- ပင်မစာမျက်နှာ
- ကားသတင်းများ
- ကားတစ်စီး ၊ လူငယ်တစ်ယောက်နှင့် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၇၇၀၀၀
ကားတစ်စီး ၊ လူငယ်တစ်ယောက်နှင့် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၇၇၀၀၀
- 66 views
ရန်ဒီ ရိုဘလီရို၏ မိသားစု နေထိုင်သော တစ်ထပ်အိမ်ကလေး၏ အပြင်ဘက်တွင် သူ၏ ကုန်တင်ဗန်ကား ရပ်တန့်ထားသည်။
ကားပေါ်တွင် အနီ အပြာရောင်တို့ဖြင့် သူ၏ ကုမ္ပဏီအမည် Beyond Limits of Palm Beach ဟူ၍ ရေးသားထားသည်။ သူ၏ လုပ်ငန်းမှာ ဖလော်ရီဒါပြည်နယ် ၊ West Palm Beach တစ်ခွင်တွင် ကားတစ်စီးဖြင့် လိုက်လံကာ ကားပြင်ကားဆေး ပြုလုပ်ပေးခြင်း ဖြစ်သည်။
သူ၏ကားသည် ရွေ့လျား ကြော်ငြာဆိုင်းဘုတ်ကြီးတစ်ခုလည်း ဖြစ်ကြောင်း ရန်ဒီက ပြောသည်။
ဤကားသည် သူ့ရုံးခန်းလည်း ဖြစ်၏။ကားထဲတွင် ကားပြင်ကားဆေး လုပ်ငန်းအတွက် လိုအပ်သည့် ပစ္စည်းအားလုံး ရှိသည်။မီးစက် ၁ လုံး ၊ ဂါလန် ၁၀၀ ဆန့် ရေစည်တစ်ခု ၊ ပရက်ရှာ ရေပိုက် ၊ Shop-Vac ဖုန်စုပ်စက် ၊ ကားပေါ်လစ် ပစ္စည်းများနှင့် ကားဆေးပစ္စည်းများစွာ အပါအဝင် ဖြစ်သည်။
အသက် ၂၂ အရွယ်ရှိ ရန်ဒီသည် သူ၏ ဗန်ကားဖြင့် တစ်ပတ်လျှင် ၆ ရက် ၊ တစ်ရက်လျှင် ၃ နာရီမှ ၄ နာရီ ဖောက်သည်များကို ဝန်ဆောင်မှုပေးသည်။ဖလော်ရီဒါ၏ အပူဒဏ်ကို ရှောင်လွှဲရန်အတွက် မနက် ၇ နာရီခွဲ ခန့်တွင် အလုပ်စလေ့ရှိပြီး မွန်းလွဲချိန်အထိ အလုပ်လုပ်သည်။
ရန်ဒီသည် အပိုဝင်ငွေရှာသည့်အနေဖြင့် ကားဆေးသည့်အလုပ်ကို အသက် ၁၈ နှစ်အရွယ်တွင် စတင်လုပ်ကိုင်ခဲ့သည်။၂၀၂၁ ခုနှစ်တွင်မူ ကိုယ်ပိုင်အလုပ်တစ်ခု အချိန်ပြည့်လုပ်ရန် သတ္တိရှိလာချိန်တွင် ဗန်ကားတစ်စီး ဝယ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ဒီကပြောသည်။
(ဖောက်သည်တစ်ဦး၏ ကားကို ရန်ဒီ ကားဆေးပေးနေပုံ။ ဓာတ်ပုံ-CNBC Make it)
သူ၏ ဆုံးဖြတ်ချက်မှာ အလွန်တာသွားခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် လေယာဉ်ပြင်ဆင်ရေးကုမ္ပဏီတစ်ခု၌ တစ်နာရီလျှင် ဒေါ်လာ ၂၀ ရသော entry-level စာရင်းကိုင်အလုပ်မှထွက်ကာ အပိုဝင်ငွေရရန် လုပ်ကိုင်နေသော ကားဆေးကားပြင်အလုပ်ကို အချိန်ပြည့်လုပ်ကိုင်ခဲ့ရာ ထိုနှစ်အတွင်း ဝင်ငွေ ဒေါ်လာ ၅၁၀၀၀ ရရှိခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ရန်ဒီသည် ဖောက်သည်များ ပိုမိုရရှိလာပြီး ကားပြင်ဆင်မှုဆိုင်ရာ ဗွီဒီယိုများကို သူ၏ YouTube ချန်နယ်တွင် တင်ခဲ့ခြင်းမှလည်း ဝင်ငွေများ ရရှိလာခဲ့သည်။သူသည် ယခုနှစ်အတွင်း ဝင်ငွေ ဒေါ်လာ ၇၇၀၀၀ ရရှိမည့် အခြေအနေရှိရာ ယခင်အလုပ်ဟောင်းတွင်ရခဲ့သည့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၄၁၀၀၀ ထက် ၂ ဆနီးပါး ဖြစ်သည်။
(အပိုဝင်ငွေအလုပ်မှ ကိုယ်ပိုင်လုပ်ငန်းသို့)
