တောင်အာဖရိကတွင် အမျိုးသားတစ်ဦးကို Mercedes E500 နှင့်အတူ မြေမြှုပ်သဂြိုဟ်ခဲ့ပုံ

  • 101 views

Man-buried-in-his-car.jpg

တောင်အာဖရိကမှ အထင်ကရ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ရှကိ ဘတ်ဖ်တန် ပစ်ဆို (Tshekede Bufton Pitso) ကွယ်လွန်သွားချိန်တွင် ၎င်းမှာကြားထားသည့်အတိုင်း သူမြတ်နိုးသော Mercedes ကားနှင့်အတူ မြေမြှုပ်သဂြိုဟ်ပေးခဲ့သည်။

ပစ်ဆိုသည် စည်းလုံးသော ဒီမိုကရက်တစ် လှုပ်ရှားမှု (UDM) ပါတီ၏ ခေါင်းဆောင်ဟောင်း ဖြစ်သည်။ ပစ်ဆိုသည် ၎င်းအလွန်မြတ်နိုးသော ၁၉၉၀ ပြည့်လွန်ကာလများက ထုတ်လုပ်ခဲ့သည့် တစ်ပတ်ရစ် Mercedes E500 limousine ရှိရာသို့ သွားနေစဉ် ရုတ်တရက်လဲကျသွားခဲ့ခြင်း ဖြစ်သည်။၎င်း၏ နောက်ဆုံးခရီးတွင် သမားရိုးကျ ခေါင်းတလားအစား သူ့ဆန္ဒအတိုင်း Mercedes ကားထဲတွင် ထိုင်လျက်အနေအထားဖြင့် မြေမြှုပ်ပေးခဲ့သည်။

Man-buried-in-his-Mercedes-Facebook.jpg

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သူ ပစ်ဆိုသည် Mercedes ကားမော်ဒယ်အားလုံးရှိသော သူ၏ ကားဂိုဒေါင်နှင့် စပ်လျဉ်းပြီး အလွန်ဂုဏ်ယူခဲ့သူဖြစ်သည်ဟု ဆိုသည်။သို့သော် နောက်ပိုင်းတွင် စီးပွားကျသွားသောကြောင့် ပစ်ဆိုမှာ ကားအားလုံးကို ရောင်းထုတ်လိုက်ရပြီး တစ်ပတ်ရစ် E500 တစ်စင်း ဝယ်ယူခဲ့ရသည်။ထိုကားမှာလည်း ပျက်သွားခဲ့ပြီး မောင်းမရတော့။သို့သော် ပစ်ဆိုကာ ကားထဲတွင် ထိုင်ကာ ကားရေဒီယိုကိုဖွင့်ကာ နားထောင်လေ့ရှိခဲ့သည်။

Mercedes သည် ကမ္ဘာပေါ်တွင် မိမိအနှစ်သက်ဆုံးအရာဖြစ်ပြီး မိမိ၏ နောက်ဆုံးအချိန်သို့ ရောက်လာပါက ကားနှင့်အတူ မြေမြှုပ်ပေးရန် မိသားစုကို မှာကြားထားခဲ့သည်။ပစ်ဆို ကွယ်လွန်ခဲ့သည့်အချိန်မှာ ကိုဗစ်ကပ်ဘေး ပျံ့နှံ့နေချိန်ဖြစ်သော်လည်း ၎င်း၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သူ အများအပြားရှိခဲ့သည်။

Man-buried-in-his-Mercedes.jpg

“ကားထဲမှာ ထိုင်လျက်အနေအထားနဲ့ မြေမြှုပ်ပေးရတာ တစ်ခါမှ မကြုံဖူးပါဘူး။ ဒါက လုပ်ရတာ တော်တော်ခက်ပါတယ်” ဟု Phomolong Funeral Parlor နာရေးလုပ်ဆောင်ပေးသော ကုမ္ပဏီ၏ ဒါရိုက်တာ Thabiso Mantutle က ပြောသည်။

ဓာတ်ပုံများတွင် တွေ့မြင်ရမှုအရ ပစ်ဆိုကို ၎င်းချစ်မြတ်နိုးသော Mercedes ကား၏ ယာဉ်မောင်းခုံတွင် ထားရှိပြီး ခါးပတ်ပတ်ပေးထားကာ လက်နှစ်ဖက်ကို စတီယာရင်ပေါ်တွင် ထားရှိပေးထားသည်။ထိုကားကို လူတစ်အုပ်က မြေတူးစက်ဖြင့် တူးထားသော ၈ ပေနက်သည့် ကျင်းထဲသို့ ဖြေးညင်းစွာ ထိန်းချခဲ့ရသည်။

Man-buried-in-his-car-facebook.jpg

“အဖေက အရင်တုန်းက ချမ်းသာကြွယ်ဝတဲ့ လုပ်ငန်းရှင်တစ်ယောက်ပါ။ သူ့မှာ Mercedes တွေ အများကြီး ရှိခဲ့တယ်။ ဒါပေမယ့် စီးပွားကျတဲ့အချိန်ရောက်သွားပြီးတဲ့နောက် တစ်စင်းမှ မရှိတော့ဘူး” ဟု ပစ်ဆို၏ သမီးဖြစ်သူ Sefora Letswaka က ပြောသည်။

“ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတော့ တစ်ပတ်ရစ် Mercedes Benz တစ်စင်း ဝယ်ခဲ့တယ်။ မကြာဘူး အဲ့ကား ပျက်သွားပြီး မောင်းမရတော့ဘူး။ ဒါပေမယ့် သူက အိမ်ပြင်မှာ အဲ့ကားထဲမှာပဲ နေထိုင်နေတတ်တယ်။ မောင်းလို့မရပေမယ့် ဒီကားရဲ့ စတီယာရင်နောက်မှာ ထိုင်နေရရင် သူက ပျော်နေတာပါပဲ”

Man-buried-in-his-car.jpg

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Politician Buried in His Beloved Mercedes (guardian)