစ္စည်းအစိတ်အပိုင်းများနှင့် hardware များကို အမေရိကန်သို့ တင်သွင်းရောင်းချ မှုအားလုံး ပိတ်ပင်ရန် စည်းမျဉ်း ပြောင်းလဲရေး အဆိုပြုချက်များ ပေါ်ပေါက်လာစေသည်။

အခြားကားထုတ်လုပ်သူတို့၏ ထုတ်ကုန်များတွင်လည်း အဆိုပါနိုင်ငံများမှ ပစ္စည်းများ အသုံးပြုထားပါက ပိတ်ပင်မည်ဟု ဆိုသည်။

(မှတ်ချက်။ တရုတ်ပြည်နှင့် ရုရှားနိုင်ငံများမှ ထုတ်လုပ်သော ကားများကို ပိတ်ပင်ရေး စီစဉ်နေပုံကို ရေးသားဖော်ပြထားသည့် အမေရိကန်အစိုးရ ကူးသန်းရောင်းဝယ်ရေးဌာန၏ စာမျက်နှာ ၁၁၉ မျက်နှာပါ အစီရင်ခံစာ အပြည့်အစုံကို https://public-inspection.federalregister.gov/2024-21903.pdf 
အင်တာနက်လင့်ခ်တွင် ဒေါင်းလုပ်ရယူကာ ဖတ်ရှုနိုင်ပါသည်)

အမေရိကန်အစိုးရက ပိတ်ပင်မည့် အဆိုပါနိုင်ငံများ၏ နည်းပညာနှင့် ဆက်စပ်ပစ္စည်းဘောင်မှာ ကျယ်ပြန့်လှသည်။

ကူးသန်းရောင်းဝယ်ရေးဌာန၏ အစီရင်ခံစာ အပြည့်အစုံတွင် ကျယ်ပြန့်စွာရေးသားဖော်ပြထားပြီး မော်တော်ယာဉ်၏ ရွေ့လျားမှုကို ထိန်းချုပ်နိုင်သော စနစ်များ၊ ယာဉ်မောင်းနှင့် ခရီးသည်တို့၏ အချက်အလက် များ ကောက်ယူစုဆောင်းမှု၊ ကင်မရာ၊ sensor ၊ အလိုအလျောက်မောင်းနှင်သည့် ဆော့ဖ်ဝဲအပါအဝင် အမေရိကန်၏ အခြေခံအဆောက်အအုံများကို ဖမ်းယူမှတ်တမ်းတင်နိုင်သည့် အရာအားလုံး အကျုံးဝင်ကြောင်း ဖော်ပြသည်။

တရုတ်ပြည်ထုတ် ကားအားလုံးကို ပိတ်ပင်ရန် ရည်ရွယ်သည်ဖြစ်စေ ၊ မရည်ရွယ်သည်ဖြစ်စေ ယခုပြဌာန်းမှုတွင် ပါဝင်သော ဝေါဟာရတို့ကို အနက်ကောက် အဓိပ္ပာယ်ဖွင့်ဆိုမှု အပေါ်မူတည်ပြီး အဆုံးသတ်ရလဒ်မှာ ထိုအတိုင်းသာ ဖြစ်လာနိုင်သည်။

ပိတ်ပင်မည့် အဆိုပြုချက်မူကြမ်းတွင် ဖော်ပြချက်အရ “ပြည်ပရန်သူနိုင်ငံတို့၏ လမ်းညွှန်မှု (သို့တည်းမဟုတ်) စီရင်ဆုံးဖြတ်မှုအောက်တွင်ရှိသော လူပုဂ္ဂိုလ်တို့ ပိုင်ဆိုင်၊ ထိန်းချုပ်ထားသော ကုမ္ပဏီများမှ ဒီဇိုင်းထုတ်၊ ထုတ်လုပ်၊ တင်သွင်းသော system များ” ဟု ဖော်ပြထားသည်။

 

(၂၀၂၄ ဝူဟန်နိုင်ငံတကာ ကားပြပွဲတွင် BYD ထုတ် ကားမော်ဒယ်တစ်ခုကို တွေ့ရပုံ။ ဓာတ်ပုံ-Wang HE/ Getty Images)

Vehicke Connectivity System (VCS) hardware ၊ Software တို့နှင့် စပ်လျဉ်းပြီး တရုတ်ပြည်နှင့် ရုရှားအပြင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသမှ ထုတ်လုပ်သော အရာများကိုပါ ပိတ်ပင်ကြောင်း ဖော်ပြထားသည်။

ပြည်ပရန်သူများဆိုသည်နှင့်စပ်လျဉ်းပြီး ဖော်ပြထားသည်မှာ တရုတ်ပြည်၊ ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယား၊ ရုရှားနှင့် ဗင်နီဇွဲလားတို့ကို အမည်နာမတပ်ကာ ဖော်ပြထားပြီး ဗင်နီဇွဲလားတွင် သမ္မတ နီကိုလပ်စ် မာဒူရိုကို အမည်ဖော်ပြထားသည်။

