- ပင်မစာမျက်နှာ
- ကားသတင်းများ
- ပြိုင်ကားမောင်းသမားဘဝ၊ ရာဇဝတ်မှုနှင့် ဆန်းကြယ်စွာ ပျောက်ကွယ်မှုများ (သို့မဟုတ်) အမေရိကန် ပြိုင်ကားမောင်းသမား ဂျွန်ပေါလ် စီနီယာ ဆန်းကြယ်စွာ ပျောက်ကွယ်သွားမှု
ပြိုင်ကားမောင်းသမားဘဝ၊ ရာဇဝတ်မှုနှင့် ဆန်းကြယ်စွာ ပျောက်ကွယ်မှုများ (သို့မဟုတ်) အမေရိကန် ပြိုင်ကားမောင်းသမား ဂျွန်ပေါလ် စီနီယာ ဆန်းကြယ်စွာ ပျောက်ကွယ်သွားမှု
- 286 views
အုပ်စုဖွဲ့ ရာဇဝတ်မှုကျူးလွန်မှုများနှင့် ပြိုင်ကားလောကသည် ၁၉၀၀ ပြည့်လွန်အစောပိုင်းကာလများကတည်းက ဆက်နွှယ်မှုများ ရှိနေခဲ့သည်။
အမေရိကန်တွင် အရက်သေစာသောက်စားမှု တားမြစ်ခဲ့သည့်ကာလက NASCAR ၏ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဇာစ်မြစ်များမှသည် ပြိုင်ကားမောင်းသမား၊ မူးယစ်ဆေးမှောင်ခိုသမား Randy Lanier ၏ စိတ်ဝင်စားဖွယ်ဘဝအကြောင်းရပ်များအထိ ပြိုင်ကားလောကတွင် ဥပဒေနှင့်ငြိစွန်းသော လှုပ်ရှားမှုများ ဆက်နွှယ်နေသည့် သာဓကဖြစ်ရပ်များ ရှိခဲ့သည်။
သို့သော် ထိုအကြောင်းအရာတို့မှာ ဂျွန်ပေါလ်စီနီယာ၏ ဖြစ်ရပ်လောက် ဖမ်းစားနိုင်မှု မရှိချေ။
ပြိုင်ကားမောင်းသမားလောကတွင် ဂျွန်ပေါလ်စီနီယာသည် ဥပဒေနှင့် မလွတ်ကင်းသော မူးယစ်ဆေးဝါး မှောင်ခိုလုပ်ကိုင်မှုတို့ဖြင့် နာမည်ကြီးခဲ့သည်။
နောက်ပိုင်းတွင် ၎င်းနှင့် ဆက်နွှယ်ကာ လူပျောက်ဆုံးမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း ပြိုင်ကားလောက၌ ရဲတပ်ဖွဲ့က အလိုအရှိဆုံးသူ ဖြစ်လာခဲ့သည်။
ဂျွန်ပေါလ်စီနီယာသည် သူ၏လမ်းတွင် ပိတ်ဆို့နေသည့် မည်သူကိုမဆို သွေးဆာတတ်သည်မှာ သံသယ ဖြစ်ဖွယ်မရှိ။
သို့သော် ၎င်းနှင့် ဆက်နွှယ်ကာ လူပျောက်ဆုံးခဲ့မှုများတွင် ဆန်းကြယ်မှုများ ရှိနေသည်။
ကနဦးတွင် ဂျွန်ပေါလ်စီနီယာမှာ ဘဝအလားအလာကောင်းများ ရှိခဲ့သည်ဟု ယူဆရသည်။
ဟားဗတ်တက္ကသိုလ်ဝင်ခွင့်ရခဲ့ပြီး စီးပွားရေးဖြင့် ဘွဲ့ရခဲ့သည်။
ယင်းနောက် မိသားစုဘဝတစ်ခု တည်ထောင်ခဲ့ပြီး ၁၉၆၀ ပြည့်လွန်ကာလများတွင် ပြိုင်ကားမောင်း လောကသို့ ဝင်ရောက်ခဲ့သည်။
၁၉၇၂ ခုနှစ်သည် ဂျွန်ပေါလ်စီနီယာအတွက် ခက်ခဲသောနှစ်တစ်နှစ်ဖြစ်ခဲ့၏။
ဇနီးဖြစ်သူက စွန့်ခွာသွားခဲ့ပြီး သားဖြစ်သူကိုပါ ခေါ်ဆောင်သွားခဲ့သည်။
ထိုဖြစ်ရပ်ကြောင့် ဂျွန်ပေါလ်စီနီယာက ပြိုင်ကားလောကကို ၁၉၇၅ ခုနှစ်အထိ ကျောခိုင်းထားခဲ့သည်။
ပြိုင်ကားလောကသို့ ဂျွန်ပေါလ်စီနီယာ ပြန်ရောက်လာချိန်တွင် သားဖြစ်သူမှာ ပြိုင်ကားမောင်းသမားဘဝကို ဝါသနာပါသူဖြစ်နေကြောင်း သိလာရသည်။
နောက်ပိုင်းတွင် အသင်းတစ်ခုတည်း၌ သားအဖနှစ်ဦးလုံး ပါဝင်ခဲ့ပြီး အောင်မြင်သောအသင်းတစ်ခု ဖြစ်ခဲ့သည်။
