ထိုင်းတွင် အတိတ်နိမိတ်ကောင်းသော အထူးကားနံပါတ် ၄၉ ခုကို အစိုးရက လေလံတင်ရောင်းချရာ ဘတ်ငွေ သန်း ၆၀ ကျော် ရရှိ

  • 148 views


ထိုင်း ကုန်းလမ်းပို့ဆောင်ရေးဌာနက အထူးကားနံပါတ်ပြား ၄၉ ခုကို လေလံတင်ရောင်းချရာ ဘတ်ငွေ ၆၁ သန်းရရှိခဲ့ကြောင်း The Nation သတင်းဌာနက ဖော်ပြသည်။

ထိုနံပါတ်ပြားများတွင် အတိတ်နိမိတ်ကောင်းကာ မင်္ဂလာရှိသည့် စကားလုံးများဖြစ်သော ‘အောင်မြင်ခြင်း’ ‘ပွပေါက်တိုးခြင်း’ အစရှိသည့် စာလုံးများ ပါဝင်သည်။

ကုန်းလမ်းပို့ဆောင်ရေးဌာန ညွှန်ကြားရေးမှူး ဂျီရု ဝိဆယ်လ်ကျိ (Jirut Wisaljit) က ပြောသည်မှာ စနေနေ့က ကျင်းပခဲ့သော လေလံပွဲတွင် စိတ်ဝင်စားသူ ကားပိုင်ရှင်များစွာပါဝင်ခဲ့ကြောင်း၊ မိမိတို့ဌာနအနေဖြင့် လိုင်စင် နံပါတ်ပြား ၄၉ ခုကို အောင်မြင်စွာ ရောင်းချပေးနိုင်ခဲ့ကြောင်း၊ အဆိုပါနံပါတ်ပြားများတွင် ကားပိုင်ရှင်တို့အား ကံကောင်းမှုနှင့် အောင်မြင်မှု ဆောင်ကြဉ်းပေးနိုင်မည့် ထိုင်းစာလုံးများ ပါဝင်ကြောင်း ပြောသည်။

ပုံမှန်အားဖြင့် ထိုင်းနိုင်ငံရှိ ကားနံပါတ်ပြားတို့တွင် ထိုင်းအက္ခရာနှင့် နံပါတ်များ ပေါင်းစပ်ပါဝင်လေ့ရှိသည်။

ယခုအခါတွင်မူ ကုန်းလမ်းပို့ဆောင်ရေးဌာနက ကံကောင်းစေမည့် နိမိတ်ကောင်းသော စာလုံးများ ပါဝင်သည့် အထူးနံပါတ်ပြားများ ဖန်တီးထုတ်လုပ်ကာ ရောင်းချပေးခြင်းဖြစ်ပြီး လမ်း ဘေးကင်းလုံခြုံရေး ရန်ပုံငွေအတွက် ဘဏ္ဍာငွေ ရှာဖွေခဲ့ခြင်းလည်း ဖြစ်သည်။

ယခုလေလံတင်မှုမှာ မိမိတို့ဌာနအနေဖြင့် အထူးနံပါတ်ပြားများ အဌမအကြိမ်မြောက် လေလံတင်ခြင်းဖြစ်ပြီး နံပါတ်ပြား ၅ ခုမှာ လေလံဆွဲသူများပြားကာ ဈေးအများဆုံးရခဲ့ကြောင်းလည်း၎င်းက ပြောသည်။

 

လေလံပွဲတွင် ဈေးအများဆုံး ရခဲ့သည့် နံပါတ်ပြားများမှာ..

● Samret 1 (အောင်မြင်ခြင်း ၁) = လေလံဈေးပေးမှု ၂၁၂ ကြိမ်ရှိခဲ့ပြီး ဘတ်ငွေ ၅ ဒသမ ၀၄ သန်း ရရှိခဲ့

● Sabay 1 (ချမ်းမြေ့သာယာခြင်း ၁) = ဘတ် ၃ ဒသမ ၀၄ သန်း

● Munkong 1 (လုံခြုံမှု ၁) = ဘတ် ၃ ဒသမ ၀၄ သန်း

● Saksit 1 (အထွတ်အမြတ် ၁) = ဘတ် ၃ ဒသမ ၀၂ သန်း

● Larp 8888 (ပွပေါက်တိုးခြင်း ၈၈၈၈) = ဘတ် ၂ ဒသမ ၃၁ သန်း

အခြား နံပါတ်ပြားများမှာ ဘတ် ၁ သန်းကျော်စီ ရရှိခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

ယင်းတို့အနက် Sati 9999 (အသိတရား ၉၉၉၉) နံပါတ်ပြားမှာ ဘတ်ငွေ ၁ ဒသမ ၉၈ သန်း၊ Mungkorn 5 (နဂါး ၅) မှာ ဘတ်ငွေ ၁ ဒသမ ၇ သန်းနှင့် Kusol 9999 (ကောင်းမြတ်ခြင်း ၉၉၉၉) မှာ ဘတ်ငွေ ၁ ဒသမ ၅၃ သန်းတို့ဖြင့် လေလံအောင်မြင်ခဲ့ကြသည်။

အဆိုပါ နံပါတ်ပြားတို့မှာ အထူးဒီဇိုင်းထုတ်ထားပြီး သာမန်ကားနံပါတ်ပြားများကဲ့သို့ ဖောင်းကြွမဟုတ်ကြောင်း ညွှန်ကြားရေးမှူးက ပြောသည်။

ထိုနံပါတ်ပြားများကို လွှဲပြောင်းရောင်းချနိုင်သကဲ့သို့ အမွေဆက်ခံခွင့်လည်း ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

ထိုင်းနိုင်ငံရှိ အများပြည်သူ လမ်းမများ ဘေးအန္တရာယ်ကင်းရှင်း လုံခြုံစေရေးအတွက် ရန်ပုံငွေ ရှာဖွေခြင်းလည်း ဖြစ်သည်။

လေလံတင်ရရှိလာသောငွေကို Wheelchair များ (သို့မဟုတ်) လမ်းပေါ် အက်ဆီးဒင့်များတွင် ထိခိုက်ဒဏ်ရာရသူများအတွက် အသက်အန္တရာယ်ကာကွယ်ရေး ပစ္စည်းကိရိယာများ ဝယ်ယူရာတွင် အသုံးပြုမည်ဖြစ်ကြောင်းလည်း ညွှန်ကြားရေးမှူးက ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Auspicious Thai licence plates bring windfall of over RM7.6 million (nationthailand)