အမေရိကန်ပြည်၊ ဖလော်ရီဒါတွင် ၁၀ နှစ်သား ကလေးငယ်တစ်ဦးက မိခင်၏ ကားကို ခိုးကာ မိုင်ပေါင်း ၂၀၀ ခန့် ကားမောင်းခဲ့မှု

  • 133 views

အမေရိကန်ပြည်တွင် ၁၀ နှစ်သားလေးတစ်ဦးက မိခင်၏ ကားကို ခိုးယူကာ ဝေးကွာလှသော နေရာတစ်ခုသို့ မောင်းနှင်သွားခဲ့မှု ဖြစ်ပေါ်ခဲ့သည်။

ဖလော်ရီဒါပြည်နယ်မြောက်ပိုင်းနေ ၁၀ နှစ်သားလေးက အသက် ၁၁ နှစ်အရွယ်ရှိ အစ်မဖြစ်သူကို ခေါ်ဆောင် ကာ မိခင်၏ ကားဖြင့် မိုင်ပေါင်း ၂၀၀ ခန့် မောင်းသွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးတွင် ရဲတပ်ဖွဲ့က အဆိုပါကလေးငယ် ၂ ဦး၏ ခရီးစဉ်ကို ရပ်တန့်စေခဲ့ခြင်း ဖြစ်သည်။

Alachua ခရိုင်ရဲမှူး၏ ပြောကြားချက်အရ ကလေးငယ်များမှာ ဖလော်ရီဒါပြည်နယ်၊ North Port မြို့မှ ဖြစ်သည်ဟု ဆိုသည်။ 

Alachua မြို့ I-75 လမ်းမပေါ်တွင် စက်တင်ဘာလ ၂၁ ရက်နေ့ မနက် ၄ နာရီမထိုးမီ တားဆီးရပ်တန့် စေနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။

ထိုဒေသတွင် ခိုးယူခံရသော ကားတစ်စင်းရှိနေကြောင်း ရဲအရာရှိများကို တပ်လှန့်သတိပေးထားခဲ့ပြီး ရဲအရာရှိတို့က အဆိုပါကားကို တွေ့လိုက်ရချိန်တွင် အန္တရာယ်ကြားမှ စွန့်စားကာ ရပ်တန့်စေခဲ့ရခြင်း ဖြစ်သည်။

သို့သော် ကားထဲမှ ၁၀ နှစ်သားလေးတစ်ဦး လက်မြှောက်ကာ ထွက်လာချိန်တွင် ရဲအရာရှိများ တုန်လှုပ်သွား ခဲ့ကြသည်။ ကားနှင့် ကလေးများ တပြိုင်တည်းပျောက်သွားခြင်းဖြစ်သော်လည်း ကားခိုးကာ မောင်းနှင်သွားသည်မှာ မိမိ၏ သားသမီးများဖြစ်မည်ဟု မိခင်က မထင်ခဲ့။

ဆီဒင်ကားကို မည်သို့မောင်းနှင်ရမည်ဆိုခြင်းကို ကလေးများ မသိနိုင်ဟု ထင်ခဲ့သည်။

ကားမောင်းနှင်ပုံကို ကလေးများက Google တွင် ရှာဖွေဖတ်ရှုခဲ့ခြင်း ဖြစ်နိုင်သလား။

ယခုဖြစ်ရပ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ ရဲမှူးရုံးက ထုတ်ပြန်ကြေညာခြင်း မရှိချေ။

ထိုသို့ မထုတ်ပြန်ခြင်း၏ အကြောင်းရင်းမှာ ကလေးငယ်များ ဖြစ်နေခြင်းအပြင် မိခင်က အမှုမဖွင့်ရန် ဆုံးဖြတ်ခဲ့သောကြောင့် ဖြစ်သည်။ ရဲအရာရှိများက ကလေးငယ်များအား မေးမြန်းကြည့်ရာတွင် မိခင်က ကလေးများအပေါ် နှိပ်စက်ညှင်းပန်းမှု မရှိကြောင်း သိရသည်။

ထို့ကြောင့် ရဲအရာရှိတို့က ကလေးငယ်များကို မိခင်၏ အုပ်ထိန်းမှုအောက်သို့ ပြန်လည်အပ်နှံပေးခဲ့သည်။

ကလေးငယ်များကို ပြုစုပျိုးထောင်ရသည်မှာ မလွယ်ချေ။ ထားရှိအပ်သော စည်းကမ်းမျိုးထုတ်သည့်အခါ ခိုးယူခြင်း၊ ထွက်ပြေးခြင်းများ ပြုလုပ်လာလျှင် အခက်ကြုံရ နိုင်သည်။ ထိုအခါ အစီအမံအချို့ လိုအပ်နိုင်သည်။

ယခုဖြစ်ရပ်တွင် ခရိုင်ရဲမှူးက မိခင်အား နောင်တစ်ခါ ထပ်မံမဖြစ်ပွားစေရန် အစီအမံအချို့ပြုလုပ်ထားရန် အကြံပြုခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

(Images via Alachua County Sheriff)

Ref: 10-Year-Old Steals His Mom’s Car, Drives 200 Miles Away (autos)