- ပင်မစာမျက်နှာ
- ကားသတင်းများ
- တစ်ကမ္ဘာလုံးတွင် EV ဝယ်လိုအား ကျဆင်းနေသော်လည်း ကနေဒါနိုင်ငံတွင်မူ EV များ စံချိန်တင် ရောင်းချရလျက်ရှိ
တစ်ကမ္ဘာလုံးတွင် EV ဝယ်လိုအား ကျဆင်းနေသော်လည်း ကနေဒါနိုင်ငံတွင်မူ EV များ စံချိန်တင် ရောင်းချရလျက်ရှိ
- 155 views
ကနေဒါနိုင်ငံတွင် လျှပ်စစ်ကားနှင့် အခြားသော ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု နည်းပါးသည့်ကားများ သည် ယခုနှစ် ဒုတိယ ၃ လပတ်တွင် ရောင်းအားစံချိန်တင်ခဲ့ကြောင်း၊ ထိုအခြေအနေမှာ ကမ္ဘာတဝန်း လျှပ်စစ်ကားများ၏ လားရာလမ်းကြောင်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း Statistics Canada ၏ အချက်အလက်များတွင် ဖော်ပြသည်။
လျှပ်စစ်ကားနှင့် လျှပ်စစ် hybrid (PHEV) တို့၏ ၃ လပတ်ကာလအတွင်း မှတ်ပုံတင်မှုနှင့် ဈေးကွက်ဝေစု ရရှိမှုနှုန်းမှာ ကိုဗစ်ကပ်ဘေးမတိုင်မီကာလနောက်ပိုင်း အမြင့်မားဆုံးဖြစ်ခဲ့သည်။
PHEV မဟုတ်သော ယာဉ်များအပါအဝင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု နည်းပါးသောယာဉ်များ မှတ်ပုံတင်မှုပမာဏမှာ စုစုပေါင်း ယာဉ်ပမာဏ၏ ၂၀ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။
၃ လပတ်ကာလတစ်ခုအတွင်း မှတ်ပုံတင်မှု အစင်းရေ ၁၀၀,၀၀၀ ပထမဆုံး ကျော်လွန်ခဲ့ခြင်းလည်း ဖြစ်သည်။
ကမ္ဘာတဝန်းတွင်မူ မကြာသေးမီကာလများအတွင်း EV ဈေးကွက် ထိုင်းမှိုင်းနေသည်။
EV ဝယ်လိုအား ကျဆင်းနေမှုကြောင့် ကားထုတ်လုပ်သူတို့သည် ထုတ်လုပ်မှု အရှိန်လျှော့ချခြင်း၊ အစီအစဉ် ပြောင်းလဲခြင်း၊ အချို့သော ပရောဂျက်များကို ဆိုင်းငံ့ထားခြင်းများ ပြုလုပ်လာနေကြသည်။
သို့သော် ကနေဒါတွင်မူ ထိုအခြေအနေမျိုး မဟုတ်။
စီးပွားရေးပညာရှင် Erik Johnson က ပြောသည်မှာ အမေရိကတွင်မူ လျှပ်စစ်ကားများ ရောင်းအားတိုးတက် ခြင်း မရှိကြောင်း၊ ကနေဒါတွင် စံချိန်တင်ရောင်းနေရချိန်၌ အမေရိကတွင် ၃ လပတ်အတွင်း အစင်းရေ ၄၈၀၀၀ မျှသာ ရောင်းအားရှိကြောင်း ပြောသည်။
(ဓာတ်ပုံ-Statistics Canada)
ယခုနှစ် ဒုတိယ ၃ လပတ်အတွင်း ကနေဒါတွင် မော်တော်ယာဉ်သစ် အစင်းရေ ၅၁၁၁၇၃ မှတ်ပုံတင်ခဲ့သည်။
ထိုပမာဏမှာ ယခင် ၃ လပတ်ထက် ၂၅ ရာခိုင်နှုန်း မြင့်တက်မှုဖြစ်ပြီး ယခင်နှစ်ကထက် ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ကားသစ်များ မှတ်ပုံတင်မှု အစင်းရေ မြင့်တက်လာခြင်းမှာ ဈေးကွက်တွင် ရွေးချယ်စရာများ ပိုမိုများပြားလာသည့်အချက်က အကြောင်းရင်းတစိတ်တဒေသ ဖြစ်နိုင်ကြောင်း Johnson က ပြောသည်။
လျှပ်စစ်ကားသစ်များ မှတ်ပုံတင်မှု ပမာဏမှာ အစင်းရေ ၄၈၄၈၉ ရှိခဲ့ပြီး ယခင် ၃ လပတ်ထက် ၄၂ ရာခိုင်နှုန်း၊ နှစ်အလိုက် နှိုင်းယှဉ်မှုတွင် ၃၆ ရာခိုင်နှုန်း မြင့်တက်မှု ဖြစ်သည်။
PHEV မှတ်ပုံတင်မှုမှာ အစင်းရေ ၁၇၂၄၄ ရှိခဲ့ပြီး နှစ်အလိုက် ၄၃ ရာခိုင်နှုန်း မြင့်တက်မှု ဖြစ်သည်။
ကနေဒါတွင် ဒုတိယ ၃ လပတ်ကာလအတွင်း မှတ်ပုံတင်ခဲ့သည့် စုစုပေါင်း ကားအစင်းရေပမာဏ၏ ၉ ဒသမ ၄၉ ရာခိုင်နှုန်းမှာ လျှပ်စစ်ကားဖြစ်ပြီး PHEV မှာ ၃ ဒသမ ၃၇ ရာခိုင်နှုန်း ဖြစ်သည်။
ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု နည်းပါးသည့် ကားများ ရောင်းချရမှုတွင် ကွိဘက်ပြည်နယ်သည် ရောင်းအားအကောင်းဆုံးအဖြစ် ထိပ်ဆုံးတွင် ရပ်တည်နေသည်။
လျှပ်စစ်ကားများ ရောင်းချရမှု၏ ထက်ဝက်ကျော်မှာ အဆိုပါပြည်နယ်တွင် ရောင်းချခဲ့ရခြင်းဖြစ်ပြီး ဗြိတိသျှ ကိုလံဘီယာမှာ ဒုတိယနေရာတွင် ရပ်တည်နေသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Canadian quarterly EV sales set records, defying global trends (finance)
Photo Credit: Statistics Canada