• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အမေရိကထိပ်သီး Ford ကားကုမ္ပဏီကြီး၏ စီအီးအိုနှင့် ဘဏ္ဍာရေးအရာရှိတို့က တရုတ်ပြည်ထုတ် လျှပ်စစ်ကားတစ်စင်းကို စမ်းသပ်မောင်းနှင်ကြည့်ခဲ့ပြီးနောက် ကားအရည်အသွေးအပေါ် အလွန်တုန်လှုပ် သွားခဲ့ကြကာ များစွာ အထင်ကြီးသွားကြ

အမေရိကထိပ်သီး Ford ကားကုမ္ပဏီကြီး၏ စီအီးအိုနှင့် ဘဏ္ဍာရေးအရာရှိတို့က တရုတ်ပြည်ထုတ် လျှပ်စစ်ကားတစ်စင်းကို စမ်းသပ်မောင်းနှင်ကြည့်ခဲ့ပြီးနောက် ကားအရည်အသွေးအပေါ် အလွန်တုန်လှုပ် သွားခဲ့ကြကာ များစွာ အထင်ကြီးသွားကြ

  • 380 views

● Ford ၏ စီအီးအို Jim Farley နှင့် CFO ဖြစ်သူ John Lawler တို့သည် တရုတ်ပြည်ထုတ် EV ၏ အရည်အသွေးအပေါ် များစွာတုန်လှုပ်သွားခဲ့ပြီး အထင်ကြီးသွားခဲ့ကြ

● “Jim ရေ..အရင်လို မဟုတ်တော့ဘူးနော်” ဟု John Lawler က Jim Farley ကို ပြောခဲ့သည်။ “ဒီကောင်တွေ တို့ရှေ့ကို ရောက်သွားပြီ” ဟု ပြောခဲ့

အမေရိကန်ထိပ်သီး ကားကုမ္ပဏီကြီးဖြစ်သော Ford မှ အကြီးအကဲတို့သည် ပြီးခဲ့သောနှစ်က တရုတ်ပြည်ထုတ် လျှပ်စစ်ကားတစ်စင်းကို စမ်းသပ်မောင်းနှင်ကြည့်ခဲ့ပြီးနောက် တရုတ်ပြည်မှ ကားထုတ်လုပ်သူများကို ဖြုံသွားကြကြောင်း Wall Street Journal (WSJ) က ပြီးခဲ့သောစနေနေ့တွင် ရေးသားဖော်ပြသည်။

Ford ၏ စီအီးအို Jim Farley နှင့် ဘဏ္ဍာရေးအရာရှိချုပ် John Lawler တို့သည် ၂၀၂၃ ခုနှစ် အစောပိုင်းက တရုတ်ပြည်သို့ သွားရောက်လည်ပတ်ခဲ့စဉ် Changan Automobile က ထုတ်လုပ်သော လျှပ်စစ် SUV တစ်စင်း ကို စမ်းသပ်မောင်းနှင်ခဲ့ကြခြင်းဖြစ်ကြောင်း WSJ က ဖော်ပြသည်။

Changan Automobile သည် တရုတ်ပြည်၏ နိုင်ငံပိုင်ကားထုတ်လုပ်သူဖြစ်ပြီး Ford နှင့် ကာလကြာရှည် ဖက်စပ်လုပ်ကိုင်ခဲ့သူ မိတ်ဘက်ဖြစ်သည်။

Changan ထုတ် လျှပ်စစ်ကားကို Farley က မောင်းနှင်ပြီး Lawler က စမ်းသပ်မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး Ford ၏ အမှုဆောင်တို့မှာ တရုတ်ပြည်ထုတ် EV တစ်စီးတွင် စီးရသည့်အရသာကို သိရှိသွားသည်။

Farley နှင့် Lawler တို့ နှစ်ဦးလုံးက တရုတ်ထုတ် EV ၏ smooth ဖြစ်မှုနှင့် ဆိတ်ငြိမ်မှုတို့အပေါ် အလွန်တုန်လှုပ်သွားပြီး အထင်ကြီးသွားကြောင်း ဝေါစထရိဂျာနယ်က ဖော်ပြသည်။

“Jim ရေ …အရင်လိုမဟုတ်တော့ဘူး။ ဒီကောင်တွေ ကျွန်တော်တို့ရှေ့ကို ရောက်သွားပြီ” ဟု Lawler က ပြောခဲ့ကြောင်း Farley က ပြောပြသည်။

Farley သည် ယခုနှစ်မေလတွင် တရုတ်ပြည်သို့ ထပ်မံသွားရောက်ခဲ့သော ခရီးစဉ်၌ ထပ်မံတုန်လှုပ်ခဲ့ ရပြန်သည်။

ထိုခရီးစဉ်အပြီးတွင် Farley က Ford ၏ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ John Thornton အား “ဂျွန်ရေ..ဒါက ခြိမ်းခြောက်မှုဖြစ်နေပြီ” ဟု ပြောခဲ့သည်။
BYD ကဲ့သို့ တရုတ်ကားထုတ်လုပ်သူများမှာ EV ပြိုင်ပွဲတွင် ဦးဆောင်နေသည်။

တရုတ်ပြည်မှ ကားထုတ်လုပ်သူများသည် ဘရာဇီး၊ မက္ကဆီကိုတို့ကဲ့သို့ ဖွံ့ဖြိုးနေသော ဈေးကွက်များအပြင် ထိုင်းကဲ့သို့ အရှေ့တောင်အာရှ နိုင်ငံများ၏ ဈေးကွက်များသို့ ဝင်ရောက်လျက် ရှိကြသည်။

နည်းပညာကုမ္ပဏီ ABI Research မှ ကောက်ယူထားသော အချက်အလက်များအရ တရုတ်ကားထုတ်လုပ်သူ တို့သည် ဘရာဇီးရှိ EV ဈေးကွက်တွင် ဈေးကွက်ဝေစု ၈၈ ရာခိုင်နှုန်း၊ ထိုင်းဈေးကွက်တွင် ၇၀ ရာခိုင်နှုန်း ဈေးကွက်ဝေစု ရရှိထားသည်။

တရုတ်ပြည်ထုတ် EV များ လျင်မြန်စွာ ထိုးတက်လာမှုကြောင့် အနောက်နိုင်ငံတို့၏ အစိုးရတို့က ကုန်သွယ်ရေး ကန့်သတ်ချက်များ ထုတ်ပြန်လာရသည်။

တရုတ်ပြည်ထုတ်ကားများနှင့် ရင်ဆိုင်နိုင်ရန် တက်သုတ်ရိုက် ကြိုးပမ်းလာရသူများတွင် Ford ကုမ္ပဏီ တစ်ခုတည်း မဟုတ်။

အမေရိကန် EV ဈေးကွက်ကို ကာလကြာရှည်လွှမ်းမိုးထားခဲ့သော Tesla သည်ပင်လျှင် တရုတ်ပြည်မှ ဖိအားများ ရင်ဆိုင်လာရသည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် BYD သည် Tesla ကိုဖြတ်ကျော်ကာ ကမ္ဘာ့အကြီးမားဆုံး EV ထုတ်လုပ်သူအဖြစ် ခေတ္တရပ်တည်ခဲ့သေးသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Ford's CEO and CFO took a drive in a Chinese EV. What they said about it reveals a lot about the state of the US auto industry. (businessinsider)