ရန်ဒီသည် မြောက်ကာရိုလိုင်းနားပြည်နယ်၊ Bailey မြို့တွင် မွေးဖွားခဲ့သော်လည်း ဘဝအချိန်အများစုကို ဖလော်ရီဒါပြည်နယ်၊ West Palm Beach တွင် နေထိုင်ခဲ့သည်။သူ၏ မိဘများမှာ ဂွါတီမာလာနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ ၁၉၉၀ ပြည့်လွန်ကာလများအတွင်း စာရွက်စာတမ်းမရှိဘဲ ပြောင်းရွှေ့လာကြသူများ ဖြစ်သည်။
ဖခင်မှာ တောက်တိုမယ်ရ အလုပ်များလုပ်ကိုင်ပြီး မိခင်ကြီးမှာ ရန်ဒီ၊ ရန်ဒီ့အကို၊ ညီနှင့် အငယ်ဆုံး ညီမလေးတို့ကို ကျွေးမွေးစောင့်ရှောက်သည့် အိမ်ရှင်မတာဝန်များ လုပ်ရသည်။ ၎င်းတို့မိသားစုမှာ ငွေကြေးကျပ်တည်းလှသောကြောင့် ရန်ဒီမှာ အလယ်တန်းကျောင်းသားဘဝတွင် ပတ္တူဖိနပ်များရောင်းကာ အပိုဝင်ငွေရှာပေးခဲ့သည်။အထက်တန်းကျောင်းသားဘဝတွင် ရန်ဒီ၏ ဖခင်ဖြစ်သူက ၂၀၀၆ ခုနှစ်ထုတ် Nissan Altima ကားဟောင်း တစ်စီး ဝယ်ပေးခဲ့သည်။
ရန်ဒီက ကားဆေးပစ္စည်းအချို့ ၊ မိုက္ကရိုဖိုက်ဘာ ပုဝါများ ၊ ဘရပ်ရှ်များနှင့် Shop-Vac တစ်ခုတို့ ဝယ်ယူခဲ့ပြီး ကားအတွင်းအပြင် ဆေးကြောမှုလုပ်ငန်း စတင်လုပ်ကိုင်ခဲ့သည်။
(ရန်ဒီ ကလေးဘဝ ဓာတ်ပုံတစ်ခုကို မိခင်ဖြစ်သူက ကိုင်ပြထားပုံ။ ဓာတ်ပုံ-CNBC Make It)
ရန်ဒီက ဖခင်ဝယ်ပေးသောကားဖြင့် Palm Beach မြို့တွင် ပီဇာ ပို့ဆောင်ပေးသူ (Delivery Driver) အဖြစ် အချိန်ပိုင်းလုပ်ကိုင်ခဲ့သည်။Palm Beach သည် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ နာမည်ကျော် မာရာလာဂို စံအိမ်ကြီး တည်ရှိသော နေရာဖြစ်သည်။ရန်ဒီသည် နာရီအနည်းငယ် လုပ်ကိုင်ရသော အဆိုပါ အလုပ်မှ အပိုဘောက်ဆူးအပါအဝင် တစ်ရက်လျှင် ဒေါ်လာ ၁၀၀ ကျော် ရလေ့ရှိပြီး အများစုကို စုဆောင်းထားသည်။၂၀၁၉ ခုနှစ်တွင် အထက်တန်းကျောင်း အောင်မြင်ခဲ့ပြီးနောက် Palm Beach State ကောလိပ်တွင် တက်ရောက်ခဲ့သည်။ သို့သော် Semester ၂ ခုသာ တက်ခဲ့သည်။
“ကောလိပ်ဟာ ကျွန်တော်ရဲ့နေရာ မဟုတ်ဘူးဆိုတာ သဘောပေါက်လာပါတယ်။”
ရန်ဒီသည် ကျောင်းထွက်လိုက်ပြီး လေယာဉ် ပြင်ဆင်ရေး ကုမ္ပဏီတွင် အချိန်ပြည့်အလုပ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။သို့သော် သူက ကိုယ်ပိုင်အလုပ်လုပ်ရန် အမြဲတွေးတောနေခဲ့သည်။၂၀၂၀ မေလတွင် သူ၏ စိတ်ကူးအတိုင်း အကောင်အထည် ဖော်ခဲ့သည်။
စုဆောင်းထားငွေ ဒေါ်လာ ၂၅၀၀ ဖြင့် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူကာ သူ၏ ကုမ္ပဏီကို ကြော်ငြာရန် အင်စတာဂရမ် ၊ ဖေ့စ်ဘုတ်နှင့် Google My Business အကောင့်များ ဖွင့်လှစ်ခဲ့သည်။အစပိုင်းကာလများတွင် သူ၏ဖောက်သည် ၄ ပုံ ၁ ပုံခန့်မှာ သူငယ်ချင်းများနှင့် မိသားစုဝင်များဖြစ်ပြီး ကျန်လူများမှာ သူ၏ လူမှုကွန်ရက်အကောင့်များမှတစ်ဆင့် ရရှိလာခဲ့ခြင်း ဖြစ်သည်။
(ရန်ဒီ အလုပ်လုပ်နေပုံ။ ဓာတ်ပုံ-CNBC Make It)
(ရန်ဒီ အလုပ်လုပ်နေပုံ။ ဓာတ်ပုံ-CNBC Make It)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: 22-year-old is on track to make $77,000 a year from his side hustle turned business—without a college degree (cnbc)