- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဗြိတိန်တွင် ကားနံပါတ်ပြားတစ်ခုကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ပေါင် ၁၂၀ မျှဖြင့် ဝယ်ယူကာ ပြန်လည်ရောင်းချရင်း ရလာသောငွေ အရင်းပြုကာ သန်းကြွယ်သူဌေးဘဝရောက်အောင် ကြိုးစားခဲ့သူ တစ်ဦးအကြောင်း
ဗြိတိန်တွင် ကားနံပါတ်ပြားတစ်ခုကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ပေါင် ၁၂၀ မျှဖြင့် ဝယ်ယူကာ ပြန်လည်ရောင်းချရင်း ရလာသောငွေ အရင်းပြုကာ သန်းကြွယ်သူဌေးဘဝရောက်အောင် ကြိုးစားခဲ့သူ တစ်ဦးအကြောင်း
- 319 views
အင်္ဂလန်နိုင်ငံသားတစ်ဦးက ဘေးပေါက်ဝင်ငွေအလုပ်အဖြစ် ကားနံပါတ်ပြားများ ဝယ်ယူရောင်းချခြင်းအားဖြင့် သန်းကြွယ်သူဌေးဘဝသို့ ရောက်ရှိလာပုံကို ထုတ်ဖော်ပြောပြလာသည်။
ရော့ဒ်ရှီးစ် (Rod Shields) အမည်ရှိ အသက် ၆၀ အရွယ်အမျိုးသားကြီးသည် ၁၉၈၀ ပြည့်လွန်ကာလများ အတွင်း 4VBF ဟူသော ကားနံပါတ်ပြားကို ပေါင် ၁၂၀ မျှဖြင့် ဝယ်ယူခဲ့ပြီးနောက် ပြန်လည်ရောင်းချရာ ပေါင် ၃၀၀၀ ရရှိခဲ့သည်။
ရလာသောငွေဖြင့် ဝူဗာဟမ်တန်မြို့ (ဘာမင်ဂမ်မြို့၏ အနောက်မြောက်ဘက် ၁၂ မိုင်အကွာတွင်ရှိ) ရှိ အိပ်ခန်း ၃ ခန်းပါ နေအိမ်အတွက် လက်ငင်းပေးသွင်းငွေ ၂၅ ရာခိုင်နှုန်း ပေးသွင်းဝယ်ယူခဲ့ပြီး အိမ်ခြံမြေ Developer အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။
မစ္စတာ ရော့ဒ်သည် ပင်မအလုပ်အပြင် ကားနံပါတ်ပြား ဝယ်ယူရောင်းချသည့်အလုပ်ကို ယနေ့တိုင် လုပ်ကိုင် နေဆဲ ဖြစ်သည်။
သူ၏ အရောင်းရဆုံး နံပါတ်ပြားဖြစ်သော BE57APP ဆိုလျှင် ဈေးပိုရသည်။
မစ္စတာရော့ဒ်က “အခုအခါမှာ ကျွန်တော်ဟာ ပေါင်သန်းပေါင်းများစွာ တန်ကြေးရှိတဲ့ အိမ်ခြံမြေတွေ ပိုင်ဆိုင် ထားပြီ ဖြစ်ပါတယ်။ ဒါတွေအားလုံးက ကားနံပါတ်ပြားတစ်ခုကနေ စခဲ့တာပါ။ အခွင့်အလမ်းဆိုတာ အမြဲရှိနေ တတ်တာ ကျွန်တော်သိပါတယ်။ ကဖျက်ကယက် ပြောတတ်သူတွေရဲ့စကား နားမဝင်ပါနဲ့” ဟု ဆိုသည်။
(အသက် ၁၇ နှစ်အရွယ် ၁၉၈၀ ပြည့်လွန်ကာလများတွင် ကားနံပါတ်ပြား စတင်ရောင်းချခဲ့ပြီးနောက် ယခုအခါ ပေါင်သန်းပေါင်းများစွာ တန်ကြေးရှိ အိမ်ခြံမြေများ ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-SWNS)
ဘာမင်ဂမ်မြို့သားတစ်ဦးဖြစ်သူ ရော့ဒ်က ပြောသည်မှာ ၁၉၈၀ ပြည့်လွန်ကာလများက Sunday သတင်းစာကို ဖတ်လေ့ရှိကြောင်း၊ ထိုသတင်းစာတွင် ကားနံပါတ်ပြား အရောင်းကြော်ငြာများကို တွေ့ခဲ့ကြောင်း၊ မော်တော်ကားကို နှစ်သက်ကာ အိမ်ခြံမြေကဏ္ဍကို စိတ်ဝင်စားသောကြောင့် Sunday သတင်းစာ ဖတ်ခြင်းဖြစ် ကြောင်း Express သတင်းဌာနသို့ ပြောသည်။