ထိုဖြစ်ရပ်မှာ မိသားစုတစ်ခု ပြန်လည်ပေါင်းထုပ်ကြသည့် နှလုံးသားများနွေးထွေးဖွယ်ဖြစ်ရပ်ဟု ထင်ရ သော်လည်း ကန့်လန့်ကာနောက်ကွယ်တွင် အခြားအကြောင်းရပ်များစွာ ရှိနေသည်။
ဂျွန်ပေါလ်စီနီယာသည် အောင်မြင်သော ရင်းနှီးမြှုပ်နှံငွေ စီမံခန့်ခွဲသူ (hedge fund manager) တစ်ဦး ဖြစ်သော်လည်း သူ၏ ပြိုင်ကားမောင်းသမားဘဝရပ်တည်နိုင်ရန် လုံလောက်သော ငွေမရ။
ထို့ကြောင့် မိမိကိုယ်တိုင်သာမက မိသားစုတစ်ခုလုံးကိုပါ မူးယစ်ဆေး တရားမဝင်ရောင်းဝယ်သည့်အလုပ်တွင် ပါဝင်စေခဲ့တော့သည်။
တခါတွင်မူ ဂျွန်ပေါလ်စီနီယာ အဖမ်းခံရသည်။ သို့သော် ကြီးလေးသည့်ပြစ်ဒဏ် မခံရဘဲ ဒေါ်လာ ၃၂၀၀၀ ကျော်မျှသာ ဒဏ်ငွေဆောင်ရခြင်းဖြင့် ပြီးသွားသည်။
သို့သော် ထိုဖြစ်ရပ်ကြောင့် ဂျွန်ပေါလ်စီနီယာက သူ၏ လုပ်ဖော်ကိုင်ဖက် Stephan Carson အပေါ် သံသယ ဝင်သွားသည်။
သို့နှင့် လိုက်လံရှာဖွေရာ နောက်ဆုံးတွင် ခြေရာခံမိခဲ့ပြီး Carson ကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့၏။
သို့သော် Carson မှာ သေကံမရောက် သက်မပျောက်ခဲ့ရာ ဂျွန်ပေါလ်စီနီယာမှာ လူသတ်ရန် ကြံစည်မှုဖြင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရသည်။
ထောင်သို့ ရောက်ရှိပြီးနောက် ဂျွန်ပေါလ်စီနီယာသည် ထောင်ဖောက်ပြေးကာ လွတ်မြောက်သွားခဲ့သည်။
၁၉၈၀ ပြည့်နှစ်တွင် Chalice Benette အမည်ရှိ အိမ်ထောင်ရှိအမျိုးသမီးနှင့် ချစ်ကြိုက်ခဲ့ပြီး လက်ထပ်ခဲ့ ကြသည်။
သို့သော် အိမ်ထောင်ရေးအဆင်မပြေခဲ့ဘဲ မကြာမီတွင်ပင် ကွာရှင်းခဲ့ကြသည်။
ယင်းနောက် ဂျွန်ပေါလ်စီနီယာသည် Colleen Wood အမည်ရှိ အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့သည်။
ဂျွန်ပေါလ်စီနီယာသည် Colleen Wood နှင့်အတူ The Island Girl အမည်ရှိ လှေတစ်စင်းဖြင့် ခရီးထွက်စဉ် Colleen Wood ပျောက်ဆုံးသွားခဲ့၏။
၂၀၀၁ ခုနှစ်တွင်ကား ဂျွန်ပေါလ်စီနီယာ ကိုယ်တိုင်လည်း အစရှာမရဘဲ ပျောက်ဆုံးသွားခဲ့သည်။
၎င်းရှိနေမည့်နေရာနှင့်ပတ်သက်ပြီး လူတို့က အမျိုးမျိုးအဖုံဖုံ ထင်ကြေးပေး ပြောဆိုမှုများ ရှိသည်။
အချို့ကပြောသည်မှာ ဂျွန်ပေါလ်စီနီယာသည် ဘဟားမား (သို့မဟုတ်) ကျွန်းနိုင်ငံတစ်ခုခုတွင် ရောက်နေ ကြောင်း ပြောဆိုမှုများရှိသော်လည်း အမှန်တကယ်မည်သည့်နေရာတွင် ရှိသည်မှာမူ ယတိပြတ် ပြောရန် ခက်သည်။
အသေအချာပြောနိုင်သည့်အချက်မှာမူ ဂျွန်ပေါလ်စီနီယာ မည်သည့်ကျွန်းတွင် ရောက်နေသည်ဖြစ်စေ လူအားလုံးအတွက် ဘေးကင်းသည်ဟူသောအချက်ပင်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: The Dark Tale of John Paul Sr.: Racing, Crime, and Mysterious Disappearances (autos)