• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဗြိတိန် ရော့ခ်ဂီတအဖွဲ့ The Darkness နှင့် အမေရိကန် ဟဲဗီးမက်တယ်အဖွဲ့ကြီး Skid Row တို့က ဂီတဖျော်ဖြေပွဲများထွက်ရာတွင် အသုံးပြုခဲ့သော ဘတ်စ်ကားကြီးကို အိမ်လခမတတ်နိုင်သော ဗြိတိန်မှ မိသားစုတစ်စုက ဝယ်ယူကာ သားသမီး ၄ ဦးနှင့်အတူ ကားပေါ်တွင် နေထိုင်ကြပုံ

ဗြိတိန် ရော့ခ်ဂီတအဖွဲ့ The Darkness နှင့် အမေရိကန် ဟဲဗီးမက်တယ်အဖွဲ့ကြီး Skid Row တို့က ဂီတဖျော်ဖြေပွဲများထွက်ရာတွင် အသုံးပြုခဲ့သော ဘတ်စ်ကားကြီးကို အိမ်လခမတတ်နိုင်သော ဗြိတိန်မှ မိသားစုတစ်စုက ဝယ်ယူကာ သားသမီး ၄ ဦးနှင့်အတူ ကားပေါ်တွင် နေထိုင်ကြပုံ

  • 236 views

The Darkness သည် ဗြိတိန်မှ ရော့ခ်ဂီတအဖွဲ့ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

The Darkness ၏ တေးသီချင်းများသည် မြန်မာပရိသတ်နှင့် ထိတွေ့မှု နည်းပါးသည်။

မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှု အနေဖြင့် The Darkness ၏ Givin’ up ကို သျှီက “ငါ ဒုတိယအကြိမ် သေတယ်”…ဟူသောအမည်ဖြင့် ပြန်လည်သီဆိုထားခြင်းမျှသာ ရှိသည်။

((The Darkness ၏ ဂီတဖျော်ဖြေရေးခရီးစဉ်သုံး ဘတ်စ်ကားကြီး))

ဗြိတိန်မှ မိသားစုတစ်စုက ဂန္ထဝင် ဗြိတိန်ရော့ခ်ဝိုင်းတစ်ခု၏ ဂီတဖျော်ဖြေရေးခရီးစဉ်သုံး ဘတ်စ်ကားပေါ်တွင် နေထိုင်ကြသည့်ဘဝကို ဗွီဒီယိုဖိုင် ရိုက်ကူးကာ လူအများအား ချပြလာသည်။

အဆိုပါမိသားစုသည် ကြီးမားလှသော နှစ်ထပ်ဘတ်စ်ကားကြီးပေါ်တွင် နေထိုင်၊ အ်ိပ်စက်ကြရင်း ဗြိတိန်နိုင်ငံတဝန်း လှည့်လည်သွားလာ နေထိုင်ကြသည်။

 

(ဂီတခရီးစဉ်သုံး ဘတ်စ်ကားကြီးကို ဗြိတိန်မိသားစုတစ်စုက လူနေအိမ်အဖြစ် ပြောင်းလဲခဲ့သည်။ ဓာတ်ပုံ-YouTube)

 

(Don Conrad နှင့် သူ၏ လက်တွဲဖော်တို့သည် သမီး ၄ ဦးနှင့်အတူ ကားတစ်စင်းဖြင့် လမ်းပေါ်တွင်သာ သွားလာနေထိုင်ကြသည်။ ဓာတ်ပုံ-YouTube)

 


(ဗြိတိန် ရော့ခ်ဂီတအဖွဲ့ The Darkness က ပိုင်ဆိုင်ခဲ့ဖူးသော ဘတ်စ်ကားကြီး ဖြစ်သည်။ ဓာတ်ပုံ-Getty-Contributor)


Don Conrad က ဘတ်စ်ကားကြီးပေါ်တွင် လက်တွဲဖော်၊ ကလေး ၄ ဦးတို့နှင့်အတူ နေထိုင်ပုံကို ၎င်းတို့မိသားစု၏ YouTube ချန်နယ်တွင် သူ၏ ပရိသတ်များအား ပြသခဲ့သည်။

Don Conrad က ပြောသည်မှာ ယခု Volvo B12 ကားသည် ဂီယာဘောက်ပြင်ရန် Grimsby မြို့သို့ ပို့ဆောင်ခဲ့ချိန်တွင် မိမိက ဝယ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

