- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည် ကားထုတ်လုပ်သူတွေဟာ EV တွေကို ဒေါ်လာ ၂၀,၀၀၀ အောက် ဈေးနည်းနည်းနဲ့ ဘယ်လိုများ ထုတ်လုပ်နိုင်တာလဲ
တရုတ်ပြည် ကားထုတ်လုပ်သူတွေဟာ EV တွေကို ဒေါ်လာ ၂၀,၀၀၀ အောက် ဈေးနည်းနည်းနဲ့ ဘယ်လိုများ ထုတ်လုပ်နိုင်တာလဲ
- 303 views
ကျန်းဖန်လျံ (Zhang Fenglian) သည် တရုတ်ပြည်တောင်ပိုင်း ချုံကင်းမြို့မှ အငှားယာဉ်မောင်းတစ်ဦးဖြစ်ပြီး ဧည့်လမ်းညွှန်တစ်ဦးအဖြစ်လည်း လုပ်ကိုင်ကာ လာရောက်လည်ပတ်သူများကို ယန်စီမြစ်တလျှောက် သာယာလှပသော ရှုမျှော်ခင်းများ လိုက်လံပြသပေးသည်။
တရုတ်ပြည် အဓိကရမြို့ကြီးများရှိ အငှားယာဉ်များစွာနည်းတူ ကျန်းဖန်လျံ၏ ကားမှာလည်း လျှပ်စစ်ကား ဖြစ်သည်။
သူ၏ကားမှာ တရုတ်ပြည်ထိပ်တန်း ကားထုတ်လုပ်သူ BYD ထုတ်ကားတစ်စီး ဖြစ်သည်။
ကျန်းဖန်လျံ၏ ကားမှာ low-range မော်ဒယ်တစ်စီးဖြစ်ပြီး နောက်ထိုင်ခုံများတွင် လေပေးပေါက်များ မပါဝင်ချေ။
ပြီးပြည့်စုံသော ကားတစ်စီးမဟုတ်သော်လည်း လက်တွေ့ကျကြောင်း ကျန်းဖန်လျံက ပြောသည်။
“BYD ရဲ့ အားတစ်ကြိမ်သွားထားရင် မောင်းနိုင်တဲ့ စံနှုန်းက မိုင် ၂၈၀ လို့ ယူဆရတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့တော့ လေအေးပေးစက် မသုံးဘူးဆိုရင် ၂၅၅ မိုင်ကနေ မိုင် ၂၆၀ လောက်ပဲ မောင်းလို့ရ ပါတယ်။” ဟု ကျန်းဖန်လျံက ပြောသည်။
“ပုံစံဒီဇိုင်းတွေ အလေးထားတဲ့သူဆိုရင်တော့ ခင်ဗျားတို့အနေနဲ့ အရေးကြီးပုဂ္ဂိုလ်တွေ၊ သူဌေးကြီးတွေကို ကြိုဆိုဖို့အတွက် ဒီကားကို သုံးလိမ့်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကားက ဈေးပေါတဲ့ ပုံစံဖြစ်နေ လို့ပါ။ ဒါပေမယ့် ဒီကားက ခရီးသည် ၅ ယောက် သက်တောင့်သက်သာ စီးလို့ရပြီး ကားနောက်ဘက် ပစ္စည်း ထားသိုခန်းကလည်း ကျယ်ဝန်းပါတယ်”
ကျန်းဖန်လျံက အဆိုပါ EV ကို ယွမ် ၁၃၀,၀၀၀ (ကန်ဒေါ်လာ ၁၈,၀၀၀) မျှဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အခြားနိုင်ငံများတွင် ပုံမှန်အားဖြင့် ဈေးအသက်သာဆုံး EV မှာ ပျှမ်းမျှအားဖြင့် ဒေါ်လာ ၂၉,၀၀၀ ဝန်းကျင်ခန့် ရှိသည်။
တရုတ်ပြည်တွင် EV များကို တန်ဖိုးနည်းစွာဖြင့် ရောင်းချနိုင်ခြင်းအကြောင်းမှာ ပြည်တွင်းပြိုင်ဆိုင်မှု အလွန်ပြင်းထန်ခြင်း၊ အစိုးရ၏ ထောက်ပံ့မှု၊ လုပ်အားခ နည်းပါးမှုနှင့် Supply Chain ကြီးမားစွာ ပိုင်ဆိုင် ထားမှုတို့ကြောင့် ဖြစ်သည်။
((ပြည်တွင်း ပြိုင်ဆိုင်မှု))
တရုတ်ပြည်တွင် လျှပ်စစ်ကား အမှတ်တံဆိပ်ပေါင်း ၁၀၀ ကျော်အထိ ရှိနေသည်။
BYD နှင့် Tesla အပါအဝင် EV brand ၅ ခုက ဈေးကွက်ဝေစု ၆၀ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားကြောင်း ရှန်ဟိုင်းအခြေစိုက် မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့ Automobility ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တရုတ်ပြည်တွင်းတွင် ဈေးနှုန်းစစ်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိခြင်းကြောင့် EV တို့၏ ဈေးနှုန်းမှာ တစထက်တစ ပိုမိုနည်းပါးလာနေသည်။
