- ပင်မစာမျက်နှာ
- ကားသတင်းများ
- Mercedes Benz EQS 580 4MATIC မှာ အားတစ်ကြိမ်သွင်းရုံဖြင့် မိုင်အများဆုံးမောင်းနိုင်သော လျှပ်စစ်ကား အဖြစ် ဂင်းနက်စ် စံချိန်တင်
Mercedes Benz EQS 580 4MATIC မှာ အားတစ်ကြိမ်သွင်းရုံဖြင့် မိုင်အများဆုံးမောင်းနိုင်သော လျှပ်စစ်ကား အဖြစ် ဂင်းနက်စ် စံချိန်တင်
- 220 views
Mercedes Benz EQS 580 4MATIC သည် အားတစ်ကြိမ်သွင်းရုံဖြင့် ခရီးမိုင် အများဆုံး မောင်းနှင်နိုင်သော လျှပ်စစ်ကားအဖြစ် ဂင်းနက်စ်စံချိန်တင်သွားသည်။
အိန္ဒိယတောင်ပိုင်း ကာနာတာကာပြည်နယ်၏မြို့တော် ဘင်္ဂလူရူ (ဘင်္ဂလိုဟုလည်းခေါ်) မှ အိန္ဒိယ အနောက်ပိုင်း မဟာရပ်ရှ်တရာပြည်နယ်၊ မွမ်ဘိုင်းမြို့အနီးရှိ Navi Mumbai မြို့သစ်အထိ မောင်းနှင်ခဲ့ခြင်း ဖြစ်ပြီး အားတစ်ကြိမ်သွင်းထားရုံဖြင့် ၉၄၉ ကီလိုမီတာ မောင်းနှင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဂင်းနက်စ်စံချိန်တင် မောင်းနှင်မှုတွင် ယာဉ်ကြောကျပ်သော မြို့ပေါ်နေရာများ ပါဝင်သည့်အပြင် လမ်းပြင် လုပ်ငန်းများ လုပ်ဆောင်နေသော မြို့ပြဆင်ခြေဖုံးဒေသများ၊ လမ်းလွှဲများလည်း ပါဝင်ကာ မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ မောင်းနှင်ခဲ့ခြင်း ဖြစ်သည်။
(ဘင်္ဂလူရူမြို့မှ Sundaram Motors အမည်ရှိ Mercedes အရောင်းပြခန်းမှ ခရီးစဉ်စတင်ထွက်ခွာခဲ့သည်။ ဓာတ်ပုံ-Autocar India)
ကမ္ဘာ့စံချိန်တင်ခဲ့သော မောင်းနှင်မူကို အိန္ဒိယရှိ Autocar India နှင့် Mercedes-Benz India တို့ ပူးပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ခရီးစဉ်အဆုံးတွင် Mercedes Benz EQS 580 4MATIC ကား၏ အချက်အလက်များအရ လျှပ်စစ်အား သုံးစွဲမှုနှုန်းမှာ ကီလိုမီတာ ၁၀၀ လျှင် ၁၁ ဒသမ ၃၆ kWh ရှိကြောင်း သိရသည်။
ယခုမောင်းနှင်မူမှာ ယခင်ကမ္ဘာ့စံချိန်ဖြစ်သော အားတစ်ကြိမ်သွင်းကာ ၉၁၆ ဒသမ ၇ ကီလိုမီတာ မောင်းနှင်ခဲ့မှု ထက် ၃၂ ဒသမ ၆ ကီလိုမီတာ ပိုမိုမောင်းနှင်ကာ စံချိန်ဖြတ်ကျော်ခဲ့ခြင်း ဖြစ်သည်။
ယခင် ဂင်းနက်စ်စံချိန်တင်ခဲ့သည်မှာ Ford Mustang Mach E ဖြင့် ဖြစ်ပြီး ဗြိတိန်တွင် မောင်းနှင်ခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယ၏ မုတ်သုန်မိုးအောက် လက်တွေ့မြေပြင်စိန်ခေါ်မှုများကြားမှ ကမ္ဘာ့စံချိန်တင် မောင်းနှင်နိုင်ခဲ့ခြင်း ဖြစ်သည်။
မောင်းနှင်ရာ လမ်းတလျှောက်တွင် Davangere , Hubli, Belgavi, Kolhapur, Satara နှင့် Pune တို့ကဲ့သို့ သော မြို့ကြီးများကို ဖြတ်သန်းမောင်းနှင်ခဲ့သည်။
(Mercedes Benz EQS 580 ၏ မောင်းနှင်နိုင်သော range နှင့် စွမ်းအင်သုံးစွဲမှုသက်သာခြင်းတို့ကြောင့် လျှပ်စစ်ကားစီးမည်ဆိုပါက ရွေးချယ်ရန် အကောင်းဆုံးဖြစ်လာစေသည်)
