- ပင်မစာမျက်နှာ
- ကားသတင်းများ
- Volkswagen က ဂျာမနီရှိ ကားစက်ရုံကို ပိတ်သိမ်းရန် စဉ်းစားလာရပြီ၊ ကုမ္ပဏီ၏ ဖြတ်သန်းမှု သမိုင်းတလျှောက် ပထမဆုံးအဖြစ် ယခုအခြေအနေမျိုး ရင်ဆိုင်ရခြင်းဖြစ်
Volkswagen က ဂျာမနီရှိ ကားစက်ရုံကို ပိတ်သိမ်းရန် စဉ်းစားလာရပြီ၊ ကုမ္ပဏီ၏ ဖြတ်သန်းမှု သမိုင်းတလျှောက် ပထမဆုံးအဖြစ် ယခုအခြေအနေမျိုး ရင်ဆိုင်ရခြင်းဖြစ်
- 127 views
Volkswagen သည် ဂျာမနီရှိ စက်ရုံကို ပိတ်သိမ်းရန် သင့်၊ မသင့် သုံးသပ်နေရပြီ ဖြစ်သည်။
အဆိုပါ အခြေအနေမှာ ကုမ္ပဏီ၏ ဖြတ်သန်းမှု ၈၇ နှစ်တာအတွင်း ပထမဆုံး ရင်ဆိုင်ရခြင်းဖြစ်ကာ တရုတ်ပြည်မှ လျှပ်စစ်ကားတို့၏ ပြင်ဆိုင်မှု ပြင်းထန်လာချိန်တွင် ယခုကဲ့သို့ အခြေအနေမျိုး ရင်ဆိုင်ရခြင်းလည်း ဖြစ်သည်။
ကမ္ဘာ့အကြီးမားဆုံး ကားကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်သည့် Volkswagen က ပြီးခဲ့သော တနင်္လာနေ့က ထုတ်ပြန်ခဲ့ရာတွင် မိခင်နိုင်ငံရှိ စက်ရုံပိတ်သိမ်းရန် ကိစ္စကို မဆုံးဖြတ်နိုင်သေးကြောင်း ဖော်ပြသည်။
Volkswagen ၏ အခြားအစီအမံများအနေဖြင့် အလုပ်သမား သမဂ္ဂများနှင့် သဘောတူထားသော အလုပ်အကိုင်နေရာ အကာအကွယ်ပေးရေး သဘောတူညီချက်ကို ဖျက်သိမ်းရန် ကြိုးစားမှုလည်း ပါဝင်ဖွယ် ရှိသည်။
အဆိုပါ သဘောတူညီချက်မှာ ၁၉၉၄ ခုနှစ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။
“ဥရောပ ကားလုပ်ငန်းနယ်ပယ်ဟာ တောင်းဆိုချက်မြင့်မားပြီး ပြင်းထန်တဲ့ အခြေအနေရှိပါတယ်” ဟု Volkswagen ၏ စီအီးအို Oliver Blume က ပြောသည်။
“စီးပွားရေး ဝန်းကျင်က ပိုပြီး ကျပ်တည်းလာတယ်။ ဥရောပဈေးကွက်ကို ပြိုင်ဘက်အသစ်တွေ ဝင်လာနေတယ်။ ကားထုတ်လုပ်ရေးနေရာတစ်ခုအနေနဲ့ ဂျာမနီဟာ ပြိုင်ဆိုင်မှုနယ်မှာ နောက်ကျ ကျန်နေခဲ့ပါတယ်”
(ဓာတ်ပုံ-Kristian Bocsi/ Bloomberg/ Getty Images)
Volkswagen သည် ယူရို ၁၀ ဘီလီယံ (ကန်ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံ) စရိတ်လျှော့ချခြင်း လုပ်ငန်းစဉ်ကို ပြီးခဲ့သောနှစ်ကုန်ပိုင်းတွင် စတင်ခဲ့သည်။
Volkswagen သည် ၎င်း၏ အကြီးမားဆုံးဈေးကွက်ဖြစ်သော တရုတ်ပြည်တွင် ဈေးကွက်ဝေစုများ ဆုံးရှုံးလာနေသည်။
ယခုနှစ် နှစ်ဝက်တာကာလအတွင်း တရုတ်ပြည်တွင် ကားရောင်းချရမှု ပမာဏမှာ ယခင် ၂၀၂၃ ခုနှစ် အလားတူ ကာလအောက် ၇ ရာခိုင်နှုန်း ကျဆင်းသွားသည်။
အမြတ်အစွန်းမှာလည်း ၁၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ယူရို ၁၀ ဒသမ ၁ ဘီလီယံ (ကန်ဒေါ်လာ ၁၁ ဒသမ ၂ ဘီလီယံ) သာရှိခဲ့သည်။
တရုတ်ပြည်တွင်း ဈေးကွက်တွင် Volkswagen သည် ပြည်တွင်း ကားကုမ္ပဏီများ၊ အထူးသဖြင့် BYD နှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိခဲ့ရာ ထိုအခြေအနေမှာ ဥရောပရှိ လုပ်ငန်းအခြေအနေအပေါ်တွင်ပါ ကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်လာသည်။
“ကျွန်တော်တို့ အဓိက ဖြေရှင်းကိုင်တွယ်နေတာက စရိတ်လျှော့ချ ဖြတ်တောက်မှု အပိုင်းပါပဲ” ဟု Blume က ပြောသည်။
Volkswagen အနေဖြင့် စက်ရုံ၊ supply chain နှင့် အလုပ်သမားစရိတ်များ လျှော့ချသွားရန် စီစဉ်ထားကြောင်းလည်း ၎င်းက ပြောသည်။
“ကုမ္ပဏီအဖွဲ့အစည်းတစ်ခုအနေနဲ့ လုပ်သင့်တဲ့ခြေလှမ်းတွေအားလုံး ကျွန်တော်တို့ လုပ်ဆောင်ခဲ့ပြီးပါပြီ”
Volkswagen ၏ စရိတ်လျှော့ချရေး အစီအစဉ်များမှာ အလုပ်သမားကိုယ်စားလှယ်တို့၏ အပြင်းအထန် ဆန့်ကျင်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
အလုပ်သမားကိုယ်စားလှယ်များသည် Volkswagen ကုမ္ပဏီ၏ ကြီးကြပ်ရေးဘုတ်အဖွဲ့တွင် ထက်ဝက်နီးပါး နေရာယူထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: A very serious situation’: Volkswagen could close plants in Germany for the first time in history (finance)
Photo Credit- Kristian Bocsi/ Bloomberg/ Getty Images