အသေးစိတ်ပိုမိုသိရှိလိုပါက ဆက်သွယ်နိုင်သော နေရာများ ဖော်ပြထားရာတွင် Marc Coldiron (U.S. Department of Commerce) Ph: (202) 482-3678 ဟု ဖော်ပြထားသည်။ မီဒီယာများမှ မေးမြန်းလိုမှုများ အတွက် Jessica Stallone (Office of Congressional and Public Affairs) OCPA@bis.doc.gov ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

တရုတ်ပြည်မှ နိုင်ငံပိုင်ကုမ္ပဏီအများစုနှင့် ပြည်တွင်း ထွန်းသစ်စ လုပ်ငန်းများမှာ အစိုးရ၏ ထောက်ပံ့ငွေကို ရယူထားရာ ယခုထုတ်ပြန်ချက်အရ ငြိစွန်းပါဝင်နေသည်။

တရုတ်ပြည်ဇာစ်မြစ်မဟုတ်သော ကုမ္ပဏီများဖြစ်သည့် Volvo နှင့် Polestar တို့ကဲ့သို့ ကုမ္ပဏီများ၏ ကြီးမားသော ရှယ်ယာများကို တရုတ် (သို့မဟုတ်) ရုရှားတို့ ပိုင်ဆိုင်ခြင်းမဟုတ်ချေ။

ထိုကုမ္ပဏီများမှာလည်း ယခုဥပဒေနှင့် ငြိစွန်းနေခြင်းမှာ မေးခွန်းထုတ်ဖွယ်ဖြစ်နေသည်။

ပိုမို၍ ရှုပ်ထွေးသည်မှာ တရုတ်ပြည်တွင် ကားထုတ်လုပ်မည်ပါက လုပ်ငန်း၏ ၅၀ ရာခိုင်နှုန်းသာ ပြည်ပမှ ပိုင်ဆိုင်ခွင့်ရှိခြင်း ဖြစ်သည်။

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina Raimondo ၏ ထုတ်ပြန်ချက်တွင် “ဒီလိုအချက်အလက်တွေ ကို ရရှိသွားတဲ့ ပြည်ပရန်သူဟာ ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးနဲ့ အမေရိကန်ပြည်သူတွေရဲ့ တကိုယ်ရည် လုံခြုံမှုတွေအပေါ် ကြီးမားတဲ့အန္တရာယ်ရှိစေနိုင်တယ်ဆိုတာ နားလည်ဖို့ အများကြီး တွေးစရာ မလိုပါဘူး။ ဒီလို အမျိုးသားလုံခြုံရေးပြဿကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ကူးသန်းရောင်းဝယ်ရေး ဌာနအနေနဲ့ တရုတ်ပြည် နဲ့ ရုရှားထုတ် နည်းပညာတွေ အမေရိကန်လမ်းတွေပေါ် ရောက်မလာအောင် ကာကွယ်မှုတွေ လုပ်ဆောင်နေ ပါတယ်” ဟု ဖော်ပြသည်။

အမေရိကန်အစိုးရက လုပ်ဆောင်လာမှုအပေါ် တရုတ်ပြည် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က “အမေရိကန်ရဲ့ လုပ်ဆောင်ချက်ဟာ အချက်အလက်တွေကို အခြေခံမထားပါဘူး။ ဈေးကွက်စီးပွားရေး စည်းမျဉ်းတွေ၊ မျှတစွာ ယှဉ်ပြိုင်မှုတွေကို ချိုးဖောက်နေပါတယ်။ ဒါက ကိုယ်ကျိုးစီးပွား ကာကွယ်ရေး လုပ်ဆောင်ချက်ပါ” ဟု ပြောကြားသည်။

“အမေရိကန်ဟာ အမျိုးသားလုံခြုံရေးနဲ့ နေရာတကာ လိုက်ကျင့်သုံးနေတဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့၊ သက်ဆိုင်ရာ ကန့်သတ်မှုတွေကို ချက်ချင်းဖယ်ရှားပေးဖို့ ၊ တရုတ်ကုမ္ပဏီတွေအပေါ် မမျှတတဲ့ ဖိနှိပ်မှုတွေလုပ်ဆောင်နေတာတွေ ရပ်တန့်ဖို့ တရုတ်ပြည်အနေနဲ့ တိုက်တွန်းပါတယ်။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“တရုတ်အစိုးရအနေနဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ဥပဒေနဲ့အညီရသင့်တဲံ အခွင့်အရေး၊ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Biden calls out China and Russia as threats to America's roadways (autoblog, topgear, federalregister.gov)

Photo Credit- Wang HE/Getty Images