• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အင်္ဂလန်မှ စူးစမ်းလေ့လာရေးအဖွဲ့တစ်ခုက အဆောက်အအုံတစ်ခု၏ မြေအောက်ခန်း မျက်နှာကြက် အပေါက်တစ်ခုမှ အောက်သို့ ခုန်ဆင်းပြီး ကြည့်ရှုခဲ့ရာ မလေးရှားဝန်ကြီးချုပ် မဟာသီ မိုဟာမက်ပိုင်ဆိုင်ခဲ့သော Proton တစ်စင်းအပါအဝင် ပေါင် ၁ သန်းခန့် တန်ကြေးရှိ စွန့်ပစ်ထားသော ကားများတွေ့ရှိ

အင်္ဂလန်မှ စူးစမ်းလေ့လာရေးအဖွဲ့တစ်ခုက အဆောက်အအုံတစ်ခု၏ မြေအောက်ခန်း မျက်နှာကြက် အပေါက်တစ်ခုမှ အောက်သို့ ခုန်ဆင်းပြီး ကြည့်ရှုခဲ့ရာ မလေးရှားဝန်ကြီးချုပ် မဟာသီ မိုဟာမက်ပိုင်ဆိုင်ခဲ့သော Proton တစ်စင်းအပါအဝင် ပေါင် ၁ သန်းခန့် တန်ကြေးရှိ စွန့်ပစ်ထားသော ကားများတွေ့ရှိ

  • 302 views

Ben နှင့် Eran တို့သည် ဗြိတိန်မှ မြို့ပြစူးစမ်းလေ့လာသူ ၂ ဦးဖြစ်သည်။
၎င်းတို့၏ ရှာဖွေတွေ့ရှိမှုများကို Lost Adventures အမည်ရှိ YouTube ချန်နယ်တွင် လွှင့်တင်လေ့ရှိသည်။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်းက Ben တို့နှစ်ဦး အံ့ဖွယ်ကောင်းသောအရာတစ်ခု ရှာဖွေတွေ့ရှိခဲ့ကြသည်။

အင်္ဂလန်နိုင်ငံ ဆာရေးခရိုင်၊ လန်ဒန်မြို့၏ အရှေ့မြောက်ဘက်ရှိ ကာလအတန်ကြာ စွန့်ပစ်ထားသော အဆောက်အအုံကြီးတစ်လုံးတွင် ရှာဖွေတွေ့ရှိခဲ့မှု ဖြစ်သည်။

ပျက်စီးယိုယွင်းနေကာ ပေါင်းခြုံများ ထူထပ်နေသော အဆိုပါအဆောက်အအုံကြီးကို သူတို့တွေ့ထားသည်မှာ ကြာပြီ။

သို့သော် မည်သည့်အဆောက်အအုံဖြစ်သည်၊ မည်သို့ အသုံးပြုခဲ့သည်ကို မသိခဲ့ကြ။

ထိုနေ့တွင်ကား အဆောက်အအုံကြီးအတွင်းသို့ ဝင်ရောက်ကြည့်ရှုရန် ဆုံးဖြတ်ခဲ့ကြပြီး ဝင်ရောက်ခဲ့ရာ မြေအောက်ခန်းသို့ ဝင်နိုင်သည့် အဟနေရာတစ်ခုမှ အောက်သို့ ခုန်ဆင်းခဲ့ကြရာ ခေတ်ဟောင်း ကားနမူနာများ၊ ခေတ်ဟောင်းကားများ၊ သစ်သားမိုများကို အံ့ဖွယ်ရှာဖွေတွေ့ရှိခဲ့ကြသည်။

 


(ရှာဖွေတွေ့ရှိခဲ့သောကားများတွင် Bentley တစ်စင်းလည်း ပါဝင်သည်။ ဓာတ်ပုံ-YouTube)

 

(ခေတ်ဟောင်း Taxi တစ်စီးလည်း တွေ့ရသည်။ ဓာတ်ပုံ-YouTube)

 

(Rolls-Royce တစ်စီးကို တွေ့ရပုံ။ ဓာတ်ပုံ-YouTube)


Ben တို့နှစ်ဦး ရှာဖွေတွေ့ရှိခဲ့သော ကားများတွင် မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီ မိုဟာမက် ပိုင်ဆိုင်ခဲ့သော Proton Perdana တစ်စီးလည်း ပါဝင်နေသည်။

မဟာသီက Hybrid လောင်စာ သုတေသနပြုလုပ်နိုင်ရန် အဆိုပါကားကို ဗြိတိန်သို့ ပို့ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီအဆောက်အအုံကို တွေ့ထားတာ နှစ်အတော်ကြာပါပြီ။ ဘာအဆောက်အအုံမှန်း မသိရတဲ့ ဒီအထဲကို ကျွန်တော်တို့ ဝင်ရောက်လေ့လာခဲ့ကြပါတယ်။ မြေအောက်ခန်းထဲကို ခုန်ချပြီး လိုက်လံကြည့်ရှုတဲ့အခါမှာ ပေါင် သန်းနဲ့ချီ တန်ကြေးရှိတဲ့ ကားတွေကို တွေ့လိုက်ရပါတယ်” ဟု Eran က ပြောသည်။

