• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဗြိတိန်တွင် ကမ္ဘာ့လျှပ်စစ်ကားနေ့အား ဂုဏ်ပြုသောအားဖြင့် ယနေ့ (9.9.2024) တစ်ရက်တာလုံး လျှပ်စစ်ကားများ အခမဲ့ အားသွင်းခွင့်ရမည်

ဗြိတိန်တွင် ကမ္ဘာ့လျှပ်စစ်ကားနေ့အား ဂုဏ်ပြုသောအားဖြင့် ယနေ့ (9.9.2024) တစ်ရက်တာလုံး လျှပ်စစ်ကားများ အခမဲ့ အားသွင်းခွင့်ရမည်

  • 151 views

ဗြိတိန်တဝန်း၌ ယနေ့ (9.9.2024) တွင် လျှပ်စစ်ကားပိုင်ရှင် သန်းပေါင်းများစွာမှာ အခမဲ့ အားသွင်းခွင့်ရကြမည် ဖြစ်သည်။

လျှပ်စစ်အားသွင်းစခန်းကွန်ရက်ကုမ္ပဏီနှင့် National Trust တို့ ပူးပေါင်းကာ ကားလောကသမိုင်းမှတ်တိုင် တစ်ခုကို ဂုဏ်ပြုကြခြင်း ဖြစ်သည်။

 


(Raw Charging ကုမ္ပဏီက ဗြိတိန်တဝန်းရှိ လျှပ်စစ်ကားပိုင်ရှင်တို့အား ယနေ့တွင် အခမဲ့ အားသွင်းခွင့် ပေးမည်ဖြစ်သည်။ ဓာတ်ပုံ-AFP)

 

အားသွင်းဆိုင်များ တည်ထောင်သည့် ကုမ္ပဏီ Raw Charging က စက်တင်ဘာလ ၉ ရက်တွင် ကျရောက် သော ကမ္ဘာ့လျှပ်စစ်ကားနေ့ကို ဂုဏ်ပြုသောအားဖြင့် လျှပ်စစ်ကားပိုင်ရှင်တို့ကို အခမဲ့အားသွင်းခွင့် ပေးခြင်း ဖြစ်သည်။

လျှပ်စစ်ကားပိုင်ရှင်တို့သည် အားလုံးဝမရှိသော အနေအထားမှသည် ၂၄ နာရီလုံး တစ်ပြားတစ်ချပ်မှ ပေးစရာမလိုဘဲ အားသွင်းနိုင်မည် ဖြစ်သည်။

တနင်္လာနေ့ မနက် ၁၂း၀၁ (တနင်္ဂနွေနေ့ည သန်းခေါင်ကျော်) မှစတင်ကာ ည ၁၁း၅၉ အထိ အားသွင်းခ ကောက်ခံမည် မဟုတ်ချေ။

Raw ကုမ္ပဏီ၏ အားသွင်းစက်တိုင်းတွင် အခမဲ့အားသွင်းနိုင်မည်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ကြရာ အထင်ကရနေရာများရှိ အားသွင်းစက်များတွင်လည်း အားသွင်းနိုင်သည်။

Alton Towers နှင့် Chessington World of Adventures တို့ကဲ့သို့ theme park များရှိ အားသွင်းစက်များအပြင် National Trust ၏ အားသွင်းစက်များတွင်လည်း အားသွင်းနိုင်မည် ဖြစ်သည်။

ထို့အပြင် နိုင်ငံတဝန်းရှိ နာမည်ကြီးအရက်ဆိုင်အချို့တွင်လည်း အားသွင်းစက် ၅၀၀ ကျော်ရှိပြီး ထိုနေရာများတွင်လည်း အခမဲ့ အားသွင်းနိုင်သည်။

Raw ၏ ဝက်ဘ်ဆိုက်တွင်လည်း ဗြိတိန်တဝန်းရှိ အားသွင်းစက်များ တည်နေရာကို ရှာဖွေနိုင်ပြီး သင်နှင့်အနီးဆုံးစက်ကို ရွေးချယ်ကာ အားသွင်းနိုင်သည်။

ChargePoint အမည်ရှိ ဖုန်း App ကို download ရယူ၍လည်း ဗြိတိန်တဝန်းရှိ အားသွင်းစက်များ တည်နေရာကို ရှာဖွေနိုင်သည်။

နှစ်စဉ် ပြည်သူထောင်ပေါင်းများစွာ လျှပ်စစ်ကား ဝယ်ယူလာနေသောကြောင့် လျှပ်စစ်ကား စီးသူများကို ပြန်လည်ပေးဆပ်လိုကြောင်း Raw က ပြောသည်။

မိမိစီးသော EV ၏ ဘက်ထရီသိုလှောင်နိုင်အား ပမာဏအပေါ်မူတည်ပြီး ၃၃ ပေါင်ခန့်အထိ ကုန်ကျစရိတ် သက်သာနိုင်မည့် အခွင့်အလမ်းလည်း ဖြစ်သည်။

Raw ၏ စီအီးအို Jason Simpson က “ကျွန်တော်တို့ဟာ ကမ္ဘာ့လျှပ်စစ်ကားနေ့ အထိမ်းအမှတ်အဖြစ် ဗြိတိန်က EV ပိုင်ရှင်တွေကို ၃ နှစ်ဆက်တိုက် ပြန်လည်ကျေးဇူးဆပ်နိုင်ခဲ့တဲ့ပေါ် ဝမ်းမြောက်မိပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု လျှော့ချနိုင်ရေးနဲ့ ရေရှည်တည်တံ့နိုင်ရေးတွေမှာ သူတို့ရဲ့ ပူးပေါင်းပါဝင်နေမှုအပေါ် ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: FREE RIDE -Millions of drivers will be able to ‘fill up’ for FREE next week… find out if you can take advantage (thesun)     

Photo Credit:  AFP