Tesla က ဂျာမနီတွင် ကားစက်ရုံဝန်ထမ်းများ စက်ရုံသို့ သွားလာရေးအတွက် ကမ္ဘာ့ပထမဆုံး လျှပ်စစ်ရထား Giga Train စတင်ပြေးဆွဲ

  • 203 views

Tesla က ဘက်ထရီအားဖြင့် ခုတ်မောင်းသော ကမ္ဘာ့ပထမဆုံးလျှပ်စစ်ရထား Giga Train ကို ဂျာမနီနိုင်ငံတွင် စတင်ပြေးဆွဲခဲ့ပြီ ဖြစ်သည်။

Tesla မော်တော်ကားစက်ရုံဝန်ထမ်းများအတွက် အဓိကရည်ရွယ်ကာ ပြေးဆွဲပေးခြင်းဖြစ်သည်။
Tesla ၏ စက်ရုံမှာ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၏ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာတွင် ရှိသည်။
Giga Train သည် Erkner ဘူတာမှ Tesla ၏ စက်ရုံရှိရာ Tesla Sud ဘူတာသို့ ပြေးဆွဲပေးသည်။
Giga Train တွင် လက်ရှိအားဖြင့် ထိုင်ခုံတန်း ၁၂၀ ပါဝင်ပြီး ခရီးသည် ၅၀၀ ဦးခန့် သယ်ယူပို့ဆောင် ပေးနိုင်သည်။

ရထားပေါ်တွင် စက်ဘီးများထားရန်နေရာ၊ ခရီးသည်များအတွက် သတင်းအချက်အလက်စနစ်တို့ ပါဝင်ကြောင်း Teslarati က ဖော်ပြသည်။

ရထားစီးခမှာ Tesla ဝန်ထမ်းများအတွက်သာမက အရပ်သား အခြားခရီးသည်များအတွက်ပါ အခမဲ့ ဖြစ်သည်။

Tesla က အဆိုပါစက်ရုံမှ ၈ နာရီ အဆိုင်း ၃ ဆိုင်း အလုပ်ဆင်းမည့် အသွားအပြန် ဝန်ထမ်း ၄၅၀၀ ဦးခန့်ကို လျှပ်စစ်ရထားဖြင့် သယ်ယူပို့ဆောင်ပေးနိုင်ရန် ရည်မှန်းထားသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ အပြီးသတ်ပါက အခြားဘူတာရုံတစ်ခု ထပ်မံတိုးချဲ့သွားရန်လည်း စီစဉ်ထားသည်။

“Tesla လွန်းပျံ လျှပ်စစ်ရထား ပြေးဆွဲနိုင်ခဲ့တဲ့အပေါ် ကျွန်တော်တို့ အထူးဝမ်းမြောက်မိပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင်ဆီကို ကူးပြောင်းမှု လျင်မြန်စေရေးဆိုတဲ့ မူနဲ့လည်း ကိုက်ညီပါတယ်” ဟု Tesla ၏ ပရောဂျက်မန်နေဂျာ Theresa Eggler က ဂျာမန်သတင်းဌာနတစ်ခုဖြစ်သော rbb24 သို့ ပြောသည်။

ဘာလင်မြို့ရှိ ပုဂ္ဂလိက ရထားကုမ္ပဏီဖြစ်သော Niederbarnimer Eisenbahngesellschaft (NEB) ကလည်း ယခုနှစ်ကုန်တွင် ၎င်းတို့၏ ဒီဇယ်ရထားများကို လျှပ်စစ်ရထားများနှင့် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ပြောသည်။

လျှပ်စစ်ရထား စတင်ပေါ်ပေါက်လာခြင်းသည် ဝန်ထမ်းများနှင့် သာမန်အများပြည်သူတို့အတွက် များစွာ အကျိုးရှိသည်။

ဆီသုံးစွဲမှု လျှော့ချနိုင်ကာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် သယ်ယူပို့ဆောင်ရေးစနစ်ကို ရွေးချယ်ခွင့်ရခြင်း၊ ကားများအတွက် ကုန်ကျစရိတ် သက်သာခြင်း၊ ကားများကြောင့် လေထုညစ်ညမ်းမှုများ လျှော့ချပေးနိုင်ခြင်းအစရှိသော အကျိုးကျေးဇူးများ ရရှိမည် ဖြစ်သည်။

Tesla ၏ Giga Train ပြေးဆွဲနိုင်မှုကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု တန်ချိန် ၅၀ ခန့် လျှော့ချပေး နိုင်မည်ဟု ခန့်မှန်းရကြောင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အောင်ပွဲကြီးတစ်ရပ်ဖြစ်ကြောင်းလည်း Theresa က rbb24 သတင်းဌာနသို့ ပြောသည်။

Tesla သည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော နည်းပညာ တီထွင်ဆန်းသစ်မှုတွင် ရှေ့ဆုံးမှ ဦးဆောင်နေသည်။

ဘာလင်မြို့အနီးရှိ Gigafactory ကို ဆောက်လုပ်ရန် စီစဉ်ခဲ့ချိန်က သစ်ပင်ပေါင်းများစွာ ခုတ်လှဲခဲ့မှုအပေါ် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော် Tesla သည် ဆုံးရှုံးသွားသော သစ်ပင်များအား အစားထိုးနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် တစ်ခုတည်း တွင်ပင်လျှင် သစ်ပင်ပေါင်း ၁ သန်းကျော် စိုက်ပျိုးသွားရန် ရန်ပုံငွေ စိုက်ထူထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref: Tesla launches world's first all-electric 'Giga Train' with mind-blowing passenger capacity — and it's free to ride (yahoo)