ကြမ်းပြင်ပေါ်တွင် တွေ့ရှိရသော အမည်ဆိုင်းဘုတ်အရ ယခုအဆောက်အအုံသည် Bristol Cars ကုမ္ပဏီက ပိုင်ဆိုင်ခဲ့သော အဆောက်အအုံဖြစ်ကြောင်း သိရသည်။

Bristol Cars သည် ဗြိတိန်ရှိ ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခု ဖြစ်သည်။

ဗြိတိန်တွင် ကိုဗစ်ကပ်ဘေးဆိုးရွားခဲ့သော ၂၀၂၀ ပြည့်နှစ်အတွင်း Bristol Cars ကုမ္ပဏီ ဒေဝါလီခံကာ ဖျက်သိမ်းသွားခဲ့ရသည်။

သို့သော် Ben တို့၏ ဗွီဒီယိုဖိုင်တွင် တွေ့မြင်ရမှုအရ မြေအောက်ခန်းရှိ ကားများမှာ ဖုန်အလိမ်းလိမ်းဖြစ်နေပြီး ထိုနေရာတွင် ထားရှိထားသည်မှာ ကာလကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိနိုင်သည်။

ဘရစ္စတိုးမြို့အမည်ကို အစွဲပြုကာ Bristol Cars ဟု ကုမ္ပဏီအမည်ပေးထားခြင်း ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း Bristol Aeroplane Company ၏ ကုမ္ပဏီခွဲတစ်ခုအနေဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်တွင် သီးခြားကုမ္ပဏီ ဖြစ်လာခဲ့သည်။

Bristol Cars မှ ဘဏ္ဍာရေးအကြီးအကဲဖြစ်ခဲ့သူ Kasun Waduge က Daily Mail သတင်းဌာနသို့ ပြောခဲ့သည်မှာ အချို့ကားများမှာ ကုမ္ပဏီက ပိုင်ဆိုင်သော ကားများဖြစ်ပြီး အချို့မှာမူ အခြားသူတို့၏ ကားများဖြစ်ကာ ကုမ္ပဏီက ထိန်းသိမ်းစောင့်ရှောက်ပေးထားခြင်းဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်တို့က အဲဒီကားတွေကို ယာယီထိန်းသိမ်းထားပေးတာပါ။ ဒါပေမယ့် လာမယူကြဘဲ လပေါင်းများစွာ ရှိနေခဲ့တယ်။ ဒီကားတွေက ဘာမှ တန်ကြေးမရှိတော့ပါဘူး။ စွန့်ပစ် အမှိုက်ပုံကြီးတစ်ခု ပါပဲ” ဟု Kasun က ပြောသည်။

ဤကားများသည် စွန့်ပစ်အမှိုက်ပုံဟုဆိုလျှင် အလွန်ဈေးကြီးသော အမှိုက်ပုံဟု ဆိုရမည်။

အဘယ်ကြောင့်ဆိုလျှင် ထိုနေရာတွင် ရှိနေသော ကားများ၏ တန်ကြေးမှာ ပေါင် ၁ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၃ သန်း) ခန့် တန်ကြေးှရှိနေသောကြောင့် ဖြစ်သည်။

Bristol Cars ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို လေလံတင်ပေးမည့် Wyles Hardy & Co လေလံကုမ္ပဏီမှ ရာဖြတ်တစ်ဦးဖြစ်သူ David Fletcher က ပြောသည်မှာ အဆိုပါ မြေအောက်ခန်းမှ ကားများကို လေလံတင်ထားကြောင်း၊ ဒေါ်လာ ၁ သန်းကျော် ရရှိမည်ဟု မျှော်မှန်းထားကြောင်း ပြောသည်။

 

(လေလံတင်ရောင်းချမည့် စွန့်ပစ်ခံ ပြိုင်ကားများ။ ဓာတ်ပုံ-YouTube)

 

(လှပခမ်းနားသော ကားများမှာ မေ့လျော့စွန့်ပစ်ခံထားရသည်။ ဓာတ်ပုံ-YouTube)

 

(ဆာရေးခရိုင်ရှိ မြေအောက်ခန်းထဲတွင် ဖုံအလိမ်းလိမ်းဖြစ်နေသော ကားများ၏ စုစုပေါင်းတန်ကြေးမှာ ပေါင် ၁ သန်းခန့်ရှိသည်။ ဓာတ်ပုံ-YouTube)

 

(Bristol Cars မှ ထုတ်လုပ်ခဲ့သော ကားများလည်း ပါဝင်သည်။ ဓာတ်ပုံ-YouTube)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Explorers find secret underground barn find only accessible by huge drop that has millions of dollars worth of car (autoevolution, thesun)

Photo Credit-YouTube