“အဲဒီတုန်းက ကျွန်တော်ဝယ်လိုက်တဲ့ နံပါတ်ပြားကို ဘယ်လောက်နဲ့ ပြန်ရောင်းရမလဲဆိုတာ မတွေးတတ်ခဲ့ ပါဘူး။ ဂဏန်းတစ်လုံးထဲပါပြီး အက္ခရာ ၃ လုံးနဲ့ဖြစ်တာကြောင့် တန်ဖိုးရှိလိမ့်မယ်လို့တော့ တွေးမိပါတယ်။ ဒါနဲ့ ခန့်မှန်းပြီးတော့ ပေါင် ၄၀၀၀ ဈေးခေါ်လိုက်တယ်။ ဝယ်မယ့်သူပေါ်လာပြီး ပေါင် ၃၀၀၀ ကျော်နဲ့ အရောင်းအဝယ်ဖြစ်သွားပါတယ်”
ရော့ဒ်က သူဝယ်ထားသော ကားနံပါတ်ပြားကို Sunday Times သတင်းစာတွင် ကြော်ငြာထည့်ကာ ရောင်းချခြင်းဖြစ်ရာ ကြော်ငြာခ ပေါင် ၆၀ ပေးခဲ့ရသည်။
ထိုငွေမှာ ရက်သတ္တ ၂ ပတ်တာ လုပ်အားခနှင့် ညီမျှသော်လည်း ရော့ဒ်က စွန့်စားကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ရောင်းမထွက်ပါက ကြော်ငြာခ ဆုံးရှုံးရမည့်အန္တရာယ်ရှိသော်လည်း တနင်္ဂနွေနေ့ညတွင်ပင် ဝယ်လက်တစ်ဦး စုံစမ်းမေးမြန်းလာကာ ဝယ်ယူသွားခဲ့သည်။
ထိုအချိန်မှစပြီး ရော့ဒ်သည် ငွေဝင်ပေါက် ဂွင်တစ်ခု ဖန်တီးနိုင်ခဲ့သည်။
ထိုစဉ်က သူ၏ အသက်မှာ ၁၇ နှစ်သာ ရှိသေးသည်။
ယင်းနောက် ရော့ဒ်က ထိုငွေကို လက်ငင်းပေးသွင်းငွေအဖြစ် ပေးသွင်းကာ နေအိမ်တစ်လုံး ဝယ်ယူခဲ့ပြီး တစ်နှစ်ခန့် အချိန်ယူကာ ပြန်လည်မွမ်းမံမှုများ ပြုလုပ်ပြီးနောက် အငှားချထားခြင်းအားဖြင့် ပုံမှန်ဝင်ငွေ ရလာသည်။
အရောင်းအဝယ်သဘောတရားကို သိလာပြီး စီးပွားရေးပိုမိုအကွက်မြင်လာသောကြောင့် ကားနံပါတ်ပြား ရောင်းဝယ်သည့်အလုပ်ကို ပိုမိုချဲ့ထွင်လုပ်ကိုင်ခဲ့သည်။
ကားနံပါတ်ပြား ဝယ်ရောင်းအလုပ်ကို ဘေးပေါက်ဝင်ငွေအလုပ်အဖြစ် အကြံရလာပုံနှင့် စပ်လျဉ်းပြီး ရော့ဒ်က ဤသို့ ပြောပြသည်။
“တစ်ရက်မှာပေါ့…။ George Michael ရဲ့ Last Christmas သီချင်းကို နားထောင်နေရင်း သူဟာ အဲဒီသီချင်း အတွက် ဝင်ငွေဘယ်လောက်ရခဲ့သလဲဆိုတာ ကျွန်တော် Google မှာ ရှာကြည့်ခဲ့တယ်။ ဒီတော့ တစ်နှစ်ကို ဒေါ်လာ ၂၅၀,၀၀၀ လောက်ရတယ်ဆိုတာ သွားတွေ့တယ်။ George နဲ့ ပတ်သက်တဲ့ ကားနံပါတ်ပြား ဆိုရင်ကော…လို့ ကျွန်တော်တွေးမိတယ်။ အဲဒီမှာ ကျွန်တော် အကြံရသွားတာပဲ” ဟု ရော့ဒ်က ပြောသည်။
“UG03RGE နံပါတ်ပြားဟာ ၂၀၀၃ ခုနှစ်က ပထမဆုံး ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ အဲဒီနှစ်ဟာ George ကွယ်လွန်ခဲ့တဲ့နှစ်ပါ။ အဲဒီနံပါတ်ပြားကို ကျွန်တော် ပေါင် ၄၀၀ လောက်နဲ့ ဝယ်ခဲ့ပြီး ပြန်ရောင်းတာမှာ ပေါင် ၃၀၀၀ နီးပါးရခဲ့ပါတယ်”
ရော့ဒ်ထံတွင် ကားနံပါတ်ပြားများ ဝယ်ယူလိုသူတို့အနေဖြင့် ၎င်း၏ ဝက်ဘ်ဆိုက်ဖြစ်သော ubrplates.co.uk သို့ ဝင်ကြည့်ကာ ရောင်းရန်ရှိနေသော နံပါတ်ပြားများကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: 'I became a millionaire after buying £120 number plate for my car' (mirror)