ထို့အပြင် တရုတ်ပြည်တွင်းတွင် ဝယ်လိုအားမှာလည်း အားနည်းလာနေသည်။
((အစိုးရ၏ ထောက်ပံ့မှုများ))
ဥရောပသမဂ္ဂမှ အုပ်ချုပ်ရေးအဖွဲ့ခွဲဖြစ်သော ဥရောပကော်မရှင်က တရုတ် EV ကုမ္ပဏီတို့အပေါ် အစိုးရက ထောက်ပံ့ခဲ့မှုများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ငွေကြေးထောက်ပံ့မှု၊ တိုက်ရိုက်ကူညီမှုများ၊ မြေနေရာ ဈေးသက်သာစွာဖြင့် ချထားပေးမှုများ၊ ဘက်ထရီများ ထုတ်လုပ်ရန် ကုန်ကြမ်းများကို ဈေးကွက် ပေါက်ဈေးအောက် နည်းပါးစွာ ရရှိမှုများ၊ အခွန်လျှော့ပေါ့မှုများအား စစ်ဆေးခဲ့သည်။
တရုတ်ပြည်ကမူ ဈေးကွက်ပြိုင်ဆိုင်မှု မမျှတစေရန် လုပ်ဆောင်ခဲ့ခြင်းမျိုးမရှိကြောင်း ငြင်းဆိုထားပြီး စက်မှုလုပ်ငန်းဆိုင်ရာ အထောက်အကူပေးခဲ့မှုများမှာ ကျိုးကြောင်းဆီလျော်ပြီး ဥပဒေနှင့်အညီဖြစ်ကြောင်း တုံ့ပြန်ထားသည်။
ဥရောပသမဂ္ဂအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်အစိုးရက ကနေဒါမှ တင်ပို့သော ဟင်းသီးဟင်းရွက် ဆီနှင့် ဓာတုပစ္စည်းများမှာ ပြည်တွင်းတွင် ရောင်းမထွက်သော ပစ္စည်းများကို ဈေးနှုန်း နည်းပါးစွာဖြင့် ပြည်ပ တွင် အစွံထုတ်ခြင်းဟုတ်၊ မဟုတ် စစ်ဆေးမှု ပြုလုပ်လျက် ရှိသည်။
(ချုံကင်းမြို့ဘေး ယန်စီမြစ်၏ မြင်ကွင်း။ ဓာတ်ပုံ-Charles Zhang/ Marketplace)
(အငှားယာဉ်မောင်း ကျန်းဖန်လျံကို သူ၏ လျှပ်စစ်ကားအတွင်း တွေ့ရပုံ။ low-end BYD ကားတစ်စီးဖြစ်ပြီး Smart controller screen မပါဝင်ချေ။ ထို့ကြောင့် ကိုယ်ပိုင် tablet နှင့် GPS စနစ်များ တပ်ဆင်ခဲ့ရသည်။ ဓာတ်ပုံ-Charles Zhang/ Marketplace)
((လုပ်အားခ ဈေးပေါခြင်း))
Tesla နှင့် တရုတ်ပြည်မှ ကားအမှတ်တံဆိပ်များ အလွန်ဈေးသက်သာသည့် EV များ ထုတ်လုပ်ရောင်းချ နိုင်ခြင်း၏ အခြားအကြောင်းရင်းတစ်ခုမှာ တရုတ်ပြည်တွင် အလုပ်အလွန်ကြိုးစားပြီး လုပ်ခ နည်းနည်းသာ ပေးရသော အလုပ်သမားအင်အား များစွာရနိုင်သောကြောင့် ဖြစ်သည်။
တရုတ်ပြည်အလယ်ပိုင်း ဟူနန်ပြည်နယ်၊ ချန်ရှားမြို့တွင် Tesla ၏ ဝန်ထမ်းခေါ်ယူရေးဌာနတွင် တန်းစီနေ သူများ အမြဲရှိသည်။
၎င်းတို့အားလုံးတွင် ခရီးဆောင်လက်ဆွဲအိတ်များ ကိုယ်စီပါကြသည်။
သူတို့မှာ ထိုမြို့ခံများ မဟုတ်သောကြောင့်ပင်။
အလုပ်ခန့်ထားခံရပါက ကုမ္ပဏီအဆောင်တွင် နေထိုင်ခွင့်ရမည်ဖြစ်ပြီး နောက်နေ့တွင် ချက်ချင်းအလုပ်ဆင်း နိုင်မည် ဖြစ်သောကြောင့် အဝတ်အိတ်များပါ တပါတည်း ယူဆောင်လာကြခြင်း ဖြစ်သည်။
“ကျွန်တော့်လစာက တစ်လကို ယွမ် ၇၀၀၀ (ကန်ဒေါ်လာ ၉၉၀) ဝန်းကျင်ရပါတယ်။” ဟု BYD စက်ရုံ ဝန်ထမ်းတစ်ဦးက ပြောသည်။