နှစ်ထပ်ကားကြီးမှာ ကျယ်ကျယ်ဝန်းဝန်းရှိပြီး ပစ္စည်းထားသိုရန် နေရာများစွာရှိရာ ဂီတဖျော်ဖြေပွဲအတွက် လိုအပ်သည့် ပစ္စည်းများသယ်ဆောင်ရန် နေရာအလုံအလောက်ရှိသည်။

ဘတ်စ်ကားမှာ ခရမ်းရင့်ရောင်ဖြစ်ပြီး Don Conrad အနေဖြင့် လူနေအိမ်အဖြစ် မသုံးမီ သန့်ရှင်းရေးလုပ်ရန်နှင့် ကားတာယာအချို့ လဲလှယ်ရန်သာ လိုအပ်သည်။

ကားပေါ်တွင် မီးဖိုဆောင်ငယ်တစ်ခုနှင့် နားနေခန်း ၂ ခုလည်း ပါဝင်သည်။
ထို့အပြင် ဓာတုဆေးများဖြင့် အနံ့မထွက်စေရန် စီစဉ်ထားသော အိမ်သာခန်းငယ်တစ်ခုလည်း ပါဝင်သည်။

အိမ်သာခန်းငယ်ကို လျှို့ဝှက်ဖွဲ့စည်းထည့်သွင်းထားခြင်း ဖြစ်သည်။

အပေါ်ထပ်တွင် ကလေးများအတွက် နှစ်ထပ်ကုတင်များရှိပြီး Don Conrad တို့ မိသားစုဝင် ၆ ဦးလုံး အိပ်စက်ရန် နေရာအလုံအလောက်ရှိသည်။

ကားရှေ့ပိုင်းတွင် အိပ်ယာအပိုနေရာတစ်ခု ပါဝင်သေးသည်။

သို့သော် Don Conrad က ပစ္စည်းထားသိုရန် နေရာပိုမိုရရှိရေးအတွက် အဆိုပါနေရာမှ မွေ့ယာကို ဖယ်ရှားခဲ့သည်။

ဤဘတ်စ်ကားကြီးနှင့် စပ်လျဉ်းပြီး စိတ်ဝင်စားဖွယ်အကောင်းဆုံးမှာ တချိန်က နာမည်ကျော် ဗြိတိန်ရော့ခ်ဂီတအဖွဲ့၏ ဂီတဖျော်ဖြေရေးခရီးစဉ်သုံး ဘတ်စ်ကားအဖြစ် အသုံးပြုခဲ့သည့်အချက် ဖြစ်သည်။

Glam Rock အဖွဲ့ဖြစ်သော The Darkness က ၎င်းတို့၏ အထွတ်အထိပ်ကာလများတွင် ဗြိတိန်တဝန်း ဤဘတ်စ်ကားကြီးဖြင့် လှည့်လည်သွားလာခဲ့ကြသည်။

ထိုထက် စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဤကားသည် ထိုကာလမတိုင်မီက အမေရိကန် ဟဲဗီးမက်တယ်ဝိုင်းကြီး Skid Row က အသုံးပြုခဲ့သောကားဖြစ်ပြီး နောက်ပိုင်းတွင် The Darkness ထံ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(မှတ်ချက်။ Skid Row အဖွဲ့ကြီး၏ သီချင်းများမှာမူ မြန်မာပရိသတ်နှင့် များစွာ ရင်းနှီးသည်။ Skid Row ၏ I remember you ကို မျိုးကြီးက ခံစားချက်မျက်နှာ၊ 18 and life -ငှက်တစ်ကောင်၏အိပ်မက် (မျိုးကြီး)၊ Youth gone wild -တံလျှပ်များ (လေးဖြူ၊ အငဲ၊ မျိုးကြီး)၊ In a darkened room -အရောင်တွေမသိတဲ့ည (စည်သူလွင်) အစရှိသည်တို့အပြင် အခြားပြန်လည်သီဆိုမှုများစွာ ရှိသည်။)

 

(နှစ်ထပ်အိပ်စင်များနှင့် နားနေခန်း ၂ ခုပါသည်။ ဓာတ်ပုံ-YouTube)

 

(ဝယ်ယူပြီး သန့်ရှင်းရေးလုပ်ရန်သာ လိုအပ်ခဲ့သည်။ ဓာတ်ပုံ-YouTube)

 

(မီးဖိုဆောင်နေရာ။ ဓာတ်ပုံ-YouTube)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: PERMISSION TO DRIVE We live in a beloved British band’s tour bus with our four kids after getting sick of paying rent on our house (thesun)

Photo Credit- Getty-Contributor, YouTube