“EV ကြောက် ရောဂါ” ကြောင့် တောင်ကိုရီးယားတွင် EV ဈေးနှုန်းများ များပြားစွာ လျှော့ချပေးလာရ

  • 377 views

တောင်ကိုရီးယားတွင် လျှပ်စစ်ကားကြောက်သည့်ရောဂါ (EV Phobia) ပျံ့ပွားနေသည်။
Mercedes-Benz လျှပ်စစ်ကားတစ်စီး မီးလောင်မှု ဖြစ်ပွားပြီးနောက်ပိုင်း EV Phobia ပျံ့နှံ့သွားခြင်းလည်း ဖြစ်သည်။
တောင်ကိုရီးယားအစိုးရက EV များ ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ရသည်။

ယခုအခါ ကားထုတ်လုပ်သူတို့က ကားဝယ်သူအသစ်များကို ဆွဲဆောင်နိုင်ရေးအတွက် ဈေးကြီး ကြီးမားစွာ လျှော့ချပေးမှုများ ပြုလုပ်လာလျက်ရှိသည်။
နိုင်ငံခြားအမှတ်တံဆိပ်များကို ရောင်းချသည့် ကားအရောင်းစင်တာများက ဝယ်လက်သစ်များကို ဈေးနှုန်း ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးရန် စီစဉ်လာရသည်။

နိုင်ငံခြားအမှတ်တံဆိပ်များမှ ကားအမျိုးအစား ၃၀ ခန့်မှာ လျှော့ဈေး အနည်းဆုံး ၂၀ ရာခိုင်နှုန်းဖြင့် ရောင်းချပေးမည် ဖြစ်သည်။
Getcha ၏ ဖော်ပြချက်အရ discount ချကာ ရောင်းချပေးလာသော ကားများအနက် ၇၃ ရာခိုင်နှုန်းမှာ လျှပ်စစ်ကားများဖြစ်သည်ဟု ဆိုသည်။

Volkswagen, Mercedes-Benz, BMW နှင့် Audi တို့မှာ ဈေးလျှော့ပေးမှုများ စတင်ပြုလုပ်ခဲ့သည်။
Audi က e-tron မျိုးကွဲများအတွက် ဈေးလျှော့ပေးမှုများ ပြုလုပ်ခဲ့ရာ Audi AG ၏ e-tron 55 quarto, e-tron S quarto နှင့် Q8 e-tron Sportback တို့မှာ ပုံမှန်ဈေးအောက် ၂၉ ဒသမ ၅ ရာခိုင်နှုန်းစီ discount ရရှိမည် ဖြစ်သည်။
Audi RS e-tron GT မှာ ၂၄ ဒသမ ၅ ရာခိုင်နှုန်း discount ရမည် ဖြစ်သည်။

BMW ကလည်း i7 ×Drive60 နှင့် i8 Xdrive50 တို့ကို ၁၂ ရာခိုင်နှုန်းဝန်းကျင် ဈေးလျှော့ပေးနေသည်။
Mercedes-Benz က EQE EV ကို ၁၀ ရာခိုင်နှုန်း ဈေးလျှော့ပေးပြီး Volkswagen က ID.4 ကို ၂၃ ရာခိုင်နှုန်း ဈေးလျှော့ပေးနေသည်။

“ပြည်ပက တင်သွင်းတဲ့ကားတွေဟာ ပုံမှန်အားဖြင့် နှစ်ကုန်ပိုင်းဝန်းကျင်မှာ လျှော့ဈေးပိုချပေးတတ်ပါတယ်။ ဒါပေမယ့် အခုက နိုင်ငံခြား အမှတ်တံဆိပ် ရောင်းချသူတွေဟာ နွေရာသီမှာတောင် ပုံမှန်မဟုတ်ဘဲ ဈေးတွေ အများကြီး လျှော့ချပေးလာတယ်။ Mercedes မီးလောင်တဲ့ဖြစ်ရပ်ကြောင့် လျှပ်စစ်ကားတွေအပေါ် သုံးစွဲသူတွေရဲ့ ခံစားချက် အားနည်းနေမှုကြောင့် ဖြစ်နိုင်ပါတယ်” ဟု ပြည်ပမှ တင်သွင်းသော ကားများ ရောင်းချသူတစ်ဦးက KED Global သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သော သြဂုတ်လအတွင်း တောင်ကိုရီးယားရှိ မြေအောက် ကားရပ်နားရာနေရာတစ်ခုတွင် Mercedes-Benz လျှပ်စစ်ကားတစ်စီး မီးလောင်မှုဖြစ်ပွားရာ ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည်။
ထိုဖြစ်ရပ်ကြောင့် တောင်ကိုရီးယား သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက လျှပ်စစ်ကားတို့၏ မီးဘေးလုံခြုံရေး အတွက် အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပခဲ့ရသည်။

ထိုအစည်းအဝေးတွင် တောင်ကိုရီးယားအစိုးရက လျှပ်စစ်ကား ထုတ်လုပ်သူတို့အနေဖြင့် မိမိတို့၏ လျှပ်စစ်ကား များတွင် မည်သည့် ဘက်ထရီအမှတ်တံဆိပ်ကို သုံးစွဲထားသည်ဟူသော လျှို့ဝှက်ချက်အား ထုတ်ဖော် ပြောကြားစေရန် ဆုံးဖြတ်ခဲ့သည်။
Hyundai Motor Group က Hyundai နှင့် Kia EV များတွင် မည်သည့် ဘက်ထရီအမှတ်တံဆိပ်များ အသုံးပြုထားကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: EV ‘phobia’ allegedly grips South Korea, leading to price cuts (teslarati)