- ပင်မစာမျက်နှာ
- ကားသတင်းများ
- Toyota Prius မှာ ကမ္ဘာပေါ်တွင် ဆီစားအသက်သာဆုံးကားအဖြစ် ဂင်းနက်စ်စံချိန်တင်
Toyota Prius မှာ ကမ္ဘာပေါ်တွင် ဆီစားအသက်သာဆုံးကားအဖြစ် ဂင်းနက်စ်စံချိန်တင်
- 686 views
93 mpg အထိရှိသောကားဆိုလျှင် သင်အထင်ကြီးမည်လော။
သင်၏အဖြေမှာ Yes ဆိုပါက သင့်အနေဖြင့် လက်ရှိ Toyota Prius ၏ performance မှာ သင်အထင်ကြီးလောက်ဖွယ် ရှိနေသည်။
လက်ရှိ Toyota Prius မှာ 57 mpg သာရှိကြောင်း EPA က rating ပေးထားသော်လည်း လော့စ်အိန်ဂျလိ မြို့တော်ခန်းမမှ နယူးယောက် မြို့တော်ခန်းမအထိ စမ်းသပ်မောင်းနှင်ခဲ့မှုတွင် ပျှမ်းမျှအားဖြင့် 93.1mpg (ဆီတစ်ဂါလံလျှင် ၉၃ ဒသမ ၁ မိုင်) အထိ ရှိနေသည်။
(မှတ်ချက်။ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီ (EPA) သည် အမေရိကန်အစိုးရအဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အမေရိကန်တွင် ရောင်းချသမျှကားတို့၏ ဆီစားနှုန်းနှင့် မောင်းနှင်နိုင်သည့်ခရီးတို့ကို အကဲဖြတ် ပေးနေသော အဖွဲ့အစည်းဖြစ်သည်။)
ဆီစားနှုန်း စမ်းသပ်ချက်များသည် အများအားဖြင့် မိုင်ဆယ်ဂဏန်း (သို့မဟုတ်) ရာဂဏန်းမျှသာ ဖြစ်သည်။
ယခုစမ်းသပ်မောင်းနှင်ခဲ့သည့် ခရီးမှာ မိုင်ပေါင်း ၃၂၀၀ ဖြစ်ပြီး အမေရိက၏ အကြီးမားဆုံး မြို့ကြီး ၂ ခုကြား အမေရိကတိုက် အနောက်ဘက်ကမ်းမှသည် အရှေ့ဘက်ကမ်းအထိ တိုက်ကြီးတစ်ခုလုံးကို ဖြတ်သန်း စမ်းသပ်မောင်းနှင်ခဲ့ခြင်းလည်း ဖြစ်သည်။
ထိုသို့ စမ်းသပ်မောင်းနှင်ခဲ့ပြီးနောက် ကမ္ဘာ့ဆီစားအသက်သာဆုံးကားအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့ခြင်းလည်း ဖြစ်သည်။
Toyota Prius သည် EPA က တရားဝင်အသိအမှတ်ပြုထားသော MPG ထက် မည်သို့မည်ပုံ ၂ ဆနီးပါး ဆီစားသက်သာခဲ့သနည်း။
အဓိကအကျဆုံးအချက်မှာ မည်သို့မောင်းသည်၊ မည်သူက မောင်းသည်ဟူသော အချက်ဖြစ်သည်။
Toyota Prius ဆီစားအလွန်သက်သာကြောင်း သက်သေပြခဲ့သူမှာ Wayne Gerdes ဖြစ်၏။
၎င်းက CleanMPG.com ဟူသော ဝက်ဘ်ဆိုက်ကို တည်ထောင်ထားသူဖြစ်ပြီး ယခင်ကလည်း ဆီစားနှုန်းနှင့် ပတ်သက်သည့် စံချိန်များတင် ထားခဲ့သူဖြစ်သည်။
Wayne Gerdes သည် ၂၀၁၆ ခုနှစ်အတွင်းကလည်း Kia Niro hybrid ဖြင့် ဆီစားအသက်သာဆုံးကား ဟူသော စံချိန်ကို တင်ခဲ့ဖူးသည်။
ထိုစဉ်က စံချိန်မှာ 76.6MPG ဖြစ်သည်။
