• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဥရောပသမဂ္ဂက တရုတ်ပြည်မှ ကားများကို အကောက်ခွန် တိုးမြှင့်ကောက်ခံရေးနှင့် စပ်လျဉ်းပြီး စက်တင်ဘာ ၂၅ ရက်တွင် မဲခွဲဆုံးဖြတ်ရန် စီစဉ်

ဥရောပသမဂ္ဂက တရုတ်ပြည်မှ ကားများကို အကောက်ခွန် တိုးမြှင့်ကောက်ခံရေးနှင့် စပ်လျဉ်းပြီး စက်တင်ဘာ ၂၅ ရက်တွင် မဲခွဲဆုံးဖြတ်ရန် စီစဉ်

  • 150 views

ဥရောပသမဂ္ဂသည် တရုတ်ပြည်မှ တင်သွင်းလာမည့် လျှပ်စစ်ကားများအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်ပြီး လာမည့် စက်တင်ဘာ ၂၅ ရက်တွင် မဲခွဲဆုံးဖြတ်ရန် စီစဉ်ထားကြောင်း အဆိုပါ အကြောင်းရပ်ကို သိရှိထားသည့် သတင်းရင်းမြစ်များကို ကိုးကားပြီး Bloomberg သတင်းဌာနက ဖော်ပြသည်။

ဥရောပသမဂ္ဂသည် ယခင်က မော်တော်ကား တင်သွင်းမှုများအတွက် အခွန် ၁၀ ရာခိုင်နှုန်း ပုံမှန်ကောက်ခံခဲ့ရာမှ ယခုအခါတွင် တရုတ်ပြည်ထုတ် EV များကို ၃၅ ဒသမ ၃ ရာခိုင်နှုန်းအထိ ထပ်တိုးခွန် ကောက်ခံတော့မည့် အခြေအနေသို့ ရောက်ရှိနေသည်။

တရုတ်ပြည်မှ EV ထုတ်လုပ်သူတို့က များပြားသည့် ထပ်တိုးခွန်များ ရှောင်လွှဲန်ိုင်ရေးအတွက် ၎င်းတို့၏ ကားများကို အနည်းဆုံးဈေးနှုန်းဖြင့် ဥရောပသို့ တင်သွင်းပေးရန် ကမ်းလှမ်းခဲ့သော်လည်း ဥရောပသမဂ္ဂက ပယ်ချခဲ့သည်။

ယခုအကြောင်းရပ်နှင့်စပ်လျဉ်းပြီး Bloomberg သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့မှုကို ဥရောပကော်မရှင်က မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ဥရောပသမဂ္ဂ ကုန်သွယ်ရေးအကြီးအကဲ Valdis Dombrovskis က တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao နှင့် လာမည့် ကြာသပတေးနေ့တွင် တွေ့ဆုံရန်ရှိနေသည်။

ဥရောပသမဂ္ဂသည် BYD, Geely နှင့် SAIC တို့ကဲ့သို့ တရုတ်ပြည်ထုတ်လျှပ်စစ်ကားများ တင်သွင်းလာမှုအပေါ် ထပ်တိုးခွန်များ ကောက်ခံရန် ယခုနှစ် ဇူလိုင်လတွင် စတင်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် သြဂုတ်လအတွင်းတွင်မူ Tesla ၏ တရုတ်ပြည်တွင် ထုတ်လုပ်သော EV များကို မူလက ထပ်တိုးခွန် ၉ ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်ခဲ့သော်လည်း ၇ ဒသမ ၈ ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့သည်။

ထို့အပြင် ဥရောပမှ ကားထုတ်လုပ်သူများနှင့် ဖက်စပ်ထုတ်လုပ်သော တရုတ်ပြည်မှ ကုမ္ပဏီအချို့ကိုလည်း မူလသတ်မှတ်ထားသော ထပ်တိုးခွန်အောက် လျှော့ချပေးခြင်းများ ပြုလုပ်ခဲ့သည်။

နောက်ဆုံးလျာထားသတ်မှတ်သည့် ထပ်တိုးခွန် ကောက်ခံရေးကိစ္စကို ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံက မဲခွဲဆုံးဖြတ်သွားမည် ဖြစ်သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများရှိ လူဦးရေ၏ ၆၅ ရာခိုင်နှုန်းကို ကိုယ်စားပြုသော နိုင်ငံ ၁၅ နိုင်ငံက ကန့်ကွက်မဲ မပေးပါက ယခုသတ်မှတ်သည့် ထပ်တိုးခွန်ကောက်ခံရေးကို အကောင်အထည်ဖော်သွားတော့မည် ဖြစ်သည်။

 

(ဆက်စပ်သတင်း)

ဥရောပသမဂ္ဂက Tesla နှင့် အခြားတရုတ်ပြည်ထုတ် EV များကို တိုးမြှင့်ကောက်ခံရန် သတ်မှတ်ထားခဲ့သည့် အကောက်ခွန်ပမာဏ ပြန်လည်လျှော့ချပေးမည်

https://www.carsdb.com/my/news/824

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: EU plans Sept 25 vote on raising tariffs on EVs from China, Bloomberg News reports (reuters)