• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဗြိတိန်တွင် လျှပ်စစ်ကား ရောင်းအားမပြည့်မီသောကြောင့် အစိုးရ၏ အရေးယူခံရမည့်အရေးမှ ရှောင်လွှဲနိုင်ရန် ကားကုမ္ပဏီများအကြား credit အရောင်းအဝယ် တွင်ကျယ်နေ

ဗြိတိန်တွင် လျှပ်စစ်ကား ရောင်းအားမပြည့်မီသောကြောင့် အစိုးရ၏ အရေးယူခံရမည့်အရေးမှ ရှောင်လွှဲနိုင်ရန် ကားကုမ္ပဏီများအကြား credit အရောင်းအဝယ် တွင်ကျယ်နေ

  • 248 views

ဗြိတိန် လေဘာအစိုးရသစ်က ကာဗွန်ထုတ်လွှတ်မှုမရှိသော ကားများရောင်းချမှု ရည်မှန်းချက်မှာ ပြည့်မီခြင်း မရှိမည့် အလားအလာနှင့် ရင်ဆိုင်နေရကြောင်း ကားလောက ကျွမ်းကျင်ပညာရှင်များက သတိပေးသည်။

ဗြိတိန်အစိုးရက ၂၀၅၀ ပြည့်နှစ်တွင် ကားများမှ ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိရေး ရည်မှန်းထားရာ ၂၀၃၀ ပြည့်နှစ်တွင် ကားသစ်များ ရောင်းချမှုအားလုံးမှာ လျှပ်စစ်ကားများဖြစ်ရန်လိုအပ်နေသည်။

သို့သော် ထိုရည်မှန်းချက်မှာ ကြီးမားလွန်းနေသည်။

ဆွီဒင် ကားကုမ္ပဏီ Polestar မှ ဗြိတိန်ဆိုင်ရာ မန်နေးဂျင်း ဒါရိုက်တာ Matt Galvin က ဗြိတိန်တွင် customer များအတွက် အစိုးရက မက်လုံးပေးခြင်း မရှိသည့်အပေါ် ဝေဖန်မှုများ ပြုလုပ်ထားသည်။

လျှပ်စစ်ကားများသို့ ကူးပြောင်းရေးအတွက် အစိုးရက မက်လုံးပေးမှု မရှိခြင်းနှင့် စပ်လျဉ်းပြီး ဗြိတိန်သည် ဥရောပတွင် အဆိုးရွားဆုံးဖြစ်ကြောင်း ၎င်းက ဝေဖန်ထားသည်။

“ဗြိတိန်ဟာ ဥရောပမှာ လျှပ်စစ်ကားတွေဆီ ကူးပြောင်းဖို့ မက်လုံးအနည်းဆုံး ဈေးကွက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် နားလည်လက်ခံထားပါတယ်။” ဟု Galvin က ပြောသည်။

 

(ဗြိတိန်အစိုးရအနေဖြင့် မက်လုံးများ ပိုမိုပေးအပ်ရန် ကျွမ်းကျင်ပညာရှင်တို့က တောင်းဆိုထားသည်။ ဓာတ်ပုံ-PA)

 

ဗြိတိန်အစိုးရက ၂၀၃၀ ပြည့်နှစ်သို့ရောက်လျှင် ဗြိတိန်တွင် ရောင်းချသည့် ကားသစ်များ၏ ၈၀ ရာခိုင်နှုန်းနှင့် Van များ၏ ၇၀ ရာခိုင်နှုန်းကို ကာဗွန်ထုတ်လွှတ်မှုမရှိသည့်ကားများဖြစ်ရန် ရည်မှန်းထားပြီး ၂၀၃၅ ခုနှစ်သို့ ရောက်လျှင် ၁၀၀ ရာခိုင်နှုန်းဖြစ်စေရန် မျှော်မှန်းထားသည်။

ဗြိတိန်အစိုးရက ကာဗွန်ထုတ်လွှတ်မှု မရှိသည့်ယာဉ်များ (ZEV) ဆိုင်ရာ သတ်မှတ်ချက်ကို ယခုနှစ်တွင် စတင်ထုတ်ပြန်ခဲ့ပြီး ကားထုတ်လုပ်သူများအတွက် Target များသတ်မှတ်ပေးလာသည်။

၂၀၂၄ ခုနှစ်အတွင်း ရောင်းချမည့် ကားသစ်များ၏ အနည်းဆုံး ၂၂ ရာခိုင်နှုန်းနှင့် Van များ၏ ၁၀ ရာခိုင်နှုန်းမှာ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု မရှိသည့်ကားများဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

၂၀၂၅ ခုနှစ်တွင် အဆိုပါရာခိုင်နှုန်းများမှာ ၂၅ ရာခိုင်နှုန်း၊ ၁၆ ရာခိုင်နှုန်းများသို့ အသီးသီး တိုးမြင့်သွားမည် ဖြစ်သည်။

