- ပင်မစာမျက်နှာ
- ကားသတင်းများ
- Ford, Hyundai, Volvo တို့အပါအဝင် အခြား ကားထိပ်သီးကုမ္ပဏီကြီးများမှာ အနာဂတ်တွင် EV များသာ ထုတ်လုပ်မည်ဟူသော ကတိကဝတ်ကို ရုပ်သိမ်းလာကြ
Ford, Hyundai, Volvo တို့အပါအဝင် အခြား ကားထိပ်သီးကုမ္ပဏီကြီးများမှာ အနာဂတ်တွင် EV များသာ ထုတ်လုပ်မည်ဟူသော ကတိကဝတ်ကို ရုပ်သိမ်းလာကြ
- 168 views
ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီကြီးများက ICE ကားများ ထုတ်လုပ်မှု ရပ်ဆိုင်းမည့်အကြောင်း ထုတ်ဖော်ကြေညာ သည့်သတင်းများ မကြာခဏ ဖတ်ရှုခဲ့ကြရသည်။
Nissan ၏ ဥက္ကဌ Makoto Uchida က မိမိတို့ကုမ္ပဏီအနေဖြင့် ၂၀၃၀ ပြည့်နှစ်သို့ ရောက်လျှင် ဥရောပ၌ လျှပ်စစ်ကားများသာ ရောင်းချသွားမည်ဖြစ်ကြောင်း ပြီးခဲ့သောနှစ်အတွင်း Concept 20-30 မော်ဒယ်ချပြသည့် အခမ်းအနား၌ ပြောကြားခဲ့သည်။
Kia ကလည်း ၂၀၃၀ သို့ရောက်လျှင် လျှပ်စစ်ကားစစ်စစ် (hybrid မပါသော) ကားများ ၁ ဒသမ ၆ သန်း ရောင်းချသွားရန် စီစဉ်ထားကြောင်း ကြေညာထားသည်။
TechRadar သတင်းဌာနမှ သတင်းသမား Leon Poultney သည် ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း ထိပ်တန်းကားကုမ္ပဏီကြီးများမှ အမှုဆောင်အရာရှိများနှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင် ၎င်းတို့၏ ပြောကြားချက်များအပေါ် အခြေခံ၍ နိဂုံးချုပ်ကောက်ချက်ဆွဲနိုင်သည်မှာ ဒီဇယ်နှင့် ဓာတ်ဆီကားများ အနာဂတ်တွင် တွေ့ရတော့မည်မဟုတ်ကြောင်း ကောက်ချက်ဆွဲနိုင်သည်။
သို့သော် တစ်နှစ်နှင့်တစ်နှစ် အခြေအနေများ မတူ။
ကမ္ဘာ့သြဇာအကြီးဆုံး နိုင်ငံရေးပါတီကြီးများသည် ယခင်က ICE ကားများ ရောင်းချမှု တားမြစ်မည့် ကာလများ ထုတ်ပြန်ခဲ့ဖူးသော်လည်း ယခုအခါ ရုပ်သိမ်းမှုများ ပြုလုပ်လာသည်။
ထိုမျှမက ကမ္ဘာတလွှားမှ ကားကုမ္ပဏီများသည်လည်း လျှပ်စစ်ကားများသာ ထုတ်လုပ်မည်ဟူသော ကတိကို ပြန်လည်ရုပ်သိမ်းမှုများ ပြုလုပ်လာကြသည်။
Chrysler, Citroen, Dodge, Peugeot, Jeep တို့အပြင် အခြား အထင်ကရ ကားအမှတ်တံဆိပ်များစွာ ပိုင်ဆိုင်ထားသော Stellantis ကုမ္ပဏီက လာမည့် ဆယ်စုနှစ်တွင် EV ရောင်းအားရည်မှန်းချက် ပြည့်မီရေးအတွက် လျှပ်စစ်ကားဆီသို့ ကူးပြောင်းမှုကဏ္ဍတွင် ယူရို ၅၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း ပြောခဲ့ဖူးသော်လည်း ယခုအခါ ပြောင်းလဲသွားသည်။
(ဓာတ်ပုံ-Stellantis/ Chrysler)
ကားကုမ္ပဏီတို့သည် တရုတ်ပြည်မှ ဈေးနှုန်းသက်သာသော ကားများကို ယှဉ်ပြိုင်နိုင်ရန် ထုတ်လုပ်မှုစရိတ် လျှော့ချကာ အရည်အသွေးများ လျှော့ချလာကြပါက အပျက်အပျက်နှင့် နှာခေါင်းသွေးထွက် ကြဖွယ်ရှိနေ ကြောင်း Stellantis ၏ စီအီးအို Carlos Tacares က ပြောသည်။
ထိုသို့သော အခြေအနေများကြောင့် ကားကုမ္ပဏီတို့၏ ဦးတည်ရာ ပြောင်းလဲလာနေပြီး အင်ဂျင်နှင့် လျှပ်စစ်မော်တာ ၂ မျိုးလုံး သုံးနိုင်သော hybrid များကို ဦးတည်လာကြသည်။
သာဓကအနေဖြင့်ကြည့်လျှင် Hyundai ၏ Ioniq 5 မှာ အမေရိကန်ပြည်တွင် ပြီးခဲ့သော သြဂုတ်လအတွင်း ရောင်းအားစံချိန်တင်ခဲ့သည်။
စင်စစ် အဆိုပါမော်ဒယ် ရောင်းအားစံချိန်တင်ခြင်းမှာ ယင်းမော်ဒယ်၏ hybrid version များ ရောင်းအားတက်ခဲ့သောကြောင့်ဖြစ်ပြီး ရောင်းအား ၈၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ဟု ဆိုသည်။
လျှပ်စစ်ကားစစ်စစ်များ ဝယ်လိုအား မှေးမှိန်လာခြင်းမှာ တရုတ်ပြည်မှာ တန်ဖိုးနည်းကားတို့၏ ပြင်းထန်သော ပြိုင်ဆိုင်မှု၊ လျှပ်စစ်ကားများ ဝယ်ယူမှုအပေါ် အစိုးရ၏ မက်လုံးပေးမှု မရှိခြင်း၊ သတင်းမှားများ၏ ခြိမ်းခြောက်မှုများ၊ မောင်းနှင်နိုင်မည့် ခရီးအကွာအဝေးအပေါ် ရတက်မအေးဖြစ်ခြင်း အစရှိသည့် အချက်များကြောင့် ဖြစ်သည်။
ထိုသို့သော အခြေအနေများကြောင့် ကမ္ဘာတဝန်းမှ အထင်ကရ ကားကုမ္ပဏီကြီးများက ဘဏ္ဍာငွေ ဆုံးရှုံးမည့်အရေးကို ပိတ်ဆို့ ကာကွယ်နိုင်ရန် (EV ဒီဇိုင်းဆွဲခြင်းနှင့် ထုတ်လုပ်ခြင်းမှာ ကုန်ကျစရိတ် အလွန်များပြားသည်) EV ရည်မှန်းချက်များကို ရပ်တန့်ရန် ဆုံးဖြတ်လာကြခြင်း ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Car giants are pulling a U-turn on their EV plans – here's how Ford, Hyundai, Volvo and more are changing course (techradar)
Photo Credit- Stellantis/ Chrysler