(Wayne Gerdes သည် ဆီစားနှုန်းနှင့် ပတ်သက်ပြီး ကမ္ဘာ့စံချိန်များစွာ တင်ထားသူဖြစ်သည်။ ဓာတ်ပုံ-Toyota Motor Sales)
Wayne က mpg နှင့် ပတ်သက်သည့် ကမ္ဘာ့စံချိန်များတင်သည့်ဘက်တွင် အထူးစိတ်ဝင်စားသူ ဖြစ်သည်။
ယခုတစ်ကြိမ်တွင် ၎င်းက Toyota Prius ကို ရွေးချယ်ခဲ့သည်။
Toyota Prius သည် ချီးကျူးမှု များစွာခံရသည့် ရှည်လျားသော သမိုင်းကြောင်းများရှိသည်။
Forbes မဂ္ဂဇင်းကြီးမှ ပင်တိုင်စာရေးဆရာ Karl Brauer ကလည်း Toyota Prius ကို လက်ရှိကားဈေးကွက်ရှိ အကောင်းဆုံးကားဟု ရေးသားဖော်ပြခဲ့ဖူးသည်။
(ဂင်းနက်စ်စံချိန်တင်ခဲ့သော Toyota Prius မှာ လက်ရှိဈေးကွက်တွင် ဝယ်ယူရရှိနိုင်သော အမျိုးအစားသာ ဖြစ်ပြီး modify ပြုလုပ်ထားခြင်း မရှိချေ။ ဓာတ်ပုံ-Toyota Motor Sales)
Wayne က Toyota Prius ကို မောင်းနှင်ခဲ့ရာတွင် ပျှမ်းမျှ 93 MPG ရှိခဲ့သည်ဆိုသော်လည်း သူ၏ မိုင်ထောင်ချီ ခရီးစဉ်အများစုတွင် 100mpg အထိ ရရှိခဲ့ခြင်းဖြစ်သည်။
(Toyota Prius ဖြင့် စံချိန်တင်ရန် မောင်းနှင်မှုကို ဂင်းနက်စ်စံချိန်အဖွဲ့က စောင့်ကြည့်ခဲ့ပြီးနောက် ဂင်းနက်စ် စံချိန်တင်လက်မှတ် ပေးအပ်ခဲ့သည်။ ဓာတ်ပုံ-Toyota Motor Sales)
ဂင်းနက်စ်စံချိန်တင်ရန်အတွက် Wayne က Toyota Prius ကို မောင်းနှင်ရာတွင် သတိပြုရှောင်ကြဉ်မှု များစွာရှိခဲ့သည်။
လောင်စာဆီကုန်စေသော climate control စနစ်များ မသုံးခြင်း၊ လေခွင်းအားကောင်းစေရန် ကားမှန်များ တင်ထားခြင်း၊ လမ်းလယ်အမြင့်ဆုံးအခုံးနေရာတွင် ဘီးများထားမောင်းခြင်း၊ ယာဉ်ကြောတစ်ခု၏ ပုံမှန်ဘီးချလေ့ရှိသော နေရာ ၂ ခု အပြင်ဘက်မှ မောင်းခြင်း အစရှိသည်များကို သတိပြုရှောင်ကြဉ်မှုများ ပြုလုပ်ခဲ့သည်။
နောက်ဆုံးအချက်၏ ရည်ရွယ်ချက်မှာ ပိုမိုချောမွေ့သော လမ်းမျက်နှာပြင်ပေါ်မှသာ ကားတာယာတို့ကို ဖြတ်သန်းစေခြင်းဖြစ်သည်။
ထို့အပြင် ချိုင့်ကျင်းများရှောင်ခြင်း၊ လမ်းနိမ့်ပိုင်းတို့တွင် ဝပ်နေသော ရေများကို ရှောင်ခြင်းတို့မှာလည်း စွမ်းအင်ကို ပိုမိုချွေတာနိုင်စေသည်။
ထိုအချက်များသည် မပြောပလောက်ဟု ထင်နိုင်သော်လည်း နောက်ဆုံးရလဒ်ကိုမူ သင်တို့ မျက်ဝါးထင်ထင် တွေ့ခဲ့ရပြီ မဟုတ်ပါလော။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: The Toyota Prius Delivers 93 MPG, Setting New Guinness World Record (Forbes)
Photo Credit- Toyota Motor Sales