သို့သော် မော်တော်ကား ထုတ်လုပ်သူများနှင့် ကုန်သည်များအသင်း (SMMT) မှ နောက်ဆုံးအချက်အလက်များ အရ ယခုနှစ်အတွင်း ဗြိတိန်တွင် ရောင်းချခဲ့သော ကားများအနက် ၁၇ ဒသမ ၂ ရာခိုင်နှုန်းသာ လျှပ်စစ်ကား များဖြစ်ကြောင်း ဖော်ပြသည်။

Target မပြည့်မီသည့် ကုမ္ပဏီများမှာ အရေးယူခြင်းခံရမည်ဖြစ်သည်။

သို့သော် ကာလတို ဖြေရှင်းနည်းများ ရှိနေသည်။

ထိုသို့သော နည်းလမ်းများတွင် အနာဂတ်တွင် ရောင်းချရမည့် လျှပ်စစ်ကား ရောင်းအားထဲမှ ချေးယူခြင်း၊ Target ကျော်လွန်သော ကုမ္ပဏီများထံမှ Credit များ ဝယ်ယူခြင်းတို့ အပါအဝင် ဖြစ်သည်။

လျှပ်စစ်ကား ကုမ္ပဏီဖြစ်သော Polestar မှာ အခြားကားထုတ်လုပ်သူများကို credit များ ရောင်းချပေးခြင်းဖြင့် စီးပွားဖြစ်နေသည်။

စင်စစ်အားဖြင့် Polestar ၏ ၂၀၂၄ ခုနှစ်ရောင်းအားမှာ နှစ်အလိုက် ရောင်းအားနှိုင်းယှဉ်မှုတွင် ၅၀ ရာခိုင်နှုန်း ခန့် ရောင်းအားကျဆင်းနေသော်လည်း လျှပ်စစ်ကားကုမ္ပဏီဖြစ်သောကြောင့် ၎င်းတို့မှာ ရောင်းအားရာနှုန်းပြည့် လျှပ်စစ်ကားဖြစ်နေရာ အစိုးရသတ်မှတ်သော Target ထက် များစွာပိုနေခြင်း ဖြစ်သည်။

အစိုးရက ZEV သတ်မှတ်ချက် ချမှတ်လာခြင်းကြောင့် သမားရိုးကျမဟုတ်သော ဈေးကွက်တစ်ခု ပေါ်လာမှု အပေါ် Galvin က ဝေဖန်ရှုတ်ချခဲ့သည်။

ကားဝယ်လိုသူများ အသင့်အနေအထားဖြစ်ကာ မက်လုံးများရှိလျှင် customer တို့မှာ လျှပ်စစ်ကားများဆီသို့ ကူးပြောင်းလာကြမည်သာဖြစ်ကြောင်း၊ တာဝန် ဝန်ထုပ်ကို ထုတ်လုပ်သူတို့၏ ပခုံးပေါ်သို့သာ မတင်သင့် ကြောင်းလည်း ၎င်းက ပြောသည်။

“လက်ရှိကျွန်တော်တို့ ပျောက်ဆုံးနေတာက ဒီအကူးအပြောင်းမှာ အစိုးရဆီက ကူညီထောက်ပံ့မှုနဲ့ မက်လုံးတွေ မရှိတာပါပဲ” ဟု Galvin က ပြောသည်။

“ဒီအကူးအပြောင်းမှာ customer တွေကို အကူအညီပေးမယ့် ယန္တရားတစ်ခု ပေးပြီး အစိုးရအနေနဲ့ ခြေလှမ်းစဖို့ အချိန်ကျပါပြီ။ ဒဏ်ပေးချည်း လုပ်လို့ မရပါဘူး။ ဆုပေးဖို့လည်း လိုပါတယ်”

ကားထုတ်လုပ်သူများဘက်ကမူ မက်လုံးပေးမှုများ များစွာပြုလုပ်ထားသည်။

နေအိမ်တွင် အားသွင်းရန်အခမဲ့စီစဉ်ပေးမှုများအပြင် discount များစွာပေးခြင်းတို့ အပါအဝင် ဖြစ်သည်။

Polestar သည်လည်း ၎င်းတို့၏ နောက်ဆုံးမော်ဒယ်များအတွက် အဆိုပါမက်လုံးများ ပေးထားသည်။

“ကျွန်တော်တို့က ကိုယ့်ကိစ္စ ကိုယ်လုပ်ဖို့လိုသလို အစိုးရကလည်း ကိုယ့်ကိစ္စ ကိုယ်လုပ်ဖို့လိုပါတယ်။ ဒါက အရမ်းအရေးကြီးပါတယ်”

 

(ဗြိတိန်တွင် ၂၀၃၀ ပြည့်နှစ်သို့ ရောက်လျှင် အားသွင်းစခန်းပေါင်း ၃၀၀၀၀၀ ရှိလာရန် မျှော်မှန်းထားသည်။ ဓာတ်ပုံ-PA)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: UK needs to ‘step up’ to fix ‘worst ever’ electric vehicle crisis as drivers refuse to switch (gbnews)

Photo Credit: PA