- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဗြိတိန်တွင် မီးပွိုင့်၌ ဝါ၊ စိမ်း၊နီအပြင် စက်ဘီးစီးသူများအား ဦးစားပေးဖြတ်သန်းခွင့်ပေးရန်အတွက် AI နည်းပညာသုံး စတုတ္ထမြောက် မီးလုံး ထည့်သွင်း စမ်းသပ်လျက်ရှိ
ဗြိတိန်တွင် မီးပွိုင့်၌ ဝါ၊ စိမ်း၊နီအပြင် စက်ဘီးစီးသူများအား ဦးစားပေးဖြတ်သန်းခွင့်ပေးရန်အတွက် AI နည်းပညာသုံး စတုတ္ထမြောက် မီးလုံး ထည့်သွင်း စမ်းသပ်လျက်ရှိ
- 132 views
ဗြိတိန်တွင် ရုံးဆင်းရုံးတက်ချိန်များ၌ စက်ဘီးသမားများအား ဦးစားပေးရန်အတွက် ကားများ ရပ်တန့်ပေးရန် AI နည်းပညာဖြင့် အလိုအလျောက်စနစ်သုံး အချက်ပြမည့် မီးပွိုင့်မီးလုံးများ စတင်စမ်းသပ်လျက်ရှိသည်။
ဗြိတိန်တွင် စတင်စမ်းသပ်နေသည့် နည်းပညာသစ်သည် စက်ဘီးသမားများ အဟန့်အတားမရှိ သွားလာနိုင် စေရေး ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။
(AI နည်းပညာသည် လမ်းအသုံးပြုသူအားလုံးအတွက် ဘေးကင်းလုံခြုံမှု များစွာမြင့်တက်လာစေမည် ဖြစ်သည်)
(ယခုနည်းပညာသစ်တွင် စက်တပ်ယာဉ်အသုံးပြုသူများနှင့် စက်ဘီးသမားများခွဲခြားနိုင်ရန်၊ မှားယွင်း ထောက်လှမ်းမိမှုများမဖြစ်စေရန်အတွက် ကျယ်ပြန့်သော Algorithm များ၊ အဆင့်မြင့် machine learning များအား အသုံးပြုထားသည်။ ဓာတ်ပုံ-Alamy)
ဤနည်းပညာတွင် အသုံးပြုထားသော အာရုံခံဆင်ဆာတို့က စက်ဘီးသမားတို့ကို မီတာ ၃၀ (၉၈ ပေ) အကွာကတည်းက ထောက်လှမ်းနိုင်ပြီး စက်တပ်ယာဉ်များကို မီးနီပြလိုက်သည်။
စက်ဘီးသမား မီးပွိုင့်သို့ ရောက်ချိန်ခန့်တွင် စက်ဘီးနှင့် လမ်းသွားလမ်းလာများအတွက် မီးစိမ်းပြ လိုက်မည်ဖြစ်ရာ စက်ဘီးသမားများအဖို့ အရပ်အနားမရှိဘဲ သွားလာနိုင်မည် ဖြစ်သည်။
အဆိုပါနောက်ဆုံးပေါ် ယာဉ်ကြောစီမံခန့်ခွဲမှုစနစ်ကို VivaCity က ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
VivaCity ၏ smart sensor နည်းပညာကို Transport for West Midlands (TfWM) , West Midlands Combined Authority (WMCA) နှင့် Solihull Council တို့က ကျောထောက်နောက်ခံပေးထားကြောင်း GB သတင်းဌာနက ဖော်ပြသည်။
West Midlands ၏ မြို့တော်ဝန် ရစ်ချတ် ပါကားက “စက်ဘီးသမားတွေနဲ့ လမ်းသွားလမ်းလာတွေကို ထောက်လှမ်းပြီး ယာဉ်ကြောအချက်ပြစနစ်တွေကို စီမံခန့်ခွဲခြင်းအားဖြင့် လမ်းအန္တရာယ် ပိုမိုကင်းရှင်းအောင် AI နည်းပညာက ဘယ်လိုလုပ်ပေးနိုင်တယ်ဆိုတာ ဒီစီမံကိန်းကနေ တွေ့ခွင့်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။
“လမ်းတွေပေါ်မှာ ပိုမိုဘေးကင်းလုံခြုံမှုရစေဖို့၊ လူတွေကို စက်ဘီးတွေ ပိုမိုအသုံးပြုရေးတွန်းအားပေးဖို့ ကျွန်တော့်စီမံကိန်းမှာ ဒါက အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။”
“စက်ဘီးစီးခြင်းအားဖြင့် ကျန်းမာရေးပိုမို ကောင်းမွန်စေမယ့်အပြင် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်ပြီး လေထုလည်း ပိုမိုသန့်ရှင်းလာနိုင်ပါတယ်”
VivaCity ၏ လုပ်ငန်းလည်ပတ်မှု အရာရှိချုပ် Peter Mildon က “Solihull မှာ ခရီးသွားလာလှုပ်ရှားမှုတွေ အတွက် ကျွန်တော်တို့ရဲ့ နည်းပညာအသုံးပြုခြင်းခံရတဲ့အပေါ် ကျွန်တော်တို့ စိတ်လှုပ်ရှားရပါတယ်” ဟု ပြောသည်။
(မှတ်ချက်။ Solihill သည် ဘာမင်ဂမ်မြို့၏ အရှေ့တောင်ဘက်ရှိ ဈေးမြို့လေးတစ်မြို့ ဖြစ်သည်။)
“ကျွန်တော်တို့ရဲ့ smart sensor တွေဟာ လမ်းကွန်ရက်တွေမှာ ဘေးကင်းလုံခြုံမှုနဲ့ ထိရောက်မြန်ဆန်မှု မြှင့်တင်ပေးနိုင်ရေးအတွက် အထူးရည်ရွယ်ထားတာ ဖြစ်ပါတယ်။”
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ West Midlands အပါအဝင် ဗြိတိန်တလွှား လမ်းအန္တရာယ်ကင်းရှင်းရေး စံနှုန်းသစ်တွေ ရရှိစေဖို့ ဖြစ်ပါတယ်”
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: New AI traffic lights being tested give priority to cyclists over cars in hope to ‘encourage more people to cycle’ (thesun)
Photo Credit: alamy