• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ကမ္ဘာ့ဈေးကွက်တွင် EV ဝယ်လိုအား ကျဆင်းနေမှုကြောင့် Ford ကုမ္ပဏီက လျှပ်စစ်ကားများ ထုတ်လုပ်မှု လျှော့ချကာ ဆီကားများ ထုတ်လုပ်ရေးဘက်သို့သာ ပြန်လည်ဦးတည်လာ

ကမ္ဘာ့ဈေးကွက်တွင် EV ဝယ်လိုအား ကျဆင်းနေမှုကြောင့် Ford ကုမ္ပဏီက လျှပ်စစ်ကားများ ထုတ်လုပ်မှု လျှော့ချကာ ဆီကားများ ထုတ်လုပ်ရေးဘက်သို့သာ ပြန်လည်ဦးတည်လာ

  • 249 views

လက်ရှိအားဖြင့် လျှပ်စစ်ကား ဝယ်လိုအားမှာ ကားထုတ်လုပ်သူများ မျှော်မှန်းထားသည့်ပမာဏမရှိဘဲ အားနည်းနေသည်။

Ford ကုမ္ပဏီသည် လျှပ်စစ်ကား ထုတ်လုပ်မှုပိုင်းကို လျှော့ချပြီး ICE ကားများ ထုတ်လုပ်ရေးဘက် ပြန်ဦးတည်လာကြောင်း နယူးယောက်တိုင်းမ် သတင်းစာကြီးက ဖော်ပြသည်။

(ဘာတွေဖြစ်နေသလဲ))

Ford ကုမ္ပဏီသည် EV ကားများကို ယခင်ကထက် ပိုမိုထုတ်လုပ်မည့် အစီအစဉ်ရှိသော်လည်း ကနေဒါနိုင်ငံ၊ အွန်တေရီယိုပြည်နယ်၊ Oakville မြို့ရှိ စက်ရုံတွင် လျှပ်စစ်ပြိုင်ကားများ ထုတ်လုပ်မှုမှ ဆီသုံး ထရပ်ကားများ ထုတ်လုပ်မှုဘက်သို့ ပြောင်းလဲထုတ်လုပ်တော့မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ကြေညာလာသည်။

General Motors ကုမ္ပဏီက ၂၀၂၄ ခုနှစ်အတွင်း လျှပ်စစ်ကား အစင်းရေ ၅၀၀၀၀ ထုတ်လုပ်ရန် ရည်မှန်းထားမှုကို လျှော့ချသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း Ford ကုမ္ပဏီ၏ ထုတ်ပြန်ချက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဝယ်လိုအားထက် ပိုမိုထုတ်လုပ်မိမည်ကို ကားထုတ်လုပ်သူတို့က စိုးရိမ်နေသည်။

“ကိုဗစ်ကပ်ဘေးနောက်ပိုင်း EV ဝယ်လိုအား တက်ရိပ် ကြီးကြီးမားမားရှိခဲ့ပါတယ်။ အဲဒီ လားရာအတိုင်း ဆက်ရှိနေမယ်လို့ ကားထုတ်လုပ်သူအများအပြားက တွေးထင်နေကြတယ်လို့ ကျွန်တော်ထင်ပါတယ်။” ဟု AlixPartners ၏ မန်နေးဂျင်းဒါရိုက်တာ Arun Kumar က နယူးယောက်တိုင်းမ်သို့ ပြောသည်။

“ဒါပေမယ့် တကယ့်လက်တွေ့မှာက ဒီလိုမဟုတ်ပါဘူး။ ဒါကြောင့် ICE မှာ ဈေးကွက်ဝေစု ဆုံးရှုံးမသွားအောင် ကြိုးပမ်းဖို့ လိုအပ်ပါတယ်”

နယူးယောက်တိုင်းမ်၏ ဖော်ပြချက်အရ ၂၀၂၄ ခုနှစ်၊ ပထမ ၃ လပတ်အတွင်း EV အစင်းရေ ၂၆၉၀၀၀ ရောင်းချခဲ့ရသည်ဟု ဆိုသည်။

သို့သော် ထိုပမာဏမှာ ၂၀၂၃ ခုနှစ် ပထမ ၃ လပတ်နှင့်ယှဉ်လျှင် ရောင်းအား ၇ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်။

EV ဝယ်လိုအားမှာ မျှော်မှန်းထားသလောက်ဖြစ်မလာဘဲ နှေးကွေးနေသည်။
ယင်းသို့ ဖြစ်ရခြင်း၏ အကြောင်းရင်း တစိတ်တဒေသမှာ အတိုးနှုန်းမြင့်မားမှု၊ စီးပွားရေး မရေရာမှုနှင့် ကားဝယ်သူတို့က Hybrid များကို ပိုမိုနှစ်သက်လာကြမှုတို့ကြောင့်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

နိုင်ငံတဝန်းရှိ အများပြည်သူ လျှပ်စစ်ကား အားသွင်းစခန်းများနှင့် ပတ်သက်သည့် မရေရာမှုတို့ကြောင့်လည်း EV ဝယ်လိုအား နည်းပါးသွားရခြင်း ဖြစ်သည်။

Wired ၏ ဖော်ပြချက်အရ အမေရိကန်ပြည်တဝန်းတွင် အားသွင်းစခန်း ၁၈၈၆၀၀ ရှိသည်ဟု ဆိုသည်။

သို့သော် တစ်နိုင်ငံလုံးရှိ ဆီကားအားလုံးကို လျှပ်စစ်ကား ပြောင်းလဲသုံးစွဲရန်အတွက်ဆိုပါက အားသွင်းစခန်း ၁၃၄ သန်း လိုအပ်မည်ဖြစ်ရာ လက်ရှိပမာဏမှာ များစွာ အလှမ်းဝေးနေသေးသည်။

အများပြည်သူအသုံးပြုရန်ထားရှိသော အားသွင်းစခန်းတို့မှာ လူရမ်းကားတို့၏ လက်သရမ်းရာနေရာ၊ ကြေးဝိုင်ယာကြိုးများ ခိုးယူကြသည့်နေရာဖြစ်လာလျက်လည်း ရှိနေသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: What Ford's surprise canceling of EV production in favor of 'profitable' ICE vehicles means for industry: 'Thought that growth was going to continue' (thecooldown)