ဘင်္ဂလူရူရှိ Mercedes Benz အရောင်းပြခန်းမှ စတင်ထွက်ခွာချိန်မှစကာ လမ်းတလျှောက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ယခင် ကမ္ဘာ့စံချိန်ကို ဖြတ်ကျော်ရန်မှာ အလွန်ခက်ခဲသည့် အခြေအနေရှိခဲ့သည်။
မိုးအလွန်သည်းသောကြောင့် မောင်းနှင်ရမှု အခြေအနေမှာလည်း မကောင်းလှ။
လမ်းတလျှောက် လမ်းပြင်လုပ်ငန်းများ လုပ်ဆောင်နေသောကြောင့် လမ်းလွှဲများမှ မောင်းနှင်ရမှုများလည်း မကြာခဏ ရင်ဆိုင်ရသည်။
ခရီးစဉ် ၂ ရက်ခွဲကာ မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး ပထမနေ့တွင် ၅၁၅ ဒသမ ၂ ကီလိုမီတာ မောင်းနှင်ခဲ့ကာ Belagavi မြို့တွင် ရပ်နား အနားယူခဲ့သည်။
ထိုအချိန်တွင် ဘက်ထရီအားမှာ ၄၄ ရာခိုင်နှုန်း ကျန်ရှိနေသေးသည်။
နောက်နေ့တွင် ဒုတိယနေ့ ခရီးစဉ်ကို စတင်ခဲ့သည်။
(ခရီးစဉ်၏ နောက်ဆုံးအချိန်များတွင် ကားဘီးပေါက်ခဲ့သည်။)
Navi Mumbai မြို့သို့ ချဉ်းကပ်လာနေချိန်တွင် စိန်ခေါ်မှုများနှင့် စတင်ရင်ဆိုင်ရသည်။
Lonavala ကို ဖြတ်သန်းချိန်တွင် ခရီးအကွာအဝေး ၈၈၄ ကီလိုမီတာ မောင်းနှင်ခဲ့ပြီးဖြစ်သော်လည်း ဘက်ထရီအားမှာ ၃ ရာခိုင်နှုန်းသာ ကျန်တော့သည်။
ထိုအခြေအနေတွင် မောင်းနှင်သူက Regenerative braking နည်းပညာ၏ အားသာချက်ကို အသုံးချခဲ့သည်။
(မှတ်ချက်။ Regenerative braking နည်းပညာမှာ ကားရပ်သွားချိန်တွင် ကား၏ ကုန်ဆုံးပျောက်ကွယ် သွားတော့မည့် အရွေ့စွမ်းအင် (Kinetic energy) အား လျှပ်စစ်ဓာတ်အားအဖြစ် ဖမ်းယူသိုလှောင်ထား လိုက်ခြင်း ဖြစ်သည်။ လျှပ်စစ်မော်တာ၏ အလုပ်လုပ်ပုံ ပြောင်းလဲအသုံးပြုခြင်းဖြစ်ပြီး မော်တာများမှာ generator အဖြစ် ပြောင်းလဲသွားကာ အရွေ့စွမ်းအင်ကို လျှပ်စစ်ဓာတ်အဖြစ် ပြောင်းလဲပေးပြီး ကား၏ ဘက်ထရီတွင် စွမ်းအင်သိုလှောင်လိုက်ခြင်း ဖြစ်သည်။)
Auto car အဖွဲ့က ထိုနည်းပညာဖြင့် ရရှိလာသော ဘက်ထရီအားကို ကားမောင်းရာတွင် ပြန်လည်အသုံးချခဲ့သည်။
ထိုဘက်ထရီအားကြောင့် မောင်းနှင်နိုင်မှု အကွာအဝေး ပိုမိုတိုးမြင့်လာစေခဲ့သည်။
ယင်းနောက် ဘက်ထရီအား ၃ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းအထိ မကြာခဏ ရောက်ရှိခဲ့သည်။
ထိုအခြေအနေဖြင့် ကီလိုမီတာ ၃၀ ခန့် မောင်းနှင်ခဲ့ပြီး နောက်ဆုံးပန်းဝင် မီတာအနည်းငယ်ကို ဘက်ထရီအား သုည ရာခိုင်နှုန်းဖြင့် မောင်းနှင်ခဲ့ကာ နောက်ဆုံးတွင် ဂင်းနက်စ်စံချိန်တင်နိုင်ခဲ့သည်။
(Autocar India မှ Rahul Kakar က ဂင်းနက်စ်ကမ္ဘာ့စံချိန်ဆု လက်ခံရယူစဉ်)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Mercedes Benz EQS 580 4MATIC sets new Guinness world record for longest driving BEV on a single charge (autocarindia)