- ပင်မစာမျက်နှာ
- ကားသတင်းများ
- ၂၀၂၄ ခုနှစ်တွင် ရွှေရတု (နှစ် ၅၀ ပြည့်) တိုင်ခဲ့ပြီဖြစ်သော Lamborghini Countach
၂၀၂၄ ခုနှစ်တွင် ရွှေရတု (နှစ် ၅၀ ပြည့်) တိုင်ခဲ့ပြီဖြစ်သော Lamborghini Countach
- 163 views
● ၂၀၂၄ ခုနှစ်သည် Lamborghini Countach စတင်ထုတ်လုပ်မှု နှစ် ၅၀ (ရွှေရတု) ပြည့်မြောက်သော ကာလဖြစ်
● ၁၉၇၄ ခုနှစ်တွင် Countach LP 400 ကို စတင်ထုတ်လုပ်ခဲ့
● နှစ် ၅၀ ဖြတ်သန်းမှု ကာလတလျှောက် Countach ထုတ်လုပ်ခဲ့မှု မှတ်တမ်းဓာတ်ပုံများကို Lamborghini က ချပြလာ
Lamborghini သည် Countach ကို ၁၉၇၄ ခုနှစ်၊ မတ်လတွင် စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
၁၆ နှစ်တာ ထုတ်လုပ်မည့် (၁၉၇၄-၁၉၉၀) သားနားသော သပ်ပုံသဏ္ဍာန် ပြိုင်ကားများ ထိုနှစ်အတွင်း ထုတ်လုပ်ရေးလိုင်းမှ စတင်ထွက်ရှိလာခဲ့သည်။
၁၆ နှစ်တာ ထုတ်လုပ်ခဲ့သည်ဆိုသော်လည်း အလုံးအရင်း ထုတ်လုပ်ခြင်းမဟုတ်။
စုစုပေါင်း အစင်းရေ ၁၉၉၉ စင်းသာ ထုတ်လုပ်ခဲ့သည်။
ထုတ်လုပ်ရေးလိုင်းမှ ပထမဆုံးစတင်ထုတ်လုပ်ခဲ့သည်မှာ ပုံတွင်တွေ့ရသော အစိမ်းရောင် 1974 Countach ဖြစ်သည်။
ရွှေရတုအထိမ်းအမှတ်ကျင်းပရန် Lamborghini က LP 400 မော်ဒယ်အချို့ကို ၎င်းတို့ စတင်မွေးဖွားခဲ့သော နေရာသို့ ပြန်လည်ပို့ဆောင်ပေးထားသည်။
အီတလီနိုင်ငံ၊ ဘိုလော့ဂ်နာမြို့၊ Sant’Agata Bolognese အရပ်ရှိ စက်ရုံတွင် Lamborghini Countach ကို ထုတ်လုပ်ခဲ့သော ထုတ်လုပ်ရေးလိုင်းမှာ ယနေ့တိုင်ရှိနေ၊ လည်ပတ်နေဆဲ ဖြစ်သည်။
သို့သော် သွင်ပြင်ပုံပန်းကား များစွာပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
နှစ်ပေါင်းများစွာကာလအတွင်း Countach ထုတ်လုပ်ခဲ့ပုံ မှတ်တမ်းဓာတ်ပုံများကို Lamborghini က ချပြလာသည်။
အဆိုပါဓာတ်ပုံများတွင် LP 500 နှင့် LP 5000 မော်ဒယ် ထုတ်လုပ်နေသည့်ပုံများ ပါဝင်သည်။
Lamborghini Countach တွင် LP 5000 ကို အများဆုံး ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
Lamborghini က ချပြလာသော ဓာတ်ပုံများတွင် ယနေ့ခေတ် မော်ဒယ်သစ်ဖြစ်သော Revuelto ၏ ဓာတ်ပုံများလည်း ပါဝင်သည်။
ကားလောကသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ အတွင်း များစွာပြောင်းလဲသွားခဲ့ပြီဖြစ်သော်လည်း Lamborghini ၏ ခေတ်ဟောင်းနှင့် ခေတ်သစ်မော်ဒယ် ၂ မျိုးလုံးတွင် V12 အင်ဂျင်များသာ အသုံးပြုထားသည်။
ထို့အပြင် အရောင်မှာလည်း အစိမ်းရောင်ကိုသာ အသုံးပြုထားသည်။
“Countach ကို ထုတ်လုပ်ခဲ့တဲ့နေရာမှာပဲ ကျွန်တော်တို့ရဲ့ Super sports car မော်ဒယ်တွေကို ဆက်လက် ထုတ်လုပ်နိုင်နေတာ ဂုဏ်ယူမိပါတယ်။” ဟု Lamborghini ၏ ထုတ်လုပ်ရေးအကြီးအကဲ Ranieri Niccoli က ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Happy 50th Birthday, Lamborghini Countach (motor1)