သူက မိသားစုမျိုးရိုးအမည် ဝူဖြစ်ကြောင်းသာ ထုတ်ဖော်ပြောကြားသည်။
ယနေ့ခေတ် တရုတ်ပြည်မှ စက်ရုံလုပ်သားတစ်ဦးအတွက် သင့်တင့်လျောက်ပတ်သော လစာဖြစ်သည်ဟု ဆိုနိုင်သည်။
အထူးသဖြင့် လုပ်အားခနည်းပါးသော ချန်ရှားလို မြို့မျိုးတွင် လစာမဆိုးဟု ဆိုရမည်။
သို့သော် ဘဝရပ်တည်နိုင်မည့် လစာရရှိရေးအတွက် ဝူ အနေဖြင့် အချိန်ပိုများစွာ ဆင်းရန် လိုအပ်သည်။
“ကျွန်တော် တစ်လကို အချိန်ပို နာရီ ၂၇၀ ကနေ ၂၈၀ လောက်ဆင်းရပါတယ်” ဟု ဝူက ပြောသည်။
ထို့ကြောင့် ၎င်းအနေဖြင့် ရက်သတ္တပတ်လျှင် အနည်းဆုံး ၆၇ နာရီ အလုပ်လုပ်ရပြီး ရုံးပိတ်ရက်များတွင် မနားရသလောက် ဖြစ်သည်။
သူ၏ လုပ်ခမှာ ၁ နာရီလျှင် ၃ ဒသမ ၆၀ ဒေါ်လာခန့် ဖြစ်သည်။
နှိုင်းယှဉ်မှုအားဖြင့် ကြည့်မည်ဆိုလျှင် ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် စက်ရုံအလုပ်သမားများသည် ရက်သတ္တပတ်လျှင် ပျှမ်းမျှအားဖြင့် ၄၃ နာရီ အလုပ်လုပ်ရပြီး ၁ နာရီလုပ်အားခမှာ ၂၈ ဒေါ်လာ ရသည်။
တရုတ်ပြည်မှ စက်ရုံအလုပ်သမားများ၏ တစ်နာရီလုပ်ခမှာ အမေရိကအလုပ်သမားတို့၏ အစွန်းထွက်မျှပင် မရချေ။
(တရုတ်ပြည်အလယ်ပိုင်း ချန်ရှားမြို့ရှိ BYD ၏ ဝန်ထမ်းခေါ်ယူရေးဌာနတွင် အလုပ်လျှောက်ထားသူများ အမြဲမပြတ်ရှိနေသည်။ ယခုဓာတ်ပုံမှာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လက ရိုက်ကူးထားသော ဓာတ်ပုံဖြစ်သည်။ ဓာတ်ပုံ- Charles Zhang/ Marketplace)
((Supply Chain))
တရုတ်ပြည်၏ အကြီးမားဆုံး အားသာချက်မှာ ကျယ်ပြောသည့် supply chain (vertical integration) တစ်ခုလုံး ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
“Vertical Integration ဆိုတာက လျှပ်စစ်ကားတစ်စီး ထုတ်လုပ်ဖို့ လိုအပ်တဲ့ အရေးကြီးတဲ့ပစ္စည်းတွေရဲ့ supplier ကလည်း ကိုယ်ပဲ ဖြစ်နေတာမျိုးပါ” ဟု Automobility တည်ထောင်သူ၊ Chrysler ၏ အရှေ့မြောက်အာရှဆိုင်ရာ အကြီးအကဲဟောင်း Bill Russo က ပြောသည်။
((မှတ်ချက်။ Vertical Integration, Vertical Forward Integration, Vertical Backward Integration, Horizontal Integration နှင့် Diversification ဟူ၍ လုပ်ငန်းချဲ့ထွင်ပုံ နည်းလမ်းအမျိုးမျိုး ရှိသည်))
အရေးပါသော ပစ္စည်းဆိုရာတွင် ဘက်ထရီများလည်း ပါဝင်၏။
“လျှပ်စစ်ကားတစ်စီးရဲ့ ဈေးအကြီးဆုံးပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်ရေးကဏ္ဍကို ထိန်းချုပ်နိုင်မယ်ဆိုရင် ဈေးနှုန်းသတ်မှတ်မှုမှာ အလွန်ကြီးမားတဲ့ အားသာချက်တွေ ရသွားမှာ ဖြစ်ပါတယ်” ဟု Russo က ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: How can China make EVs that sell for less than $20,000? (marketplace)
Photo Credit- Charles Zhang/ Marketplace